ylliX - Online Advertising Network
နွေဦးကြယ် - မဲဆောက်မှာမိုးတွေရွာရင်

နွေဦးကြယ် – မဲဆောက်မှာမိုးတွေရွာရင်


Art by Than Htay Maung


မဲဆောက်မှာမိုးတွေရွာရင်

နွေဦးကြယ်

(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၂၄

ရေခဲတောင်တွေ

ပင်လယ်ထဲမျောပါစီးဆင်းနေသလို

တိမ်ညိုတိမ်မည်းတွေ

မုတ်သုန်လေထဲမျောပါစီးဆင်းနေတာမြင်ရရင်

မကြာခင်မိုးတွေရွာသွန်းတော့မယ်ဆိုတာကို

မဲဆောက်ကသိပါတယ်။

မဲဆောက်ကိုသားသည်မိခင်တစ်ဦးလိုဝန်းရံထားတဲ့

ဟိုမဝေးမနီးကတောင်တန်းပြာပြာကြီးတွေမှာ

မှိုင်းပြာမြူငွေ့တွေထွေးပွေ့အုံ့ဆိုင်းလို့

မြင်ရသူရင်ထဲမှာလှိုင်းထ

မျက်ရေတပေါက်ပေါက်ကျခါနီးရင်

မကြာခင်မိုးတွေရွာသွန်းတော့မယ်ဆိုတာ

မဲဆောက်ကသိပါတယ်။

ဟိုးအဝေးမှာမြင်နေရတဲ့

ဒေါနတောင်တန်းကြီးတွေအပေါ်

ပျော်တတ်တဲ့ငှက်ကလေးတွေ

လေအဟုန်ကိုခိုစီး

အရေးတကြီးပျံသန်း

သူတို့ရဲ့လမ်းမှာ

မှိုင်းပြာမှုန်ဝေ

သောကတွေနဲ့လှုပ်ရှား

ရပ်နားစခန်းကိုရှာဖွေနေကြပြီဆိုရင်

မကြာခင်မိုးတွေရွာသွန်းတော့မယ်ဆိုတာ

မဲဆောက်ကသိပါတယ်။

သောင်ရင်းမြစ်ထဲကရေတွေ

ဠာနာဂီရိဆင်အရက်မူးသလို

ကမ်းနှစ်ဘက်ကိုရိုက်ခတ်

ကမ်းစပ်ကရေလှိုင်းကလေးတွေခုန်ပေါက်

ခိုးကူးလှေကလေးတွေမြောက် မြောက်တက်သွားရင်

မကြာခင်မိုးတွေရွာသွန်းတော့မယ်ဆိုတာ

မဲဆောက်ကသိပါတယ်။

မြန်မာပြည်နှာခေါင်းပေါက်နဲ့

ထိုင်းနှာခေါင်းပေါက်တွေကို

ဂျက်ပင်လိုလှမ်းထိုးထားတဲ့

မြဝတီတံတားအပေါ်မှာ

အအေးဓါတ်ပါတဲ့လေနုအေးကလေးတွေ

တိုးဝှေ့ပြေးလွှားလာပြီဆိုရင်

မကြာခင်မိုးတွေရွာသွန်းတော့မယ်ဆိုတာ

မဲဆောက်ကသိပါတယ်။

မဲဆောက်မှာမိုးတွေရွာရင်

ရင်ခွင်မဲ့ကလေးလေးတွေ

နွေးထွေးတဲ့နှလုံးသားတွေကိုမှန်း

နှုတ်ခမ်းမှာအပြုံးတွေခမ်းလို့

မျက်လုံးမှာတော့မျက်ရေသစ်သီးတွေပြွမ်းပြီး

အချစ်ကြီးချစ်ရတဲ့မိဘတွေကိုတမ်းတငေး

နွမ်းလျလို့ဆွေးမြည့်ရှာရော့မယ်။

မဲဆောက်မှာမိုးတွေရွာရင်

ဖုတ်ဖရ..၄၈ ကီလိုမီတာ

ကြယ်တခွပ်နဲ့မယ်ကုအပါအဝင်

လယ်ယာမြေတစ်ခွင်က

ခေါင်းပုံဖြတ်တာခံရတဲ့စိုက်ပျိုးရေးသမားတွေ

နွားကမိုးရွာရင်ကိုယ့်လယ်ပြင်ကိုယ်သတိရသလို

ဟိုအဝေးမှာမှုန်ပျပျမြင်နေရ

မြန်မာပြည်ကတောင်တန်းပြာကြီးတွေအနောက်က

ညှိုးခြောက်နေတဲ့လယ်ကွက်တွေနဲ့

မီးလောင်ပြင်ဖြစ်နေတဲ့ရွာပျက်ကလေးတွေကိုမှန်း

လွမ်းဆွတ်လို့နေရော့မယ်။

မဲဆောက်မှာမိုးတွေရွာရင်

သစ်ကိုင်းသစ်ခက်တွေမှာချိတ်ဆွဲထားတဲ့

ခိုအိမ်ကလေးများလိုကျဥ်းကျပ်

ပူးကပ်အိပ်စက်ရတဲ့စက်ချုပ်သမကလေးတွေ

ဒီနိုင်ငံဒီမြေရောက်ဖို့အရေး

ချေးခဲ့ရတဲ့အရင်းအနှီး

အတိုးကဘိုးဘိုးအောင်ရဲ့ဝလုံးများလို

ပွားပွားလာတာကိုတွေးပူလို့

မိဘတွေရင်မအေးတာကိုစဥ်းစားမိတော့

မျက်တောင်ကော့ကလေးတွေစိုစွတ်

ဦးညွတ်ကန်တော့တောင်းပန်နေရော့မယ်။

မဲဆောက်မှာမိုးတွေရွာရင်

အိမ်မပြင်အိမ်မမိုးနိုင်လို့

တိမ်စိုင်တိမ်မည်းကြီးတွေကိုခိုးကြည့်

ရှိသမျှအိုးခွက်ပန်းကန်တွေကို

မိုးယိုတဲ့အပေါက်တွေအောက်မှာခံပြီး

သမီးပို့မယ့်ပိုက်ဆံကလေး

သားပို့မယ့်ပိုက်ဆံကလေး

တငေးငေးမျှော်ကြ

မိဘတွေကိုသတိရ

သက်ပြင်းချနေကြရော့မယ်။

မဲဆောက်မှာမိုးတွေရွာရင်

ကိုယ့်မြေကစာသင်ခန်းတွေကို

နောက်ပြန်လှည့်မကြည့်စတမ်း

ခြေလှမ်းခိုင်ခိုင်မာမာတွေနဲ့

အမှန်တရားအတွက်စွန့်ခွာလာတဲ့

CDM ဆရာတွေဆရာမတွေ

သူများမြေစာသင်ခန်းထဲက

ထွက်ကျလာတဲ့စာအံသံကလေးတွေကို

ခရေပွင့်အကြွေလေးတွေကောက်သလို

ကောက်ယူနမ်းရှိုက်လို့အံတင်း

ပြည်တွင်းကတပည့်ရင်းကလေးတွေကိုသတိရ

မျက်ရေစို့ကြရော့မယ်။

မဲဆောက်မှာမိုးတွေရွာရင်

ဝင်ငွေကနှမ်းစေ့ပေမယ့်

ရောဂါတွေကဆင့်ပါးစပ်ဖြစ်လာတဲ့အခါ

ဆေးရုံဆေးခန်းသွားရင်ငါးထောင်တစ်သောင်း

ပုဂ္ဂလိကဆေးရုံတွေကိုချောင်းတောင်မကြည့်ရဲလို့

ပြည်သူ့ဆေးရုံဆိုတာတွေအထဲသွားပြရတဲ့အခါ

မြင်မြင်ရာလူတိုင်းကိုကြောက်နေရရှာတဲ့

အခြေခံလူတန်းစားတွေကိုမြင်ယောင်တော့

အားလျော့သလိုဖြစ်ပြီးငေးငိုင်သွား

ငါတို့ CDM လုပ်တာမှားသွားပြီလားလို့

စဥ်းစားမိလိုက်ကြပေမယ့်

ဓမ္မနဲ့အဓမ္မလွန်ဆွဲပွဲမှာ

ဓမ္မဘက်ကဝင်ဆွဲတာဟာ

မှန်ရာကိုလုပ်ရဲသူတွေရဲ့သတ္တိမို့

လိပ်ပြာလုံပါတယ်ဆိုတဲ့ဆရာဝန်နဲ့သူနာပြုတွေ

ကိုယ့်မြေကိုမှန်းလွမ်းရော့မယ်။

မဲဆောက်မှာမိုးတွေရွာရင်

ပြည်သူတွေရဲ့အသည်းကြားက

မဲတစ်ပြားနဲ့ရွေးကောက်

တင်မြှောက်ခံခဲ့ကြရတဲ့ကိုယ်စားလှယ်တွေ

မတရားဖမ်းဆီးခံရ

မတရားအနှိပ်စက်ခံရ

မတရားသတ်ဖြတ်ခံရမယ့်ဘေးက

အခိုက်အတန့်လွတ်အောင်ပြေးခဲ့ကြရပေမယ့်

ပြည်သူတွေရဲ့ဒုက္ခ သူတို့ရဲ့ဒုက္ခ

ပြည်သူတွေရဲ့ဘဝ သူတို့ဘဝမို့

ဘဝထဲကဒုက္ခတွေဖြေရှင်းဖို့

လွှတ်တော်ထဲမှာအခြေအတင်

ငြင်းခဲ့ကြရတာတွေကိုသတိရလို့

ချစ်ရတဲ့မြေလွတ်မြောက်အောင်ကြိုးစား

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်သွားဖို့ပြင်ဆင်

” ဇွန်းမီတင် ” တွေနဲ့ညှိနှိုင်းကြတိုင်ပင်ကြရင်း

ကောင်းကင်တွင်းကတိမ်စိုင်တိမ်မည်းတွေကိုကြည့်

ရင်ထဲမချိဖြစ်နေကြရော့မယ်။

မဲဆောက်မှာမိုးတွေရွာရင်

စစ်မြေပြင်ကထွက်ပြေးကြ

စစ်ဘေးရှောင်ရတဲ့စစ်ဘေးရှောင်ပြည်သူတွေ

ရေတွေကြီးလို့ရေဘေးရှောင်ရတဲ့ပြည်သူတွေ

နေစရာရှားစားစရာရှား

ကလေးတွေကလည်းဆာလို့အော်ဟစ်

ရောဂါတွေဖြစ်တော့ကုသစရာဆေးဝါးမပြည့်စုံ

တွေးကြည့်ရုံနဲ့စိတ်ထိခိုက်ကြတော့

လူ့စရိုက်လူ့ယဥ်ကျေးမှုနဲ့ကိုယ်ချင်းစာ

ကရုဏာကချောင်းရေတွေလိုစီးတော့

မညည်းမညူ

ကူကြဖို့ကယ်မဖို့အရေး

ပရဟိတအဖွဲ့ကလေးတွေကရှာဖွေ

တတ်နိုင်သလောက်ထောက်ပို့ပေးကမ်းကြပေမယ့်

လွမ်းတဲ့စိတ်နဲ့ကိုယ့်မြေကိုသတိရ

ပြန်ချင်ကြရော့မယ်။

သြော်

မဲဆောက်မှာမိုးတွေရွာရင်

မဲဆောက်မှာမိုးတွေရွာရင်

မဲဆောက်မှာမိုးတွေရွာရင်ပေါ့ကွယ်။

နွေဦးကြယ်





Source link

Leave a Reply

Your email address will not be published. Required fields are marked *