အာဖရိကတိုက်ရှိ မော်ရိုကိုနိုင်ငံသည် ကြွယ်ဝသောယဉ်ကျေးမှု၊ စည်ကားလှသောမြို့များနှင့် သဘာဝအလှတရားများဖြင့် ဆွဲဆောင်မှုရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ၎င်းသည် သမိုင်းဝင်နှင့် ခေတ်သစ်၊ အာဖရိကနှင့် ဥရောပ နှစ်မျိုး ရောယှက်ထားသည့်နိုင်ငံဖြစ်ကာ ထိုထူးခြားမှုများကြောင့် အာဖရိကတိုက်မှာ ကမ္ဘာလှည့်ဧည့်သည် အလာအများဆုံးနိုင်ငံဖြစ်နေသည်မှာ အံ့သြစရာမဟုတ်ပေ။
မော်ရိုကိုနိုင်ငံသည် အာဖရိကတိုက် အနောက်မြောက်ဘက်တွင်ရှိကာ ဥရောပတိုက်နှင့် မြေထဲပင်လယ်သာခြားထားသည်။ မြေထဲပင်လယ်အကျော်တွင် စပိန်နိုင်ငံရှိကာ စပိန်ရှိ Tarifer မြို့မှ မော်ရိုကိုနိုင်ငံ Tangier မြို့သို့ သင်္ဘောဖြင့် တစ်နာရီကြာသာ သွားရောက်နိုင်သည်အထိ နီးပါသည်။ အနောက်ဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာနှင့် ထိစပ်နေသလို အရှေ့ဘက်တွင် ကမ္ဘာ့အကြီးဆုံး ဆာဟာရသဲကန္တရာကြီးလည်းရှိကာ Atlas တောင်တန်းများလည်းရှိခြင်းကြောင့် ကွဲပြားသော ပထဝီအနေအထား ရှိနေသည်မှာလည်း ထူးခြားပါသည်။
မော်ရိုကို၏တရားဝင်အမည်အပြည့်အစုံမှာ “မော်ရိုကိုဘုရင့်နိုင်ငံတော်” ဖြစ်သည်။ လက်ရှိတော်ဝင်မိသားစုသည် ၁၆၃၁ ခုနှစ်ကတည်းက အာဏာရလာခဲ့ပြီး ကမ္ဘာ့ဒုတိယသက်တမ်းအရင့်ဆုံး အုပ်ချုပ်မင်းဆက်ဖြစ်သည်။ မော်ရိုကိုကို သမိုင်းတစ်လျှောက် ကာလအတန်ကြာ နိုင်ငံများနှင့် အုပ်ချုပ်သူများစွာက သိမ်းပိုက်ခဲ့ပြီး ရောမ၊ အာရပ်နှင့် ပြင်သစ်လက်အောက်ကျရောက်ခဲ့ဖူးပါသည်။ ထို့ကြောင့် မော်ရိုကိုယဉ်ကျေးမှုကို အာရပ်၊ ဘာဘာ(Barber) နှင့် ပြင်သစ်ယဉ်ကျေးမှုများမှ လွှမ်းမိုးနေသည်။ မော်ရိုကိုတွင် ရုံးသုံးဘာသာစကား နှစ်မျိုးရှိကာ ယင်းတို့မှာ ဘာဘာနှင့် အာရဗီဘာသာစကားများ ဖြစ်ကြသည်။
မြို့တော်မှာ ရာဘတ်(Rabat) ဖြစ်ပြီး အကြီးဆုံးမြို့နှင့် စီးပွားရေးမြို့တော်မှာမူ ကာဆာဘလန်ကာ (Casablanca)ဖြစ်သည်။ Fes ရှေးဟောင်းမြို့တော်သည် အလယ်ခေတ်လက်ရာများကို ကောင်းမွန်စွာ ထိန်းသိမ်းထားသောကြောင့် ကျော်ကြားပြီး ကမ္ဘာပေါ်တွင် စဉ်ဆက်မပြတ်နေထိုင်နေသော ရှေးအကျဆုံး မြို့တစ်မြို့ဖြစ်သည်။ Fes ရှိ Kairaouine ဗလီသည် ၈၅၉ ခုနှစ်ကတည်းကရှိခဲ့သည့် ကမ္ဘာ့ရှေးအကျဆုံး တက္ကသိုလ်ဖြစ်ပြီး ၎င်းကို ယနေ့ခေတ်တွင် University of al-Kairaouine ဟု လူသိများသည်။ Marrakech မြို့သည် ၎င်း၏သမိုင်းဝင်ဗလီများ၊ နန်းတော်များနှင့် ဈေးရင်ပြင်များကြောင့် ကျော်ကြားသည်။ ၎င်း၏ သမိုင်းဝင် ဈေးရင်ပြင် (Medina)သည် ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာဖြစ်သည်။
မော်ရိုကိုသည် ရုပ်ရှင်ရိုက်ကူးသူများအတွက် ရေပန်းစားသော နေရာတစ်ခုဖြစ်ပြီး Ouarzazate မြို့ကို “မော်ရိုကိုဟောလီးဝုဒ်” ဟု မကြာခဏ ရည်ညွှန်းကြသည်။ Ouarzazate ရှိ Atlas ရုပ်ရှင်စတူဒီယိုသည် ကမ္ဘာ့အကြီးဆုံးရုပ်ရှင်စတူဒီယိုများအနက် တစ်ခုဖြစ်သည်။ ၎င်းတွင် UNESCO ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်သည့် ရိုးရာအိမ်များရှိရာရွာ Ait Ben Haddou Kasbah လည်းရှိသည်။
ယင်းအပြင် ဆာဟာရသဲကန္တာရထဲ ကုလားအုတ်စီးပြီး Desert Camp ထဲ ညအိပ်တည်းခိုနိုင်သည့် မာဇူဂါ၊ မြို့ထဲရှိ အပြာရောင်အဆောက်အအုံများကြောင့် အပြာရောင်မြို့တော်ဟုအမည်တွင်သည့် Chefchaouen မြို့၊ အလယ်ပိုင်းခေတ်လက်ရာများကို သေချာထိန်းသိမ်းထားသောကြောင့် ယူနက်စကို အမွေအနှစ် အသိအမှတ်ပြုခံရသည့် ကမ်းရိုးတန်းမြို့ Essaouira၊ နိုင်ငံမြောက်ဘက်စွန်းရှိ ဥရောပဆန်သည့် Tangier မြို့၊ အိုအေစစ်များ၊ ထန်းတောများရှိရာ Draa တောင်ကြား၊ မျောက်ခြေချောင်းပုံစံ တောင်စောင်းများရှိရာ Dades တောင်ကြားနှင့် သာယာလှသည့် Todra တောင်ကြား၊ ရှေးခေတ်ရောမအပျက်အစီးများကြောင့် ယူနက်စကို ကမ္ဘာ့အမွေအနှစ် အသိအမှတ်ပြုရာ Volubilis မြို့၊ ကမ်းခြေများနှင့် Nightlife တို့ကြောင့်နာမည်ကြီးသည့် ပင်လယ်ကမ်းခြေမြို့ Agadir တို့သည်လည်း မော်ရိုကိုရှိ နာမည်ကျော်နေရာများဖြစ်ကြသည်။ လှပသောရှုမြော်ခင်းများနှင့် မော်ရိုကို မူလတိုင်းရင်းသားများဖြစ်သည့် Berber ကျေးရွာများရှိရာ Atlas တောင်တန်းများသို့လည်း တောင်တက်နိုင်ပါသည်။
ဒေါက်တာနုမြတ်သိင်္ဂဦး