နေပြည်တော်နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျေးရွာ နှစ်ရွာကို စစ်ကောင်စီက ယမန်နေ့ (အောက်တိုဘာ ၁၃) နံနက်တွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ ကလေးတစ်ဦး အပါအဝင် ဒေသခံ သုံးဦး သေဆုံးပြီး ၁၀ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
သေဆုံးသူတို့မှာ စစ်တောင်းမြစ်အနောက်ဘက်ကမ်း ကပ်လျက် သဖန်းဇင်ရွာနှင့် ရွှေကဇောင်းရွာတို့မှ ယောကျ်ားလေးတစ်ဦး၊ သူ၏ မိခင်၊ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်သည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုက ပြောကြသည်။
“သဖန်းဇင်ရွာမှာ လူစုရုံးနေတယ်ဆိုပြီး သတင်းပေးတာကို PDF တွေ ရောက်နေတယ်ဆိုပြီး စစ်တပ်က ဒရုန်းဗုံးနဲ့ ကြဲတာ၊ သားအမိနှစ်ယောက်နဲ့ အမျိုးသားတစ်ယောက်က ပွဲပြီးချင်းသေပြီး ဒဏ်ရာရတဲ့သူ တွေလည်း ရှိတယ်” ဟု ရေတာရှည်မြို့ခံတစ်ဦးက ဆိုသည်။
ကပ်လျက် တည်ရှိကြသည့် ထိုနှစ်ရွာမှ ထိခိုက်သွားသူများ၏ အသေးစိတ် အချက်လက်ကို မသိရှိရသေးပေ။
စစ်တပ်၏ဗုံးကြောင့် အရပ်သားများ ထိခိုက်သည်ဆိုသော ပြောဆိုမှုများနှင့် ပတ်သက်ပြီးလည်း စစ်ကောင်စီ၏ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးပေ။
စစ်ဗိုလ်ချုပ်ကြီးများ ရုံးစိုက်ရာ နေပြည်တော်မှ မိုင် ၅၀ ခန့်သာ ကွာဝေးသည့် ပဲခူးအရှေ့ခြမ်း၊ ရေတာရှည် မြို့နယ်အတွင်း စစ်တောင်းမြစ်တစ်လျှောက်မှ ကျေးရွာများကို စစ်ကောင်စီက လက်နက် ကြီးများ၊ ဗုံးတပ်ဒရုန်းများဖြင့် မကြာခဏ တိုက်ခိုက်လေ့ရှိပြီး မြေပြင်တိုက်ပွဲများရှိပါက လေကြောင်းဖြင့် ဗုံးကြဲတတ်ကြောင်း ဒေသခံများက ဆိုကြသည်။
စစ်တောင်းမြစ်ဘေးကျေးရွာတစ်ရွာမှ ဒေသခံ အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသား တစ်ဦးက ၎င်းတို့ဒေသသည် မကြာသေးမီကမှ ရေဘေးဒဏ်ခံထားရသဖြင့် ပြည်သူတို့ အခက်အခဲ ကြီးမားလှသည်ဟု ပြောသည်။
“ခုက ရေဘေးလည်းဖြစ်ထားပြီး ဒုက္ခတွေရောက်နေတဲ့အချိန် ဗုံးကြဲတာက အတော်ဆိုးပါတယ်။ PDF တွေ ရှိတယ် ဆိုပြီး ပစ်တာ၊ ခံရတော့ ကျွန်တော်တို့ပြည်သူတွေပဲ” ဟု သူက ဆိုသည်။
စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း မြို့ပေါ်နှင့် နီးစပ်ရာများတွင် စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲ့ အများအပြား အခြေစိုက်သလို မြစ်အနောက်ဘက်ခြမ်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၃) လက်အောက်ခံတပ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ) တို့ လှုပ်ရှားလေ့ရှိရာ အမြဲလိုလို စစ်ရေး ပြင်းထန်နေသည်။
ရေတာရှည်မြို့နယ်အတွင်း ပြီးခဲ့သည့် အောက်တိုဘာ ၅၊ ၆ ရက်များတွင်လည်း စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အတွက် လက်နက်သယ်ဆောင်သူများ ပစ်ခတ်ခံရပြီး တစ်ဦး သေဆုံး၊ ၆ ဦး ထက် မနည်း ဖမ်းဆီးခံထားရသည်ဟု သိရသည်။
သိမ်းဆည်းရမိသည်ဟူသော လက်နက်ခဲယမ်း ဓာတ်ပုံများကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် စာမျက်နှာများတွင် ဖော်ပြထားရာ ရေတာရှည်မြို့နယ်အတွင်း ၂ နေရာခွဲကာ ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အထက်ပါဖြစ်ရပ်ကြောင့် ရေတာရှည်ဒေသအတွင်း စစ်ကောင်စီတပ်က နယ်မြေလုံခြုံရေးကို တင်းကျပ် နေကြောင်း ထိုဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက ပြောသည်။
“လက်နက်တွေ မိတာနဲ့တော့ ဆက်စပ်နိုင်တယ်၊ ရေဘေးဖြစ်တုန်းက စစ်သားတွေ မြို့ပေါ်ကို ပြောင်းသွား ကြတာ၊ ခု အင်အားနဲ့ အထိုင်ချထားတဲ့ ရွာတွေကို ပြန်လာကြတယ်။ ပြီးတော့ စစ်ကြောင်းတွေ ထိုးလာတယ်။ အင်အားပိုချတာတွေ မြင်တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။
အောက်တိုဘာ ၉ ရက်ကလည်း စစ်တပ်က စစ်တောင်းမြစ်အနောက်ဘက်ခြမ်းရှိ ရွှေသာရွာဟောင်း၊ သစ်နံ့သာ၊ ရွာသာယာရွာတို့ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး အရပ်သား ငါးဦးထက်မနည်း ဒဏ်ရာရသွားသည်ဟု သိရသည်။
အလားတူ အောက်တိုဘာ ၁၁ ရက်တွင်လည်း စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ ခင်တန်းကျေးရွာကို လည်း ဗုံးတပ်ဒရုန်းဖြင့် တိုက်ခိုက်ရာ ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး ခြေထောက်နှင့် ပြင်းထန်ဒဏ်ရာ အချို့ရရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“(မြစ်အရှေ့ခြမ်း) အဲဒီဘက်မှာက တိုက်ပွဲလည်းမရှိဘူး၊ တော်လှန်ရေးအဖွဲ့တွေလည်း စစ်ကြောင်းထိုးတာ မရှိဘဲ အခု လဆန်းထဲက ဗုံးကြဲတိုက်ခိုက်နေတာ” ဟု ယင်းနယ်မြေတွင် လှုပ်ရှားနေသည့် အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
စစ်တောင်းမြစ်နှင့် မနီးမဝေးရှိ ရွာသစ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မြစ် အရှေ့ဘက်ခြမ်းအခြေပြုတော်လှန်ရေးအင်အားစုများ စက်တင်ဘာ ၂၃ ရက်က တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်တပ်ဘက်မှ အထိနာခဲ့ပြီးနောက် လက်နက်ကြီးများအပါအဝင် ဗုံးကြဲမှုများ အဆက်မပြတ် ဖြစ်ပေါ်လာကြောင်း ၎င်းက ဆိုသည်။
နိုင်ငံအလယ်ပိုင်း ပဲခူးရိုးမနှင့် နိုင်ငံအရှေ့ပိုင်း တောင်တန်းများကြားတွင် တည်ရှိသည့် စစ်တောင်းမြစ်ဝှမ်း ဒေသသည် စစ်ရေးအရ အချက်ချာကျသောကြောင့် ယင်းဒေသကို ခြေကုပ်ရယူနိုင်ရန် တော်လှန်ရေး အင်အားစုက ကြိုးပမ်းနေသည်။ စစ်ကောင်စီကလည်း ဒေသကို လက်မလွှတ်ရရေး အပြင်းအထန် တုံ့ပြန်နေသည်။
ယခုလဆန်းပိုင်းတွင် လေတပ်က KNU တပ်မဟာ ၅ နယ်မြေအတွင်း နှစ်ကြိမ် ဗုံးကြဲခဲ့ရာ သေဆုံးသူ ၄ ဦး ရှိသည်ဟု KNU ထုတ်ပြန်ချက်များအရ သိရသည်။
စစ်ကောင်စီလေယာဉ် နှစ်စီးသည် အောက်တိုဘာ ၂ ရက်က ဖာပွန်မြို့ ပေါ်ကို မွန်းလွဲ ၂ နာရီမှစ၍ သုံးကြိမ် ဗုံးကြဲခဲ့ရာ နော်ဟဲခူ ( အသက် ၅၀) နှစ် ဗုံးစထိမှန်သေဆုံးခဲ့သည်။ ၎င်းသည် ကလေး ၆ ဦး၏ မိခင် လည်း ဖြစ်သည်။ အောက်တိုဘာ ၅ ရက်တွင်လည်း တပ်မဟာ ၅ နယ်မြေ၊ ဘူးသိုမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်စဉ် ၂၅ နှစ်အရွယ် စောဖားနူး၊ သူ၏ ၃ နှစ်သမီး နော်မုနော်တို့ သေဆုံးခဲ့ရပြီး ၁၄ နှစ် အရွယ် နော်ဖိုးငယ် ဒဏ်ရာရရှိခဲ့သည်။