မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ယမန်နေ့(အောက်တိုဘာ ၁၃)ညနေက လမ်းပေါ်ရှိ မော်တော်ယာဉ်များကို တားဆီးစစ်ဆေးနေသည့် စစ်ကောင်စီ လက်နက်ကိုင်များ သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ရဲတစ်ဦး ဒဏ်ရာရသွားသည်ဟု မြို့ခံများထံမှ သိရှိရသည်။
မန္တလေးမြို့တောင်ဘက် လူစည်ကားသည့် ၆၂ လမ်း၊ ၁၂၄လမ်းနှင့် ၁၂၅ လမ်းကြားတွင် ရဲအုပ်တစ်ဦး ဦးဆောင်သည့် ရဲ၊ ယာဉ်ထိန်းရဲ၊ အရပ်ဝတ်ပျူစောထီးများ စုစုပေါင်း ၁၀ဦးခန့် စစ်ဆေးနေကြချိန် ပစ်ခတ်ခံရခြင်း ဖြစ်သည်။
အသက် ၃၅ နှစ်ဝန်းကျင်အရွယ် ဒုရဲအုပ်အဆင့် ယာဉ်ထိန်းရဲမေတစ်ဦး ရင်ဘတ်တွင် ကျည်ထိသွားသည်ဟု သိရကြောင်း ပြည်ကြီးတံခွန်မြို့နယ်နေထိုင်သူ မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“လူတွေ ရုတ်ရုတ်ဖြစ်သွားလို့ အစက ယာဉ်တိုက်မှုဖြစ်တာလားလို့ ထင်ကြတာ။ နောက်မှ ပစ်ခံရမှန်း သိတာ။ မနေ့က ညအထိကတော့ ဆေးရုံခွဲစိတ််ခန်းမှာ။ အခြေအနေ မကောင်းဘူးလို့ ကြားနေတယ်။ ဒဏ်ရာက ပြင်းထန်တယ်ပြောတယ်”ဟု မျက်မြင်ကို ကိုးကား၍ ယင်းမြို့ခံက ဆိုသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများရောက်ရှိလာကာ အဆိုပါနေရာအနီး သွားလာနေကြသူတို့၏ ဖုန်းများကို တောင်းယူ စစ်ဆေးသည်၊ ဆိုင်ကယ်များကို ရပ်တန့် ရှာဖွေကြသည်ဟု မြို့ခံတို့က ဆိုကြသည်။ ပစ်ခတ်သူကို လုံခြုံရေး ကင်မရာများမှတဆင့် ခြေရာခံဖွယ်ရှိသည်ဟုလည်း ၎င်းတို့က ပြောသည်။
ယင်းနေ့ ညနေမှာပင် CZI အမျိုးအစားဆိုင်ကယ်ဖြင့် ၆၂ လမ်းမအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးက ပစ်ခတ်သွားခြင်းဖြစ်သည် ဟု စစ်တပ်ထောက်ခံသူ တယ်လီဂရမ်စာမျက်နှာများက ရေးသားထားကြသည်။ ပစ်ခတ်ခံရသည့် ယာဉ်ထိန်းရဲမေ အသက်အန္တရာယ်စိုးရိမ်နေရကြောင်း ဖော်ပြထားကြသည်။
မည်သူမည်ဝါမှန်း မသိကြသေးသည့် ပစ်ခတ်သူ လွတ်မြောက်နေသည်ဟု ဒေသခံတို့က ပြောသည်။
၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်နက်ကိုင်တို့သည် နေ့စဉ်နေ့တိုင်း မန္တလေးမြို့အပါအဝင် ၎င်းတို့ထိန်းချုပ်ထားသောမြို့များတွင် လုံခြုံရေး၊ ယာဉ်နှင့် လမ်းစည်းကမ်း ထိန်းသိမ်းရေး အကြောင်းပြကာ လမ်းပေါ်ရှိ ကား၊ ဆိုင်ကယ်များကို တားဆီးပြီး ငွေတောင်းခံနေကြသည်။
ထိုသို့ စစ်ဆေးရာတွင် ရဲ၊ ယာဉ်ထိန်းရဲ၊ စစ်သား၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများ ပါဝင်သည်၊ လမ်းမကြီးများပေါ်တွင်သာမက လမ်းသွယ်များတွင်ပါ သွားလာ စစ်ဆေးနေသည်ဟု မန္တလေးမြို့ခံ များက ပြောကြသည်။
ပျူစောထီးတို့မှာ မြို့ခံလူမိုက်များဖြစ်ပြီး စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည်ဟု သိရသည်။
မန္တလေးသည် စစ်မက် ဖြစ်ပွားနေသည့် မတ္တရာ၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့နှင့် နာရီအနည်းငယ်သာ ခရီး အကွာအဝေး ရှိရာ စစ်ကောင်စီက လုံခြုံရေး အကြောင်းပြပြီး ပိုမိုဖိနှိပ်လာနေသည်ဟု မြို့ခံတို့က ပြောသည်။
“ခုနောက်ပိုင်း ပိုဆိုးလာတယ်။ ရဲတွေစစ်သားတွေကလည်း သူတို့နဲ့ မသက်ဆိုင်တဲ့ လိုင်စင်စစ်တာတို့ ၊ ဆိုင်ကယ် ဘက်မှန်မပါတာတို့ ၊ကားမောင်းရင်းဖုန်းပြောမိတာတို့အစ ငွေညှစ်တယ်။ မော်တော်ပီကယ် ကလည်း သူတို့နဲ့မဆိုင်တဲ့ မှတ်ပုံတင်စစ်တာလိုမျိုးတွေအထိ ကြံဖန်ပြီး အပြစ်ရှာ ငွေတောင်းကြမ်းလာ တယ်”ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ယာဉ်စစ်အဖွဲ့တွေကိုကြည့်ရင် ရဲမေတွေကအစ နောက်ဆုံးပေါ်အိုင်ဖုန်းတွေ၊ လက်ကောက်တွေဆိုလည်း ၂ကျပ်သား ၃ကျပ်သား ၊လာရင်လည်း ကားအကောင်းစားကြီးတွေနဲ့ အပို့အကြိုနဲ့လာကြတာ။ ခေတ်ပျက် ထဲ သူတို့ပဲချမ်းသာနေကြတာ”
မန္တလေးတွင် ထိုသို့ လမ်းသွားလမ်းလာများကို ဟန့်တားပြီး ငွေတောင်းကြမ်းနေသည့် ယာဉ်ထိန်းအဖွဲ့ဝင်တို့လည်း ရံဖန်ရံခါ ပစ်ခတ်ခံရသည်။
၂၀၂၃ ဒီဇင်ဘာ ၃၀ ရက်နေ့ကလည်း မြို့လယ်တွင် ဆိုင်ကယ်စီးနေသည့်၊ ဂျက်မ ဟု ခေါ်ကြသည့် ဒုရဲအုပ်အဆင့် ယာဉ်ထိန်းရဲမေ ပစ်ခတ်ခံရပြီး ဆေးရုံတွင်အရေးပေါ်ဆေးကုသနေစဉ် သေဆုံးခဲ့သေးသည်။