ylliX - Online Advertising Network
ဘယ်လ်ဂျီယမ်နိုင်ငံရဲ့ အစားအသောက်မြို့တော် ဘရာဆဲလ်(စ်)

ဘယ်လ်ဂျီယမ်နိုင်ငံရဲ့ အစားအသောက်မြို့တော် ဘရာဆဲလ်(စ်)


ဥရောပနိုင်ငံတစ်ခုဖြစ်တဲ့ ဘယ်လ်ဂျီယမ်နိုင်ငံရဲ့ မြို့တော် ဘရာဆဲလ်(စ်)က ဗိသုကာလက်ရာတွေ၊ ဒေသစာတွေနဲ့ နာမည်ကြီးတဲ့ ဥရောပမြို့လေးပါ။ နေရာအချက်အချာကျကာ ယဉ်ကျေးမှုထွန်းကားပြီး ချစ်စရာကောင်းတဲ့ မြို့လေးလည်းပဲဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေရဲ့ ဌာနချုပ်ရုံးစိုက်ရာနေရာဖြစ်ပြီး ဥရောပနိုင်ငံတွေရဲ့ အဓိက နိုင်ငံရေးဆုံးဖြတ်ချက်တွေ၊ ဥပဒေတွေ ချမှတ်ရာနေရာလည်းဖြစ်ပါတယ်။ ဘယ်လ်ဂျီယမ် လူမျိုးတွေက ဘာသာစကားတစ်မျိုးထဲ ပြောတတ်ကြတာမဟုတ်ဘဲ ရုံးသုံးဘာသာစကား သုံးမျိုးတောင်ရှိပါတယ်။ ဘရာဆဲလ်(စ်)မြို့မှာ အများစုက ပြင်သစ်စကားပြောကြပေမဲ့ အများသုံးဆိုင်းဘုတ်တွေ ရုံးသုံးစာတွေကိုတော့ ပြင်သစ်နဲ့ ဒတ်(ချ်) ဘာသာစကားတွေ သုံးပါတယ်။ တတိယအသုံးပြုတဲ့ ဘာသာစကားကတော့ ဂျာမာန်ဘာသာစကားပါ။

ဘရာဆဲလ်(စ်)မြို့က ဒေသစာတွေနဲ့ နာမည်ကြီးပါတယ်။ စားသောက်ဆိုင်တွေများလွန်းလို့ ပျမ်းမျှအားဖြင့် တစ်စတုရန်းမိုင်မှာ စားသောက်ဆိုင် ၁၃၈ဆိုင်ထိရှိပါတယ်။ ဈေးပေါတဲ့ လမ်းဘေးဆိုင်ကအစ Michelin ကြယ်ပွင့်ရထားတဲ့ ကမ္ဘာကျော်ဆိုင်တွေအထိ အမျိုးမျိုးရှိလို့ အစားအသောက်ကြိုက်သူတွေ အတွက်တော့ နိဗာန်ပါပဲ။ ဘရာဆဲလ်(စ်)မြို့ရဲ့ အဓိကထုတ်ကုန်ထဲမှာ ဘီယာတွေပါပြီး မြို့ထဲမှာ ရောင်းချတဲ့ ဘီယာ ဘရန်းအမျိုးအစားပေါင်း ၈၀၀ကျော်တောင်ရှိပါတယ်။ ဘရာဆဲလ်(စ်)မြို့သူမြို့သားတွေက အာလူးချောင်းကြော်ကိုလည်း နှစ်ခြိုက်ကြပါတယ်။ အာလူးချောင်းကြော်တွေကို French Fries လို့ခေါ်ပေမဲ့ တကယ်တမ်း ဘရာဆဲလ်မြို့ကနေ အစပြုခဲ့ကြတာပါ။ အာလူးချောင်းကြော် ဘယ်လောက်တောင် ကြိုက်လဲဆိုရင် အာလူးချောင်းကြော်ပြတိုက်တောင် ရှိပါတယ်။ ဘယ်လ်ဂျီယမ်က ချောကလက်မှာလည်း နာမည်ကြီးပါပဲ။ တစ်နှစ်ကို ချောကလက်တန်ပေါင်း ၂သိန်း၂သောင်းလောက် ထုတ်လုပ်နေပါတယ်။ ဘရာဆဲ(စ်)လေဆိပ်က ကမ္ဘာပေါ်မှာ ချောကလက်အရောင်းရဆုံးနေရာပါ။ တစ်မိနစ်ကို ချောကလက် ၁.၆ကီလိုဂရမ်လောက် ရောင်းနေရတယ်ဆိုတော့ မနည်းမနောပဲနော်။ ဒါ့အပြင် ခရင်(မ်)တွေ ချောကလက်နဲ့ ပျားရည်တွေ သုတ်စားရတဲ့ ဝေဖာတွေ၊ ဂုံးပြုတ်တွေကလည်း ထင်ရှားတဲ့ ဒေသစာတွေပဲဖြစ်ပါတယ်။

ဘရာဆဲလ်(စ်)မြို့ ရောက်တဲ့ ခရီးသွားတိုင်း သွားလေ့ရှိတာကတော့ Grand Place လို့ခေါ်တဲ့ ရင်ပြင်ပါ။ ၁၅ရာစုကဆောက်ထားတဲ့ မြို့တော်ခန်းမ၊ ရွှေရောင်သန်းနေတဲ့အဆောက်အအုံတွေ၊ ပြတိုက်တွေ၊ ရှေးဟောင်းအဆောက်အအုံတွေ ဝန်းရံထားတဲ့ ရင်ပြင်ကြီးက ခေတ်အဆက်ဆက် ခမ်းနားထည်ဝါစည်ကားနေတာ အခုချိန်အထိပါပဲ။ ဒါကြောင့်လည်း ယူနက်စကိုကနေ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ်အသိအမှတ်ပြုထားတာပါ။ နှစ်နှစ်မှာတစ်ခါ ကျောက်တုံးတွေခင်းထားတဲ့ ရင်ပြင်ကြမ်းခင်းပေါ် ပန်းအစစ်တွေခင်းထားတဲ့ ပန်းကောဇောကြီးနဲ့လည်း အလှဆင်လေ့ရှိပါတယ်။

ဘရာဆဲလ်(စ်)မြို့ရဲ့ အထင်ကရတွေထဲက ထူးဆန်းတာကတော့ Manneken Pis လို့ခေါ်တဲ့ ရှုးပန်းနေတဲ့ကောင်လေး ရေပန်းကြေးရုပ်တုပါ။ ရာသီအလိုက် အဝတ်အစားအမျိုးမျိုး ဝတ်ပေးထားတဲ့ ကောင်လေး ရုပ်တုလေးက နာမည်ကျော်လို့ လာကြည့်တဲ့လူတွေ အမြဲမပြတ်ဝိုင်းအုံနေပါတယ်။ ဝတ်စုံပေါင်းထောင်ကျော်ရှိပြီး ဝတ်စုံတွေကို မြို့တော်ပြတိုက်မှာတောင် ပြသထားရတဲ့အထိပါ။ ဒီရုပ်တုလေးအပြင် Janneken Pis လို့ခေါ်တဲ့ ရှုးပေါက်နေတဲ့ ကောင်မလေးရုပ်တုနဲ့ ရှုးပန်းနေတဲ့ Zinneke ခွေးရုပ်တုလေးကလည်း ဒီမြို့မှာ ထင်ရှားပါတယ်။

ဘရာဆဲလ်(စ်)မြို့ရဲ့ ထင်ရှားတဲ့ အဆောက်အအုံတစ်ခုက Atomium လို့ခေါ်တဲ့အဆောက်အအုံပါ။ Iron Crystal ဆဲလ်ပုံကို အဆ ၁၆၅ဘီလီယံဆ ချဲ့ပြီးတည်ဆောက်ထားတာပါ။ ဘောလုံးလို အလုံး၉လုံးကို တုတ်ချောင်းတွေနဲ့ ဆက်ထားတဲ့ အဆောက်အအုံကြီးဖြစ်လို့ ထူးခြားပါတယ်။

ဘရာဆဲလ်(စ်)မြို့မှာ ကမ္ဘာ့အကြီးဆုံး တရားရုံးကြီးရှိပါတယ်။ Justice Palace လို့ခေါ်ပြီး အကျယ်အဝန်းအားဖြင့်၂၆၀၀၀ စတုရန်းမီတာ ကျယ်ဝန်းပါတယ်။ ၁၈၄၇ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့ပြီး ယခုတိုင်ဖွင့်လှစ်နေဆဲဖြစ်တဲ့ Galleries Saint Hubert ဆိုတဲ့ ဈေးရုံကြီးကလည်း ဥရောပရဲ့ ရှေးအကျဆုံး ဈေးရုံကြီးပဲဖြစ်ပါတယ်။ ဒါ့အပြင် ၃၅မီတာအနက်ရှိတဲ့ ကမ္ဘာ့အနက်ဆုံးရေကူးကန်လည်း ရှိပါတယ်။ Nemo 33 လို့ခေါ်ပြီး ရေငုပ်သမားတွေအတွက် လေ့ကျင့်ကွင်း ဖြစ်လို့နေပါတယ်။

ဒီလိုထူးခြားတဲ့ ဒေသစာတွေ၊ အဆောက်အအုံတွေနဲ့ ရုပ်တုတွေကြောင့်လည်း ဘရပ်ဆဲလ်(စ်)မြို့က ကမ္ဘာလှည့်ခရီးသည်တွေ မပြတ်စည်ကားနေတဲ့ ဥရောပမြို့တစ်မြို့ဖြစ်လို့နေတာပါ။

ဒေါက်တာနုမြတ်သိင်္ဂီဦး



Source link

Leave a Reply

Your email address will not be published. Required fields are marked *