ဗီယက်နမ်နိုင်ငံအနောက်မြောက်ပိုင်းရှိ တောင်ပေါ်မြို့လေး ဆားပါးက ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းတွေ၊ ထူးခြားတဲ့ ရိုးရာဓလေ့တွေ၊ တိုင်းရင်းသားကျေးရွာတွေကြောင့် နာမည်ကျော်ပါတယ်။ ဆားပါးရှိ တိုင်းရင်းသားကျေးရွာတွေအနက် အလှဆုံးကတော့ ကတ်ကတ်ကျေးရွာ (Cat Cat Village) ပဲဖြစ်ပါတယ်။ စိမ်းစိုလှပတဲ့တောတောင်တွေ၊ လှေကားထစ်စိုက်ခင်းတွေနဲ့ တိမ်ပင်လယ်တွေကြားတည်ရှိလို့ ဆားပါးသွားလည်သူတိုင်း အရောက်သွားသင့်တဲ့ ကျေးရွာလေးပါ။ တောင်ပေါ်ကျေးရွာဖြစ်တဲ့အလျှောက် တစ်နှစ်ပတ်လုံး အေးမြနေလို့ ဘယ်ရာသီမဆို သွားလာရ အဆင်ပြေပါတယ်။
၂၀ ရာစုအစောပိုင်းက ပြင်သစ်လူမျိုးတွေက ဒီကျေးရွာနေရာကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ရှုခင်းသာယာလွန်းလို့ အပန်းဖြေနေရာအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ရွာမှရှိတဲ့ CatScat ရေတံခွန်နာမည်ကို အမှီပြုပြီး Cat Cat ကျေးရွာလို့ အမည်မှည့်ခေါ်ခဲ့ကြတာပါ။ ကတ်ကတ်ရွာမှာ ဆားပါးရှိ တိုင်းရင်းသားတွေအနက် လူဦးရေအများဆုံးဖြစ်တဲ့ မှုန်တိုင်းရင်းသားလူမျိုးတွေနေထိုင်ပါတယ်။ ရွာသူရွာသားတွေအနေနဲ့ လှေကားထစ်စိုက်ခင်းတွေမှာ စပါးစိုက်ကြသလို ချည်ထည်နဲ့ ဘရိုကိတ်စတွေလို ရိုးရာအဆင်တွေကို ရက်လုပ်ကြ၊ လက်မှုပစ္စည်းတွေ ပြုလုပ်ကြပါတယ်။
ကတ်ကတ်ရွာက မြို့နဲ့အနီးဆုံး၊ သွားရအလွယ်ဆုံးကျေးရွာလည်းပဲဖြစ်ပါတယ်။ မြို့ထဲကနေ ၃ ကီလိုမီတာလောက်သာ သွားရပါတယ်။ လမ်းလျှောက်သွားနိုင်သလို၊ စက်ဘီး၊ ဆိုင်ကယ်၊ Taxi နဲ့လည်း သွားလို့ရပါတယ်။ ရွာဝင်ကြေး ၂၅၀၀၀ VND ပေးရပြီး မြေပုံလည်းပေးလို့ မြေပုံကြည့်ကာ ရွာထဲ ကိုယ့်ဘာသာကိုယ် လျှောက်သွားရ လွယ်ကူပါတယ်။ ရွာဖွင့်ချိန်ကတော့ နေ့စဉ်မနက် ၆ နာရီကနေ ည ၉ နာရီထိပါ။ ရွာမဝင်ခင်မှာ တိုင်းရင်းသား ရိုးရာဝတ်စုံငှားတဲ့ဆိုင်တွေရှိလို့ ငှားဝတ်လို့ရပါတယ်။
ကတ်ကတ်ရွာက Muong Hoa တောင်ကြားရဲ့ အောက်ခြေမှာရှိလို့ ရွာဆီကိုရောက်ဖို့ ကျောက်ခင်းထားတဲ့ တောင်ဆင်းလမ်းအတိုင်း မိနစ် ၂၀ လောက်လျှောက်ရပါတယ်။ လမ်းတစ်လျှောက် ရိုးရာသစ်သားအိမ်တွေ၊ ဆိုင်ခန်းတွေ၊ ဓာတ်ပုံရိုက်စရာနေရာတွေ၊ စားသောက်ဆိုင်တွေရှိပါတယ်။
လမ်းအဆုံးမှာတွေ့ရတဲ့ ရွာလေးက ရေတံခွန်နဲ့ စမ်းချောင်းဘေးတစ်လျှောက်ရှိကာ အလွန်ချစ်ဖို့ကောင်းပါတယ်။ ရွာလယ်က ရေတံခွန်ကြီးက ဆားပါးမှာ အလှဆုံး သဘာဝနေရာပါ။ စမ်းချောင်းလေးကို ဖြတ်ဆောက်ထားတဲ့ တံတားတွေကနေ ဓာတ်ပုံရိုက်လို့ သိပ်လှပါတယ်။
ရွာထဲမှာ အေးဆေးအနားယူဖို့နေရာတွေ၊ ဓာတ်ပုံရိုက်ချင်စရာနေရာတွေ များစွာရှိပါတယ်။ ရွာလယ် စမ်းချောင်းဘေးမှာ ဝါးနဲ့ဲပြုလုပ်ထားတဲ့ ဧရာမဘီးကြီးတွေ ရေအားနဲ့လည်ပတ်နေတာကိုလည်း တွေ့ကြမှာပါ။ ရွာသူရွာသားတွေ ဆန်ဖွတ်ဖို့အတွက် အသုံးပြုကြတာဖြစ်ပြီး ဧည့်သည်တွေ လွန်စွာသဘောကျကြပါတယ်။
ရွာမှာ အိမ်ခြေပေါင်း ၈၀ နီးပါးရှိပြီး တောင်စောင်းမှာလည်း ပြန့်ကျဲနေထိုင်ကြပါတယ်။ ရွာထဲရှိ မှုန်ရိုးရာအိမ်တွေက သစ်နဲ့ကျောက်တုံးတွေနဲ့ ဆောက်လုပ်ထားကာ ထူးခြားတဲ့ ဗိသုကာလက်ရာ ရှိပါတယ်။ အိမ်အလယ်မှာ တံခါးမကြီးတစ်ပေါက်၊ ဘေးတစ်ဖက်တစ်ချက်မှာ တံခါးနှစ်ပေါက် စုစုပေါင်း တံခါး သုံးပေါက်ရှိပါတယ်။ တံခါးမကြီးကို မင်္ဂလာဆောင်၊ အသုဘနဲ့ အားလပ်ရက်တွေမှာသာ ဖွင့်လေ့ရှိတာပါ။ အိမ်တွေရဲ့ထူးခြားတဲ့အချက်တစ်ချက်က ရေအားအသုံးပြုထားတဲ့မော်တာတွေတပ်ဆင်ထားတာပါ။
ဧည့်သည်တွေအနေနဲ့ ရိုးရာဗိသုကာလက်ရာတွေအပြင် အထည်ရက်လုပ်တာ၊ လက်မှုပစ္စည်းတွေပြုလုပ်တာ၊ ရိုးရာအကနဲ့တေးဂီတတို့လို မှုန်ရိုးရာယဉ်ကျေးမှုတို့ကို ကြည့်ရှုလေ့လာနိုင်ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ဖုတ်ထားတဲ့ ကျွဲသား၊ ပြောင်းဖူးဝိုင်၊ ငါးရောင်ခြယ်ကောက်ညှင်း၊ မြင်းသားဟော့ပေါ့၊ နှမ်းမြစ်ယို၊ ကောက်ညှင်းကျည်ထောင့်တို့လို အရသာရှိ ရိုးရာအစားအစာတွေလည်း မြည်းစမ်းနိုင်ပါတယ်။ အေးဆေးနေလိုသူတွေအတွက် တိုင်းရင်းသားအိမ်တွေမှာ ညအိပ်ညနေတည်းခိုနိုင်သလို တည်းခိုခန်းတွေလည်း ရှိပါတယ်။
ဆားပါးမှာ ကတ်ကတ်ရွာအပြင် အခြားသွားလည်ပတ်စရာနေရာများစွာလည်း ရှိပါသေးတယ်။ Muong Hoa တောင်ကြား၊ Ham Rong တောင်၊ Fansipan တောင်၊ Ta Phin ကျေးရွာ၊ Thac Bac ရေတံခွန်၊ Moana ပန်းခြံတို့ကလည်း လှပတဲ့ရှုခင်းတွေကြောင့် နာမည်ကျော်နေရာတွေပဲ ဖြစ်ပါတယ်။
ဒေါက်တာနုမြတ်သိင်္ဂီဦး