ylliX - Online Advertising Network
စီးပွားရေးအကျပ်အတည်းကြောင့် Forever ရုပ်သံကုမ္ပဏီဝန်ထမ်း ရာနှင့်ချီအနားပေးခံရ - Myanmar Now

စီးပွားရေးအကျပ်အတည်းကြောင့် Forever ရုပ်သံကုမ္ပဏီဝန်ထမ်း ရာနှင့်ချီအနားပေးခံရ – Myanmar Now


ပုဂ္ဂလိကပိုင် ရုပ်သံထုတ်လွှင့်ရေးလုပ်ငန်းကြီး တစ်ခုဖြစ်သည့် Forever Group ကုမ္ပဏီက စီးပွားရေးလုပ်ငန်းအချို့ရပ်ဆိုင်းရန် ဆုံးဖြတ်ကာ ဝန်ထမ်းအများပြားကို   ဇွန်နှင့် ဇူလိုင် အတွင်း အသုတ်လိုက်ခွဲ၍ အနားပေးခဲ့ကြောင်း သိရသည်။ 

MRTV – 4, Channel 7 ရုပ်သံလိုင်းအပါဝင် ရေဒီယို၊ ရုပ်ရှင်နှင့် အခြားဖျော်ဖြေရေးလုပ်ငန်းပေါင်းများစွာ​ လည်ပတ်လုပ်ကိုင်နေသလို အာဏာသိမ်းစစ်ကောင်စီ၏ ဝါဒဖြန့်ဇာတ်ကားများကို အဓိကပံ့ပိုးနေသည့် Forever Group ကုမ္ပဏီက ကြိုတင်အသိမပေးဘဲ အနားပေးခြင်းဖြစ်သည်ဟု အနားပေးခံလိုက်ရသည့် အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောသည်။ 

၂၀၂၃ တွင် ကုမ္ပဏီဝန်ထမ်းပေါင်း ၁၀၀၀ ကျော်ရှိပြီး ယခုနှစ်လယ်ပိုင်းတွင် လုပ်သက် ၁၀ နှစ်အထက်ရှိ ဝန်ထမ်းများအပါဝင် စုစုပေါင်း ၆၀၀ မှ ၇၀၀ ခန့်အနားပေးခံရသည်ဟု ခန့်မှန်းကြောင်း ၎င်းက ဆိုသည်။

“ပထမအသုတ်အနေနဲ့ အပြီးဖြုတ်တဲ့ ၀န်ထမ်းအသုတ်ကို စပြီးဖြုတ်ပါတယ်။ အဲ့ဒီပထမအသုတ်ကို လျော်ကြေးအနေနဲ့ လုပ်သက်အလိုက် အပြည့်ပေးပေမယ့် တစ်လုံးတစ်ခဲတည်း၊ တခါတည်း မပေးပါ။   ပထမအသုတ် အပြီးထုတ်လိုက်တဲ့ ၀န်ထမ်းတွေကိုတော့ ၆ လစာဆို၂ လစာတစ်ခါနဲ့ ၃ကြိမ်၊ ၈လစာဆို ၂လစာတစ်ခါနဲ့ ၄ကြိမ် ပေးမယ်လို့ စာချုပ်မှာပါရှိပါတယ်” ဟု ၎င်းက ပြောသည်။ 

ဒုတိယအသုတ် အလုပ်အနားပေးသူများကို ဝန်ထမ်းလုပ်သက်အလိုက် နစ်နာကြေးများပေးချေရာတွင် ပထမတစ်ကြိမ်ထက်ပိုဆိုးသွားပြီး ၈ လစာနစ်နာကြေးရရှိသူသည် ရှစ်ကြိမ်ခွဲကာ လစဉ်ပေးချေမည်ကို  ဝန်ထမ်းများက သဘောတူလက်မှတ်ထိုးရကြောင်း သိရသည်။ 

“တလချင်းစီ ခွဲပေးမယ်လို့စာချုပ်မှာပါရှိပါတယ်။ လျော်ကြေးကို တလချင်းစီခွဲပေးမှုမှာ စာချုပ်ချုပ်တဲ့ နေ့ကို ပေးပါမယ်လို့ စာချုပ်ချုပ်တဲ့နေ့မှာ သက်ဆိုင်ရာ လူကြီးများကပြောဆိုခဲ့ပြီး အခု လက်ရှိမှာတော့ စာချုပ်ချုပ်တဲ့နေ့ မဟုတ်ဘဲ  သူတို့ ပေးချင်တဲ့နေ့မှ အဆင်ပြေမှ ထည့်ပေးတဲ့နေ့ကို ပေးချင်သလိုပေးနေ တာပါ” ဟု လည်း ၎င်းက ပြောသည်။ 

လက်ရှိတွင် ကုမ္ပဏီအကြီးအကဲများနှင့် အဆင်ပြေသည့် ဝန်ထမ်း ၃၀၀ ဝန်းကျင်သာ ကျန်တော့သည်ဟု သိရသည်။ အာဏာသိမ်းချိန်မှစကာ လစာမဲ့ဖြင့် အနားပေးထားသူများရှိသလို အလုပ်ဆက်ခန့်ထားသည့် ဝန်ထမ်းများကိုလည်း လုပ်ခလစာပုံမှန်ပေးချေနိုင်ခြင်းမရှိဘဲ နှစ်ကြိမ်၊ သုံးကြိမ်ခွဲ၍ ပေးချေနေသည်မှာ ယနေ့အချိန်ထိဖြစ်ကြောင်း သိရသည်။ 

ကုမ္ပဏီဘက်က စီးပွားရေးမပြေလည်မှုကြောင့် လုပ်သက်အလိုက်နစ်နာကြေးငွေကို တစ်လုံးတစ်ခဲတည်း‌ မပေးချေခြင်းဖြစ်သည်ဟု ဝန်ထမ်းများကို ပြောဆိုခဲ့ကြောင်း အနားပေးခံလိုက်ရသည့် လုပ်သက် ၁၀ နှစ် ကျော်ရှိသည့် နောက်ထပ်ဝန်ထမ်းအမျိုးသားတစ်ဦးက ပြောသည်။ 

တတိယအသုတ် အနားပေးရန် စီစဉ်နေသည်ဟု သတင်းကြားကြောင်း ၎င်းက ပြောသည်။ 

ကုမ္ပဏီအနေဖြင့် အခမ်းအနားများအတွက် ရိုက်ကူးရေးဝန်ဆောင်မှုနှင့် ကြေငြာဝင်ငွေများ ရရှိနေသော်လည်း ကိုဗစ်နိုင်တင်းကပ်ရောဂါဖြစ်ပွားချိန်မှစ၍ အရှုံးနှင့်ရင်ဆိုင်လာရပြီး ဝန်ထမ်းအများအပြား လျှော့ချကာ ကုမ္ပဏီဆက်လက်ရပ်တည်ရန်ကြိုးစားခဲ့ကြောင်း သူက ပြောသည်။ 

“အမှန်အတိုင်းပြောရင်တော့ ကုမ္ပဏီက အခြေအနေ တော်တော်လေးကိုဆိုးနေတာ။ ကျွန်တော်တို့ ဒီလို လျော်ကြေးရတာတောင် တော်တော်လေးကံကောင်းတယ်လို့ပြောရမယ်” ဟု ၎င်းက ဆိုသည်။

“(ကုမ္ပဏီဒေဝါလီခံရမယ့်) အခြေအနေလိုမျိုးဖြစ်နေတာ။ သူတို့ ဝန်ထမ်းတွေကို လစာမှ မပေးနိုင်တာ။ အဓိကက သူတို့ရှုံးမယ့်ပိုက်ဆံကို အလုပ်သမားတွေဆီက ပြန်ပြီးယူမယ့်သဘောမျိုးဖြစ်နေတာပေါ့” 



လက်ရှိတွင် ရိုက်လက်စရုပ်သံများမှလွှဲ၍ ရိုက်ကူးရေးလုပ်ငန်းများရပ်နားထားပြီး ယခုထုတ်လွှင့်နေသည့် ရုပ်သံအစီစဉ်များသည် ကာလအတန်ကြာကတည်းက ရိုက်ကူးထားသော ရုပ်သံများဖြစ်ကြောင်းလည်း သိရသည်။ ကုမ္ပဏီ၏ အနာဂတ်ကို အတိအကျမသိသော်လည်း မြန်မာနိုင်ငံတွင် ရုပ်သံလိုင်းထုတ်လွှင့်ခွင့်ရရှိရန် မလွယ်ကူသဖြင့် နည်းလမ်းရှာကျားကန်ရန် စီစဉ်နေဖွယ်ရှိသည်ဟု အနားပေးခံရသည့် ဝန်ထမ်းများက ဆိုသည်။

Forever Group ၏ အမှုဆောင်အရာရှိချုပ်(CEO) ဦးဝင်းမော်၏ သားမက် ဒေါက်တာဟိန်းထက်အေး ဆိုသူက ကုမ္ပဏီအုပ်ချုပ်ရေးတွင် ထဲထဲဝင်ဝင်ပါတင်လာပြီးနောက် အခြေအနေ ဆိုးရွားလာကြောင်း ဝန်ထမ်းများက ဆိုသည်။

စီးပွားရေးလုပ်ငန်းအချို့ ဆက်မလည်ပတ်တော့ဘဲ ရပ်ဆိုင်းရန်ဆုံးဖြတ်မှု၊ ဝန်ထမ်းများအနားပေးမှုနှင့် ပတ်သက်၍ Forever Group ထံ Myanmar Now က အီးမေးဖြင့် ဆက်သွယ်မေးမြန်းထားသော်လည်း တုံ့ပြန်ဖြေဆိုခြင်းမရှိသေးပေ။

၁၉၉၅ တွင် ကုမ္ပဏီစတင်တည်ထောင်ပြီး ကွန်ပျူတာဂရပ်ဖစ်နှင့် သင်တန်းများဖွင့်လှစ်လုပ်ကိုင်ခဲ့ရာမှ ယခင်စစ်အာဏာရှင် နအဖအစိုးရ၏ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းလက်ထက် ၂၀၀၄ တွင် MRTV – 4 ရုပ်သံလိုင်းကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် Forever Group က ပူးပေါင်း လုပ်ကိုင်ခွင့်ရခဲ့သည်။ 

လက်ရှိကာလတွင် MRTV – 4, Channel 7, မဟာဗောဓိ ရုပ်သံလိုင်းများ၊ မန္တလေး FM နှင့် Teen Radio တို့ကို ထုတ်လွှင့်နေသည်။ ထို့အပြင် ရုပ်ရှင်ထုတ်လုပ်ရေး၊ ဖျော်ဖြေရေးပလက်ဖောင်းနှင့် ကြေငြာလုပ်ငန်းများဖြစ်သည့် Pyone Play, Myanmar Magic media production company, Niyyayana Creative Content Production, FG Entertainment Co., Ltd နှင့် CMB Films Myanmar Services Inc ကုမ္ပဏီတို့ လည်ပတ်လုပ်ကိုင်နေသည်ဟု ကုမ္ပဏီအင်တာနက်စာမျက်နှာတွင် တွေ့ရသည်။

ထိုကုမ္ပဏီ၏ Forever Yay Wadi စီမံကိန်းသည် ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့အနီးတည်ရှိပြီး ဧကပေါင်း ၁၀၀ ဝန်းကျင်ကျယ်ကာ အဆောက်အဦ အတွင်းအပြင် ရိုက်ကူးရေးနေရာများပါဝင်ကြောင်း၊ အရှေ့တောင်အာရှတွင် အကြီးဆုံးမီဒီယာထုတ်လုပ်ရေးနေရာဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဦးဝင်းမော်သည် စင်ကာပူတွင် မှတ်ပုံတင်ထားသည့် Canal+ Myanmar Holding Company Pte. Ltd နှင့် ပြင်သစ်နိုင်ငံမှ မစ္စတာ Erwan Luherne တို့ ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၃၄ သန်းကျော် ရင်းနှီးမြှုပ်နှံကာ Canal+ Myanmar Ltd အမည်ဖြင့် အခပေးရုပ်သံလိုင်းများကို ထုတ်လွှင့်ပြသနေသည်။ 

၂၀၂၁ အရပ်သားအစိုးရကို ဖြတ်ချကာ စစ်တပ်ကအာဏာသိမ်းပြီးနောက် Forever Group ကုမ္ပဏီသည် စစ်ကောင်စီ ဝါဒဖြန့်ဇာတ်ကားများအတွက် သရုပ်ဆောင်နှင့် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းများကို အဓိကပံ့ပိုးခဲ့သည်။ 

မတ်လက  (၇၉)နှစ်မြောက်  တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းဖြစ်သည့် “တွဲလက်တူစုံ ချစ်ရိပ်မြုံ” ဇာတ်လမ်းကို  ရိုက်ကူးထုတ်လုပ်ပေးသည့်အတွက် စစ်ကောင်စီ၏ စိတ်ဓာတ်ရေးရာနှင့် လူထုဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက Forever  Group ကို  ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *