ylliX - Online Advertising Network
ကဗျာဆရာနှင့် အတွေးအခေါ်သမားများ၏နိုင်ငံ ဂျာမနီ Germany

ကဗျာဆရာနှင့် အတွေးအခေါ်သမားများ၏နိုင်ငံ ဂျာမနီ Germany


ဂျာမနီနိုင်ငံသည် ဥရောပအလယ်ပိုင်းနှင့်အနောက်ပိုင်းတွင် တည်ရှိကာ နိုင်ငံပေါင်း ၉ခုနှင့် နယ်နိမိတ်ထိစပ်နေပါသည်။ အိမ်နီးချင်းနိုင်ငံများမှာ ပြင်သစ်၊ လူဇင်ဘတ်၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယမ်၊ ဆွစ်ဇာလန်၊ သြစတြီးယား၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ နယ်သာလန်နှင့် ပိုလန်နိုင်ငံဖြစ်ပြီး မြောက်ပိုင်းမှာ ဘယ်လ်တစ်ပင်လယ်၊ မြောက်ပင်လယ်တို့ တည်ရှိနေပါသည်။ ဂျာမနီနိုင်ငံ၏ သုံးပုံတစ်ပုံနီးပါးမှာ သစ်တောများဖြစ်ကာ လှပသော ကျေးလက်ဒေသများစွာ ရှိနေပါသည်။ အကြီးဆုံးနှင့် နာမည်အကျော်ဆုံးသစ်တောမှာ ဆွစ်ဇာလန်နယ်စပ်အနီးရှိ သစ်တောနက်ဖြစ်သည်။

ဂျာမနီသည် ဥရောပတွင်ပဉ္စမအကြီးဆုံးနိုင်ငံဖြစ်ပြီး ဧရိယာအားဖြင့် စတုရန်းကီလိုမီတာ ၃၅၇,၀၂၂ ကျယ်ဝန်းသည်။ ဂျာမနီနိုင်ငံတွင် ပြည်နယ်ပေါင်း ၁၆ ခုရှိပြီး မြို့တော်နှင့်အကြီးဆုံးမြို့မှာ ဘာလင်မြို့ဖြစ်ကာ ဖရန့်ဖက်မှာ စီးပွားရေးမြို့တော်ဖြစ်သည်။ လက်ရှိဂျာမနီလူဦးရေမှာ ၈၃သန်းရှိကာ ဥရာပတွင် ဒုတိယလူဦးရေအများဆုံးနိုင်ငံဖြစ်သည်။ ဂျာမန်ဘာသာစကားသည် ကမ္ဘာပေါ်တွင်တတိယအများဆုံး အသုံးပြုသော ဘာသာစကားဖြစ်ကာ ဂျာမနီ၊ ဆွစ်ဇာလန်၊ သြစတြီးယား၊ လူဇင်ဘတ်နှင့် လစ်(ချ်)တန်စတိုင်းနိုင်ငံတို့၏ တရားဝင်ဘာသာစကားဖြစ်သည်။

ဂျာမနီနိုင်ငံကို “ကဗျာဆရာနှင့် စဉ်းစားတွေးခေါ်သူများနိုင်ငံ” ဟုလည်း အမည်ပေးထားကြပါသည်။ ဂျာမန်များသည် အနုပညာအမျိုးအစားအားလုံး အထူးသဖြင့်ဂန္ထဝင်ဂီတတွင် ထင်ပေါ်ကျော်ကြားကြပါသည်။ ဂိုသေးလ်၊ ဘီသိုဗန်၊ ဝက်(ဂ်)နာကဲ့သို့ ကမ္ဘာကျော်ဂီတစာဆိုများမှာ ဂျာမန်လူမျိုးများဖြစ်သည်။ အနုပညာကိုဝါသနာပါကြသော ဂျာမန်လူမျိုးများအတွက် ပြတိုက်များ၊ အနုပညာပြခန်းများ များစွာရှိပါသည်။ ဂျာမန်များသည် အနုပညာအပြင် စာပေနှင့် ပညာရေးကိုလည်း အလေးပေးကြပါသည်။ ဂျာမနီတွင် ဂျာမန်နိုင်ငံသားများအတွက်သာမက ဂျာမနီနိုင်ငံတွင်နေထိုင်သည့် နိုင်ငံတကာကျောင်းသားများအတွက်ပါ ကောလိပ်ပညာရေး အခမဲ့ဖြစ်ပါသည်။ ဂျာမနီသည် စာအုပ်စာပေနှင့်ပတ်သက်လျှင် ထိပ်တန်းနိုင်ငံတစ်ခုဖြစ်ကာ နှစ်စဉ်စာအုပ်ပေါင်း ၉၄၀၀၀ ခန့်ကို ထုတ်ဝေနေပါသည်။ မဂ္ဂဇင်းကို စတင်ထုတ်ဝေခဲ့သည့်နိုင်ငံလည်းဖြစ်ကာ ဂျာမန်အိပ်ယာဝင်ပုံပြင်များမှာလည်း ကမ္ဘာကျော်ပါသည်။ စနှိုးဝှိုက်၊ ရက်ပန်ဇယ်ကဲ့သို့ လူကြိုက်များသောဇာတ်လမ်းများကို ဂျာမန်လူမျိုးများဖြစ်သည့် ဂရင်းညီနောင်က ဖန်တီးခဲ့ကြပါသည်။

ဂျာမန်များသည် ကမ္ဘာကျော်တီထွင်မှုများစွာကို ဖန်တီးခဲ့ကြပါသည်။ မီးသီး၊ အလိုအလျောက်ဂဏန်းတွက်စက်၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ ဓာတ်ဆီနှင့် ဒီဇယ်အင်ဂျင်များ၊ အင်ဆူလင် LCD မျက်နှာပြင်၊ ရွှေ့ပြောင်းနိုင်သော ပုံနှိပ်စက်နှင့် X-Ray တို့မှာ ဂျာမန်များ၏ တီထွင်မှုတချို့ဖြစ်ပါသည်။ ဂျာမနီသည် ကမ္ဘာပေါ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုရန် ရှေ့ပြေးဦးဆောင်နေသည့်နိုင်ငံဖြစ်သည်။ ဂျာမနီ၏ သုံးပုံတစ်ပုံနီးပါးသည် ဆိုလာပြားများနှင့် လေရဟတ်များကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကနေ စွမ်းအင်ထုတ်လုပ်အသုံးပြုနေကြပါသည်။

ဂျာမနီသည် အီးယူ၏စီးပွားရေးအဖွံ့ဖြိုးဆုံးနိုင်ငံဖြစ်ကာ GDP အားဖြင့် အမေရိကန်၊ တရုတ်နှင့် ဂျပန်နောက် ကမ္ဘာ့စတုတ္ထနေရာယူထားပါသည်။ ဂျာမနီသည် ကမ္ဘာ့အကြီးဆုံးကားထုတ်လုပ်သူများအနက် တစ်ခုဖြစ်ကာ ကမ္ဘာကျော်ဂျာမနီကားအမှတ်တံဆိပ်များမှာ Volkswagen၊ Audi၊ Mercedes နှင့် BMW တို့ဖြစ်သည်။ ဘီယာသည် ဂျာမနီ၏ အရေးပါသော အခန်းကဏ္ဏတွင် ပါဝင်နေပါသည်။ ကမ္ဘာ့ရှေးအကျဆုံး ဘီယာကုမ္ပဏီသည် ဂျာမန်တံဆိပ် Weihenstephan Abbey ဖြစ်ကာ ၁၀၄၀ ပြည့်နှစ်မှ ယခုထက်ထိ ဘီယာထုတ်လုပ်ဆဲဖြစ်သည်။ ဂျာမန်များသည် နှစ်စဉ်ဘီယာ ၁၀၄ လီတာကိုသောက်သုံးကာ ကမ္ဘာပေါ်တွင်အဆင့် ၄ နေရာတွင်ရှိသည်။ ဂျာမန်ဘီယာ အမှတ်တံဆိပ်ပေါင်း ၅၀၀၀ ကျော်ကို ထုတ်လုပ်သည့် ဘီယာချက်ကုမ္ပဏီပေါင်း ၁၂၀၀ ကျော်ရှိသည်။ မြူးနစ်မြို့တွင်ကျင်းပသည့် ဘီယာပွဲတော် Oktoberfest သည် ဂျာမနီနိုင်ငံ၏ ကမ္ဘာကျော်ပွဲတော်ဖြစ်ပါသည်။

တူးမြောင်းဆိုလျှင် အမ်စတာဒမ်မြို့၊ ဗင်းနစ်စ်မြို့များနှင့် တွဲမြင်လေ့ရှိသော်လည်း တကယ်တမ်း ကမ္ဘာပေါ်ရှိမည်သည့်မြို့တွင်မျှ ဂျာမနီမြို့တော် ဘာလင်ထက် တူးမြောင်းများ မများပါ။ ဘာလင်မြို့တွင် ရေပေါ်မြို့ ဗင်းနစ်ထက်ပင် တံတားများပိုများပါသည်။ ဂျာမနီတွင် ကမ္ဘာ့အကျဉ်းဆုံးလမ်းလည်းရှိကာ တစ်ပေမျှသာကျယ်ပါသည်။ ဂျာမနီနိုင်ငံ Ulm မြို့ရှိ Ulm Minster ဘုရားရှိခိုးကျောင်းသည် ကမ္ဘာ့အမြင့်ဆုံး ဘုရားရှိခိုးကျောင်းဖြစ်ကာ ဘာလင်မြို့ရှိ Zoologischer ဥယျာဉ်သည် ကမ္ဘာ့အကြီးဆုံးတိရစ္ဆာန်ရုံဖြစ်သည်။

Cologne ဘုရားရှိခိုးကျောင်းရှိရာ Cologne မြို့၊ သိပ္ပံနှင့်အနုပညာပြတိုက်များရှိပြီး ပွဲတော် Oktoberfest ကို တွေ့ကြုံနိုင်သည့် မြူးနစ်မြို့၊ နှင်းလျှောစီး၊ တောင်တက်နှင့် အပန်းဖြေအနားယူရန် အလွန်ကောင်းမွန်သည့် ဘာဗေးရီးယားနှင့် ဂျာမန်တောင်တန်းများ၊ ဂျာမနီ၏ အမြင့်ဆုံး Zugspitzeတောင်၊ သဘာဝတရားချစ်မြတ်နိုးသူများ သွားရောက်ရာ သစ်တောနက်၊ ရှုခင်းသာယာလှပပြီး ဧရာမခရစ္စမတ်ဆိုင်ကြီး တစ်နှစ်ပတ်လုံးဖွင့်လှစ်ထားသည့် အလယ်ခေတ်မြို့ Rothenburg ob der Tauber၊ ဂျာမနီနိုင်ငံမြောက်ပိုင်းရှိ ဂျာမနီ၏အကြီးမားဆုံးကျွန်း ရူဂျင်နှင့် သမိုင်းဝင် Hanse မြို့များမှာ ဂျာမနီနိုင်ငံ၏ နာမည်ကျော်နေရာများဖြစ်ပါသည်။ ဂျာမနီ၌ ရဲတိုက်ပေါင်း ၂၅၀၀၀ ကျော်ရှိကာ Neuschwanstein နှင့် Herrenchiemsee ရဲတိုက်များသည် လှပခမ်းနားလွန်းသဖြင့် ကမ္ဘာကျော်ပါသည်။

ဒေါက်တာနုမြတ်သိင်္ဂီဦး



Source link

Leave a Reply

Your email address will not be published. Required fields are marked *