ylliX - Online Advertising Network
တရုတ်ဖိအားပေးသော်လည်း  TNLA ဆက်လက်ထိုးစစ်ဆင်ပြီး  သီပေါမြို့ကိုသိမ်းပိုက် - Myanmar Now

တရုတ်ဖိအားပေးသော်လည်း  TNLA ဆက်လက်ထိုးစစ်ဆင်ပြီး  သီပေါမြို့ကိုသိမ်းပိုက် – Myanmar Now


နှစ်လကျော်ကြာ အပြင်းအထန်တိုက်ယူခဲ့ရပြီး လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲခံရသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို တအာင်းတပ် (TNLA) က ယမန်နေ့မွန်းလွဲတွင် အပြီးသတ် သိမ်းယူနိုင်လိုက်ပြီဖြစ်သည်။

မြို့မြောက်ဘက် ၁ မိုင်ခန့်အကွာရှိ  အမှတ် ၂၃ ခြေလျင်တပ်ရင်း စခန်းကို  ယမန်နေ့မွန်းလွဲပိုင်းတွင် ရရှိခဲ့သည်ဟု TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက Myanmar Now ကို ယနေ့ ပြောသည်။

“မနေ့တုန်းက သီပေါမှာရှိတဲ့ လက်ကျန်တပ်စခန်း ခလရ(၂၃)ကို ကျွန်မတို့ နေ့လယ် ၁ နာရီမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိကတော့ သီပေါမြို့တစ်ခုလုံးကို ကျွန်မတို့ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ဩဂုတ် ၉ ရက်ကတည်းက သီပေါမြို့ကို  TNLA ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ပြီး   မြို့အနီးရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၅၀၃)၊ (၅၀၄)တို့ကို အောက်တိုဘာလဆန်းတွင် သိမ်းပိုက်နိုင်ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယအကြော့တွင် လားရှိုးနှင့် မိုးကုတ်မြို့များကို တအာင်း၊ ကိုးကန့်တပ်များနှင့် PDF မဟာမိတ်တပ်များက သိမ်းယူအပြီးတွင် တိုက်ပွဲများ ရပ်ဆိုင်းရန် ဖိအားပေးနေသည့် တရုတ်အစိုးရက လျှပ်စစ်မီး၊ ဆေးဝါးနှင့် အစားအသောက်များ နယ်စပ်ဖြတ် ဝင်ရောက်ခြင်း မရှိစေရန် ပိတ်ဆို့ဖြတ်တောက်လိုက်သည်။ ထိုပိတ်ဆို့မှုကြောင့်  ရှမ်းပြည်မြောက်ပိုင်းရှိ တော်လှန်ရေးအင်အားစုနှင့် ဒေသခံပြည်သူများအခက်တွေ့နေကြသည်။ ဤအခြေအနေတွင် TNLA  က တရုတ်မြန်မာ ကုန်သွယ်ရေးလမ်းပေါ်ရှိ သီပေါမြို့ကို ဆက်လက်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။ 

သီပေါမြို့ကို လက်မလွှတ်လိုသည့်၊ နိုင်ငံအနှံ့ တပ်ဖြန့်ထားရသဖြင့်  စစ်ကူပို့ရန် အဆင်မပြေသေးသည့် စစ်ကောင်စီက လေတပ်ကို အားပြုပြီး ပြင်းပြင်းထန်ထန် ခုခံခဲ့သည်။ တိုက်ပွဲများ ပြင်းထန်နေချိန်နှင့် တိုက်ပွဲအပြီး ယမန်နေ့ ညတွင်လည်း သီပေါမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယခုအခါ သီပေါမြို့သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က သိမ်းနိုင်သည့် ၁၂ မြို့မြောက်ဖြစ်လာခဲ့ပြီး  TNLA သည် သီပေါကို ရသဖြင့် မန္တလေးတိုင်း မိုးကုတ်နယ်အထိ နယ်မြေတစ်ဆက်တည်း ဖြစ်လာခဲ့သည်။ 

နှစ်လကျော်ကြာ တိုက်ခိုက်ယူခဲ့ရသည့် သီပေါမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့်  အရပ်သား ၄၀ နီးပါးသေဆုံးခဲ့ပြီး နေအိမ်အဆောက် အဦများစွာ ပျက်စီးခဲ့သည်။

သီပေါမြို့တွင် လူဦးရေ ၈၅၀၀ ခန့်ရှိပြီး တိုက်ပွဲများကြောင့် လူဦးရေ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းမှာ မြို့ ကို စွန့်ခွာသွားခဲ့ကြသည်။

ရှမ်းကုန်းပြင်မြင့်များ၏ အစပ်တွင်တည်ရှိပြီး မြန်မာပြည်မြေပြန့်မြို.များနှင့် နယ်နမိတ်ထိနေသော သီပေါမြို.သည်  တရုတ်-မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ မြို.ဖြစ်သည်။ ကားလမ်း၊ ရထားလမ်းများဆုံရာမြို.လည်းဖြစ်သဖြင့် ရှမ်း၊ ပလောင်၊  ကချင်နှင့် ဗမာတိုင်းရင်းသားများ စုံလင်သည့် မြို.လည်းဖြစ်သည်။

စော်ဘွားများအစဥ်အဆက်အုပ်ချုပ်ခဲ့သည့် ရှမ်းပြည်နယ်၌ သိန္နီနှင့် သီပေါနယ်များသည် သမိုင်းတလျှောက် စီးပွားရေးနှင့် နိုင်ငံရေးအရ အရေးပါသည့်နယ်များဖြစ်သည်။ 

ရှမ်းမြောက်နှင့် မန္တလေးတိုင်းရှိ TNLA ထိန်းချုပ်မြို့များပြမြေပုံ။

စစ်ကောင်စီ လက်မလွှတ်သည့် တောင်ခမ်း



သီပေါမြို့နှင့်အပြိုင် ဩဂုတ် ၁၀ ရက်မှစတင်ကာ နောင်ချိုမြို့တောင်ဘက် မိုင် ၂၀ အကွာတွင်ရှိသည့် တောင်းခမ်းရွာအခြေစိုက် အမြောက်တပ်များတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု TNLA မှ လွေးယေဦးက အတည်ပြုသည်။

တောင်ခမ်းရွာတွင် အမြောက်တပ်စခန်းကွပ်ကဲမှုဌာနချုပ်(၉၀၂)နှင့် လက်အောက်ခံ အမြောက်တပ်ရင်း စခန်းများဖြစ်သည့် အမှတ်(၃၅၄)၊(၂၀၆)၊ (၄၀၆) တို့၏ တပ်ရင်းဌာနချုပ်များရှိသည်။

တိုက်ပွဲစတင်ပြီး သီတင်းပတ်အနည်းငယ်အကြာ ဩဂုတ် ၂၉ ရက်တွင် အမြောက်တပ်ရင်း(၂၀၆)နှင့် (၄၀၆)တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး အမြောက်တပ်ရင်း(၃၅၄)နှင့် အမြောက်တပ်ကွပ်ကဲမှုဌာနချုပ်(၉၀၂)တို့ကို ဆက်လက်တိုက်ခိုက်နေသည်။

“တောင်ခမ်းကတော့ ဆက်လက်ပြီးတိုက်ပွဲဖြစ်ပွားနေတုန်းရှိပါတယ်။….တောင်ခမ်းမှာ စခန်းကတော့ ၄ ခု ရှိတယ်ပေါ့လေ၊ ကျွန်မတို့ကတော့ ၂ ခုသိမ်းပိုက်နိုင်ပြီ၊ ၂ ခုကတော့ တိုက်ခိုက်နေဆဲဖြစ်ပါတယ်” ဟု TNLA ပြောခွင့်ရ လွေးယေဦးက ပြောသည်။

တောင်ခမ်းရှိ အမြောက်တပ်များ မကျရေး စစ်ကောင်စီတပ်က အပြင်းအထန်ခုခံနေပြီး လေကြောင်းမှ လည်း ဗုံးကြဲတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်နေသည်ဟု သိရသည်။

ထို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်းတွင်ရှိသည့် စစ်ကောင်စီတပ်ကူများလည်း တောင်ခမ်းရွာရှိ အမြောက် တပ်များရှိရာသို့ အဆက်မပြတ်ပို့နေသည်ဟု TNLA ပြောခွင့်ရ လွေးယေဦးက ပြောသည်။

“လက်ရှိမြင်တွေ့နေရတာကတော့ တောင်ခမ်းမှာဆိုရင် ရပ်စောက်ကနေဖြတ်ပြီးတော့မှ ကျောက်ဂူ ကနေ တဆင့် (စစ်ကူ)ပေးပို့လာတာမျိုးတွေရှိသလို လေကြောင်းက‌နေတဆင့် ပေးပို့နေတာလည်းရှိပါတယ်” ဟု လွေးယေဦးက ပြောသည်။

တောင်ခမ်းသည် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဝင်ရောက်ရာ လမ်းကြောင်းလည်းဖြစ်ပြီး စစ်ရေးအရ အချက်အချာ ကျသည်။ တိုက်ပွဲတွင် နှစ်ဘက်အထိအခိုက် များပြားသည်ဟု သိရသည်။

-ကွတ်ခိုင်မြို့တွင် ယခုနှစ်ဆန်းက တွေ့ရသော TNLA တပ်ဖွဲ့ဝင်တစ်ဦး။  (ဓာတ်ပုံ-မြတ်ပန်း/Myanmar Now)

အမြောက်တပ်ကွပ်ကဲမှုဌာနချုပ်(၉၀၂)တွင် ရပ်စောက်မှပို့ထားသည့် စစ်ကောင်စီတပ်ရင်း ၁၀ ရင်းခန့် ပူးပေါင်းပြီးခုခံနေသည်ဟု TNLA ‌ရှေ့တန်းရင်းမြစ်က ပြောသည်။

ထို့အပြင် ၉၀၂ ဌာနချုပ်ထဲတွင် ၁၂၀ မမ ဟောင်ဝစ်ဇာ ၄ လက် ပြင်ထားပြီး ရပ်စောက်မှ အဆိုပါ အမြောက် အတွက် ကျည်အလုံးရေ ၁၀၀၀ ခန့်ဖြည့်ထားသည်ဟု သိရသည်။

မြို့သိမ်းတိုက်ပွဲများဆင်နွှဲနေသည့် TNLA ကို တရုတ်နိုင်ငံက စစ်ရေးများရပ်တန့်ရန် ခြိမ်းခြောက်သည့် စာတစ်စောင် ဩဂုတ်လကုန်ပိုင်းက တရုတ်နိုင်ငံက ထုတ်ပြန်ခဲ့ပြီး မရပ်တန့်ပါက နောက်ဆက်တွဲ ဆိုးကျိုးများကို TNLA က တာဝန်ယူရမည်ဟု ဆိုသည်။

အဆိုပါ ခြိမ်းခြောက်သည့် ထုတ်ပြန်ချက်ထုတ်ပြီးနောက် တရုတ်နှင့် TNLA တို့ကြား စာဖြင့်ဖြင့်စေ၊ လူ ကိုယ်တိုင်ဖြစ်စေ ဆက်လက်ဆွေးနွေးညှိနိုင်းခြင်းမရှိသေးကြောင်း TNLA ‌ပြောခွင့်ရ လွေးယေဦးက ပြောသည်။

တရုတ်ဖိအားကြောင့် TNLA နှင့် မြောက်ပိုင်းမဟာမိတ်များ ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေး မည်သို့ ဆက်လက် ဆောင်ရွက်မည်ကို မသိရသေးကြောင်း လွေးယေဦးက ပြောသည်။

“တိုက်ပွဲက ရပ်တန့်သွားမလား ဘယ်လိုအခြေအနေရှိမလဲဆိုတာ ကျွန်မလည်း မပြောတတ်သေးဘူး၊ အားလုံးကတော့ PSLF/TNLA ဗဟိုကော်မတီက ဆွေးနွေးဆုံးဖြတ်တာဖြစ်တယ်၊ လက်ရှိကတော့ ဒီဆုံးဖြတ်ချက် ဘာမှကျတာမတွေ့ရသေးဘူး” 

ပြီးခဲ့သည့်နှစ်‌ အောက်တိုဘာ ၂၇ ရက်ကစတင်သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က စစ်တပ်၏ ရာနှင့်ချီသည့် စခန်းပေါင်းများစွာနှင့် နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုင်းငေါ့ စသည့် မြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဇန်နဝါရီလမှစတင်ကာ တိုက်ပွဲများ ရပ်တန့်ခဲ့ပြီး ယခုနှစ် ဇွန် ၂၅ရက်တွင် တိုက်ပွဲများ ပြန်လည်စတင်ခဲ့ပြီးနောက် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်နှင့် ယခု နောက်ဆုံး သီပေါမြို့ကို သိမ်းပိုင်ခဲ့ပြီး တောင်ခမ်းရွာရှိ လက်ကျန်အမြောက်တပ်များကို ဆက်လက်သိမ်း နိုင်ရန် တိုက်ခိုက်နေသည်။
TNLA သည် မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့သိမ်းယူရာတွင်လည်း မြို့ပေါ်ကို ရသော်လည်း အနီးရှိ စခန်းကုန်းတစ်ခုက လက်နက် မချသောကြောင့် တစ်လနီးပါး တိုက်ယူခဲ့ရသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *