မကြာသေးခင်ရက်များအတွင်း ရေပိုင်နက်ကျော်ပြီး ရောက်လာသော ရေလုပ်သား စုစုပေါင်း ၂၁ ဦး နေရပ်ပြန်နိုင်ရန် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ထံ ဆက်သွယ်လွှဲပြောင်းပေးခဲ့သည်ဟု အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။
AA ၏ ယမန်နေ့ (အောက်တိုဘာ ၁၄) ထုတ်ပြန်ချက်တွင် အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်းက
မောင်တောမြို့၊ ကျောက်ပန္ဒူကမ်းခြေအနီး တွေ့ရသော စက်လှေတစ်စင်းပေါ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား ၁၆ ဦးကို တွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။
ရေလုပ်သားများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ ကော့ဘဇားမြို့ရှိ ပါဟားတူလီအစ္စလာမ်ပူ (ခ) ရှားဟာ့နိုရိုနော်ဂေါ် ကျေးရွာမှ ၁၄ ဦးနှင့် ဖီးချားရီကကျေးရွာ မှ ၁ ဦး၊ တိုင်ကာနာမြို့ ဆားပြင်ပင်ဆိုးရီ ကျေးရွာမှ ၁ ဦးတို့ဖြစ်ကြသည်ဟု ဆိုသည်။
ထိုသူများသည် ပင်လယ်ဓားပြအတိုက်ခံရပြီး စွန့်ပစ်ခံထားရသူများဖြစ်ကာ ၎င်းတို့ကို ဆေးကုသပေးခဲ့သည်၊ ယမန်နေ့ (အောက်တိုဘာ ၁၄) ညနေတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Shaporir ဆိပ်ကမ်း၌ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ ထံ အပ်နှံခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
အဆိုပါ ရေလုပ်သား ၁၆ ဦးမှာ စက်တင်ဘာ ၂၈ ရက် နံနက်က ပင်လယ်ထဲ နှစ်ပတ်ကြာ ထွက်လာခဲ့ကြစဉ် အောက်တိုဘာ ၄ ရက် ညနေပိုင်းတွင် မော်တော်ဘုတ် ၃ စီးဖြင့် လူ ၆၀ ခန့်ပါသည့် အဖွဲ့၏ ဓားပြတိုက်ခြင်းကို ခံရသည်၊ ရိုက်နှက်လုယက်ခံရပြီး စက်လှေဝမ်းအတွင်း ပိတ်လှောင်ခံခဲ့ရသည်ဟု AA ထုတ်ပြန်ချက်က ဆိုသည်။
ရေလုပ်သား ၅ ဦး
အောက်တိုဘာ ၇ ရက်၊ နံနက် ၁၁ နာရီကျော်အချိန်တွင် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး နတ်မြစ်အတွင်း တွေ့ ရသည့် ငါးဖမ်းစက်လှေ ၂ စီးကို AA က ဖမ်းဆီးစဉ် တစ်စီးထွက်ပြေးသွားခဲ့ပြီး ကျန်တစ်စီးမှ ရေလုပ်သား ၅ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ၏ ညှိနှိုင်းတောင်းဆိုချက်အရ ထို ၅ ဦးကို နောက်နှစ်ရက်အကြာတွင် တက္ကနာ-မောင်တော ရေပြင်တစ်နေရာ၌ ခံဝန်ကတိလက်မှတ်ထိုး၍ ပြန်လွှတ်ပေးခဲ့ကြောင်း AA က အောက်တိုဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
AA ထံမှ ထို ၅ ဦးကို လက်ခံရယူခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) အမှတ် (၂)တက္ကနပ်ဖ်မှ တပ်ရင်းမှူး ဗိုလ်မှူးကြီး Md Mohiuddin Ahmed ကိုးကား၍ Dhaka Tribune သတင်းဌာနက ရေးသားထားသည်။
ယမန်နှစ် နိုဝင်ဘာ ၁၃ ရက်မှ စတင်၍ ရခိုင်တစ်ပြည်နယ်လုံး သိမ်းပိုက်နိုင်ရန် AA က ထိုးစစ်ဆင်ခဲ့ပြီး လက်ရှိတွင် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲမြို့နယ်များအပြင် အိန္ဒိယနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။
တစ်ပြိုင်တည်းမှာပင် AA အတွက် စစ်ရေး၊ နိုင်ငံရေးနှင့်စီးပွားရေးအတွက် အလွန်အရေးပါသော ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့ကို သိမ်းနိုင်လုနီးပါး ဖြစ်နေကာ မောင်တောရှိ လက်ကျန်တပ် အမှတ် ၅ နယ်ခြားစောင့်တပ်ခွဲ (နခခ-၅) ကို ထိုးစစ်အရှိန်မြှင့်နေပြီး ယမန်နေ့ကလည်း တိုက်ပွဲများပြင်းထန်နေ သည်ဟု သိရသည်။
AA ၏ နယ်မြေစိုးမိုးလာနိုင်မှုကို နယ်နမိတ်ချင်းထိစပ်နေသော ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒ်ိယတို့ဘက်ကလည်း သိရှိကြောင်း မကြာခဏ ထုတ် ဖော်ပြောဆိုနေကြသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနအကြံပေး Md Touhid Hossain က ရိုဟင်ဂျာများနေရပ်ပြန်နိုင်ရေး ဆောင်ရွက်နိုင်ရန်အတွက် ရခိုင်တွင် နယ်မြေအများစု စိုးမိုးထားနိုင်ပြီဖြစ်သော AA နှင့် ဆက်သွယ်ရန် လိုအပ်ကြောင်း စက်တင်ဘာလဆန်းက ဒေသတွင်းသတင်းဌာနများကို ပြောထားသည်။
နယ်ကျွံလာသည့် ရေလုပ်သားများ ၂ ကြိမ် ဖမ်းဆီးရမိမှုနှင့်ပတ်သက်သည့် AA ၏ ထုတ်ပြန်ချက်များ တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခ ကမ်းခြေစောင့်တပ်၊ ဘင်္ဂလားဒေ့ရှ် – အာရက္ခ နယ်စပ် အစရှိသည့် အသုံးအနှုန်းများတွေ့ရကာ နယ်စပ်တစ် လျှောက် နယ်မြေစိုးမိုးနိုင်လာသည့် အခြေအနေကို ဖော်ပြနေသည်။
နယ်စပ်ကုန်သွယ်ရေး
စစ်ကောင်စီသည် ရခိုင်ပြည်နယ်နှင့် ပြည်မအကြား ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ထားချိန်တွင် AA သည် အိန္ဒိယနှင့်ပူးပေါင်းကာ မီဇိုရမ်-ပလက်ဝ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း ယခုနှစ် ဇွန်လအတွင်းက ဖွင့်လှစ်ထားသည်။
ထိုလမ်းကြောင်းက ရခိုင်ပြည်နယ်အပြင် ချင်းတောင်ပိုင်း အတွက်ပါ အရေးပါသည်။
အလားတူ မြန်မာ – အိန္ဒိယ ကုလားတန်စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော လမ်းပိုင်းတစ်ခု ဖောက် လုပ်ရေးအတွက် မီဇိုရမ်ပြည်နယ်လွှတ်တော်အမတ်နှင့် AA တို့ နယ်စပ်တွင် ဖေဖော်ဝါရီ အတွင်းက တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။
ထိုလမ်းပိုင်းသည် မီဇိုရမ်ပြည်နယ်အရှေ့ပိုင်း လိုင်ရမ်၊ ဇိုရမ်ပူနှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ကို ဆက်သွယ်နိုင်ရေးအတွက် ဖောက်လုပ်နေသည့်လမ်းဖြစ်ပြီး ကုလားတန်မြစ်ကြောင်းဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းတွင် ပါဝင်သည်။
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှစ်ခုလုံးနှင့် နယ်စပ် ထိစပ်နေသည့် နယ်မြေများကို ထိန်းချုပ်ထားသည့် AA က ရခိုင်တစ်ပြည်နယ်လုံးကို သိမ်းမည်ဟု ကြွေးကြော်ထားပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
တရုတ်နိုင်ငံက AA ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့များကို ထိုးစစ်ရပ်ရန် ဖိအားပေးနေသော်လည်း AA က တိုက်ပွဲအရှိန် မလျှော့ဘဲ နယ်မြေများသိမ်းယူနိုင်ရေး ကြိုးပမ်းနေသည်။