ylliX - Online Advertising Network
စစ်ကိုင်းမှအရပ်သားတို့ကို စစ်ရေးအတွက် ခိုင်းစေရန် ဒုစစ်ခေါင်းဆောင်အမိန့်ပေး - Myanmar Now

စစ်ကိုင်းမှအရပ်သားတို့ကို စစ်ရေးအတွက် ခိုင်းစေရန် ဒုစစ်ခေါင်းဆောင်အမိန့်ပေး – Myanmar Now


စစ်ကိုင်းတိုင်းအထက်ပိုင်းမှ ပင်လည်ဘူးမြို့ကို တော်လှန်ရေးအင်အားစုထံ လက်လွှတ်ခဲ့ရပြီးနောက် ဒေသတွင်းမှအရပ်သားများကို အခြေခံစစ်သင်တန်းပေးပြီး စစ်တပ်အတွက် လုံခြုံရေးနှင့်သတင်းစုဆောင်းပေးသည့်တပ်ဖွဲ့ အမြန်ဖွဲ့ရန် ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်းက အမိန့်ပေးလိုက်သည်။

ပင်လည်ဘူးကျသွားအပြီး သီတင်းတစ်ပတ်အကြာ အောက်တိုဘာ ၁၄ ရက်နေ့က ထိုစစ်ဆင်ရေးကို ကိုင်တွယ်သည့် မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)သို့ ဒုစစ်ခေါင်းဆောင် အရေးပေါ်သွားရောက်ခဲ့ပြီး ယင်းအမိန့်ပေးခဲ့ခြင်းဖြစ်သည်။

“ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့” ဟုခေါင်းစဉ်တပ်ထားသည့် ထိုအဖွဲ့သည် အရပ်သားများကို အခြေခံစစ်သင်တန်းပေးပြီး တော်လှန်ရေးတပ်များ၏ လှုပ်ရှားမှုများကို စစ်တပ်ထံ သတင်းပို့ခြင်း၊ စစ်သားများအစား ကင်းစောင့်ခြင်း စသည့်လုပ်ငန်းများတွင် စေခိုင်းမည်ဟု စစ်တပ်က ကြေညာထားသည်။ အဆိုပါအရပ်သားများကို လက်နက်နှင့် လစာငွေ ပေး၊ မပေးကိုမူ စစ်ကောင်စီက တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ပြည်သူ ပူးပေါင်းပါဝင်မှ လုံခြုံရေး ခိုင်မာအားကောင်းမည်ဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာအလိုက် ပြည်သူ့လုံခြုံနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းရန်နှင့် ပြည်သူပါဝင်ရေး စည်းရုံးရန် လိုအပ်ကြောင်း ဒုစစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်က ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်မှု အဖွဲ့ကို စစ်ကောင်စီက ဖွဲ့စည်းလိုက်ပြီးနောက်  အသက် ၃၅ နှစ်မှ ၆၀ ကြား အမျိုးသားများကို အတင်းအကျပ် လုံခြုံရေး ကင်းစောင့်ခိုင်းမည့် “ပြည်သူ့လုံခြုံရေး စနစ်”ဟု အမည်ပေးထားသည့် အစီအစဉ်ကို စတင်ရန် စစ်တပ်က စိုင်းပြင်းနေသည်။ 

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်နေရသည့် စစ်တပ်သည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ သုံးနှစ်မှ ငါးနှစ်ကြာ မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက်သွင်း ခဲ့ပြီးနောက် နှစ်လယ်ပိုင်းတွင် ပြည်သူ့လုံခြုံရေးစနစ်ကို စတင်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။ 

ဒုကာကွယ်ရေး ဦးစီးချုပ် စိုးဝင်း၏ နမခ ခရီးစဉ်အတွင်း စစ်ကောင်စီတပ်ရင်းနှစ်ခု အခြေစိုက်သည့် ဝန်းသိုတပ်နယ်မှ တပ်ဖွဲ့ဝင်များ၊ မိသားစုများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ် ပြန်သည်။ 

တပ်မ ၃၃ လက်အောက်ခံ ခြေလျင်တပ်ရင်း ၁၁၁ နှင့် ခြေမြန်တပ်ရင်း ၁၁၂ တို့ အခြေစိုက်ရာ ဝန်းသို မြို့သည် စစ်တပ်လက်လွှတ်ဆုံးရှုံးခဲ့ရသော ပင်လည်ဘူးမြို့ အရှေ့ဘက် မိုင် ၄၀ ခန့် သာကွာဝေးသည်။  

ဒုစစ်ခေါင်းဆောင်၏ နမခ ခရီးစဉ်မှာ ပင်လည်ဘူးမြို့ကို ပြန်လည်ထိုးစစ် သိမ်းပိုက်နိုင်ရေး  အနီးကပ် ညွှန်ကြားရန် ဖြစ်နိုင်သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်ကသုံးသပ်သည်။ 

ကောလင်း၊ ဝန်းသို၊ ဖောင်းပြင်၊ ဗန်းမောက်တို့နှင့် ထိစပ်နေပြီး ဧရာဝတီမြစ်ဝှမ်း နှင့် ချင်းတွင်းမြစ်ဝှမ်း ဆက်သွယ်ထားရာ လမ်းကြောင်းပေါ်ရှိ မဟာဗျူဟာကျသည့် ပင်လည်ဘူးမြို့ကို သိမ်းပိုက်နိုင်ခြင်းက စစ်တပ်၏ အရေးပါသည့် ခံစစ်လိုင်းတစ်ခု ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ 

ပင်လည်ဘူးမှ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အားပေးစကားပြောရန်နှင့် ဝန်းသို မြို့တွင် ခံစစ်ပြင်ဆင် အင်အားစုဖွဲ့ရေး ဖြစ်နိုင်ကြောင်း CDM ဗိုလ်ကြီး ကောင်းသူဝင်းက သုံးသပ် သည်။ 



ပင်လည်ဘူးမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီးနောက် ထိုနေ့နံနက်ပိုင်းက မြို့အနှံ့ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း တော်လှန်ရေးအင်အားစုများက မြို့ကို ထိန်းချုပ်ထားပြီး မိုင်းနှင့်အပျက်အစီးများကို ရှင်းလင်းနေကြောင်း တော်လှန်ရေး အင်အားစုထံမှသိရသည်။ 

ပင်လည်ဘူးမြို့ကို ဦးတည်သည့် စစ်ကောင်စီစစ်ရေးလှုပ်ရှားမှုကို မတွေ့ရသေးဟု NUG ၏ အမှတ် ၁ စစ်ဒေသကွပ်ကဲရေးအဖွဲ့ဝင်၊ သတင်းပြန်ကြားရေး တာဝန်ခံ ကိုဩဇာက ပြောသည်။ 

“ရန်သူ့လှုပ်ရှားမှုကတော့ လောလောဆယ်တော့ မရှိသေးဘူး။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ကတော့ မြို့တွင်းမြို့ပြင် ဝင်ရောက်လာနိုင်တဲ့ နေရာတွေအားလုံးကို  ပိတ်ဆို့ပြီးတော့ လုံခြုံရေးအစီအမံတွေ ချမှတ်ထားပါတယ်”ဟု ကိုဩဇာက ပြောသည်။ 

လနှင့်ချီ တိုက်ပွဲပြင်းထန်ခဲ့သည့် ပင်လည်ဘူးမြို့တွင် လေကြောင်းတိုက်ခိုက်မှု၊ စစ်တပ်၏ မီးရှို့ဖျက် ဆီးမှု၊ ပစ်ကွင်းရှင်းလင်းစေရန် ဘူဒိုဇာဖြင့် ထိုးဖျက်မှုတို့ကြောင့် နေအိမ်၊ ဌာနဆိုင်ရာ ရုံးများ၊ ဆက်သွယ်ရေး၊ လျှပ်စစ်မီးအပါအဝင် အခြေခံဆောက်အဦးများ ပျက်စီးမှုများပြားခဲ့သည်ဟု ကိုဩဇာက ဆိုသည်။ 

တော်လှန်ရေးအင်အားစု သိမ်းပိုက်ထားသည့် ပင်လည်ဘူးမြို့ကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အောက်တိုဘာ ၁၀ ရက်နေ့တွင် မြေပြင်ကွင်းဆင်းခဲ့ပြီး လက်နက်ချစစ်သုံ့ပန်းများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ထားသည်။ 

လက်နက်ကိုင်ခုခံမှုအားကောင်းရာ စစ်ကိုင်းတိုင်းတွင် မြို့ပေါင်း ၅၀ ကျော်ရှိသည့်အနက် စစ်ကိုင်းတိုင်း အထက်ပိုင်း ခမ်းပတ်၊ ရွှေပြည်အေး၊ မြို့သစ်၊ မော်လူးနှင့် ပင်လည်ဘူးမြို့တို့ကို တော်လှန်ရေးအင်အား စုက တိုက်ခိုက်သိမ်းပိုက်ထားသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *