ylliX - Online Advertising Network
နေပြည်တော်ရှိ အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး စင်္ကာပူမတက် - Myanmar Now

နေပြည်တော်ရှိ အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး စင်္ကာပူမတက် – Myanmar Now


စစ်ကောင်စီ ဦးဆောင်ကျင်းပနေသည့် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးသို့ စင်္ကာပူနိုင်ငံက တက်ရောက်ခြင်းမရှိဘဲ အချို့နိုင်ငံများသည်လည်း အဆင့်နိမ့်အရာရှိများသာ စေလွှတ်ခဲ့သည်ကို စစ်ကောင်စီ ထုတ်ပြန်ချက်များတွင် တွေ့ရသည်။

အောက်တိုဘာ ၁၀ မှ ၁၂ ရက်အထိ နေပြည်တော်တွင် ကျင်းပမည့် အစည်းအဝေးကို အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ရန်ကုန်ရှိ စစ်သံမှူးများကို စေလွှတ်ခဲ့သည်။ ထိုင်းနိုင်ငံက ရေတပ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်၊ မလေးရှားနိုင်ငံက ရေတပ် နိုင်ငံတကာဆက်ဆံရေး ညွှန်ကြားရေးမှူးတို့ကို စေလွှတ်သည်။

အစည်းအဝေးတွင် ဦးစီးချုပ်အဆင့်အဖြစ် တက်ရောက်သူမှာ  မြန်မာနိုင်ငံ ရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်းဝင်း ဖြစ်သည်။

ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်တို့က   ယာယီအကြီးအကဲ၊ ဒုတိယ အကြီးအကဲများ  တက်ရောက်သည်။

ရေတပ်ဦးစီးချုပ်များအစည်းအဝေးသည် အာဆီယံနိုင်ငံများ ပုံမှန်လုပ်နေသည့် အစည်းအဝေးဖြစ်သော်လည်း ယခု အချို့အာဆီယံနိုင်ငံများမှ ရေတပ်ခေါင်းဆောင်များ မတက်ရောက်ခြင်းသည် စစ်ကောင်စီကို အသိအမှတ်မပြုသည့် ရပ်တည်ချက်ကို ပြသလိုခြင်းကြောင့်ဟု မှန်းဆနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက ဆိုသည်။

“အချို့က အဆင့်နှိမ့်လွှတ်တာကတော့ နိုင်ငံရေးရပ်တည်ချက် သဘော ပြတယ်ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံနိုင်ငံများကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်နေသည့်တိုင်  အောက်တိုဘာလ ၂၂ ရက်နေ့က စတင်၍ အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးများ မြန်မာနိုင်ငံတွင် ကျင်းပခွင့်ရရှိထားသည်။

 အမျိုးသမီးများဆိုင်ရာ ဝန်ကြီးအဆင့်၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ခရီးသွားလုပ်ငန်းတို့နှင့် သက်ဆိုင်သည့် အစည်းအဝေး ၁၉ ခုကို မြန်မာနိုင်ငံတွင် ကျင်းပမည်ဖြစ်သည်။

အာဏာသိမ်းစစ်တပ် အုပ်ချုပ်နေစဉ် အပြစ်မဲ့ပြည်သူများ  ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်ခံနေရချိန် အာဆီယံအဆင့်မြင့်အစည်းအဝေးများ နိုင်ငံအတွင်း ကျင်းပခွင့်ရခြင်းသည် စစ်ကောင်စီကျူးလွန်သည့်  ရာဇဝတ်မှုများကို အားပေးအားမြှောက်ပြုနေသည့် လုပ်ရပ်ဟု အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့်  Defend Myanmar Democracy (DMD) အဖွဲ့ကအောက်တိုဘာ ၈ ရက်တွင် ကန့်ကွက်စာ ထုတ်ဝေဖန်ထားသည်။

“မြန်မာစစ်အုပ်စုကို အာဆီယံအစည်းအဝေးများ လက်ခံကျင်းပခွင့်ပေးခြင်းဟာ လုံးဝလက်ခံနိုင်စရာ မရှိပါဘူး။ စစ်အုပ်စုရဲ့ သတ်ဖြတ်၊ မုဒိမ်းကျင့် နှိပ်စက်နေတဲ့ မြန်မာပြည်သူတွေရဲ့ အသက်တွေကို ဂရုမစိုက်ရာကျပါတယ်” ဟု DMD အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနော်အောင်က ပြောသည်။ 

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေးတွင်လည်း မြန်မာ့အကျပ်အတည်းကို အာဆီယံခေါင်းဆောင်များ အပြင်းအထန်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှုအတွင်း အကြမ်းဖက်မှုများ လျှော့ချရန်၊ အရပ်သားများကိုပစ်မှတ်ထား တိုက်ခိုက်မှုများရပ်ရန် အာဆီယံခေါင်းဆောင်တို့က တိုက်တွန်းကြောင်း ရိုက်တာ သတင်းတစ်ပုဒ်တွင်ဖော်ပြသည်။



အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း စစ်ကောင်စီကို ဖိအားပေးမှုများဆက်လုပ်သွားမည်ဟု ပြောဆိုကြောင်း AFP သတင်းတွင်ဖော်ပြသည်။

အာဆီယံခေါင်းဆောင်များနှင့် အမေရိကန်အပါအဝင် အနောက်နိုင်ငံများက စစ်ကောင်စီကို ဖိအားပေးနေသည့်တိုင် အကြမ်းဖက်မှုများရပ်ရန်၊ သက်ဆိုင်သူများအားလုံး တွေ့ဆုံဆွေးနွေးကြရန် စသည့်အချက်များပါဝင်သည့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက လိုက်လျောခြင်းမရှိသေးပေ။

အာဆီယံ ဘုံသဘောတူညီချက်ကို  ၂၀၂၁ ခုနှစ် ဧပြီလအတွင်း   အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံက ကမကထပြုပြီး အာဆီယံခေါင်းဆောင်များ သဘောတူခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုသဘောတူညီချက်များ ၃ နှစ်ကျော်ကြာလာသည့်တိုင် အောင်မြင်မှုမရဟု ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့က အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ဖော်ပြောဆိုထားသည်။ ထို့အတွက် ဗျူဟာအသစ်များ ချမှတ်ရန်လိုနေသည်ဟုလည်း ဖိလစ်ပိုင်သမ္မတက ဆိုသည်။

၂၀၂၂ ခုနှစ်အတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီယားနိုင်ငံဝန်ကြီးချုပ် ဟွမ်ဆန်သည်လည်း နေပြည်တော်သို့သွားကာ စစ်ခေါင်းဆောင်ကို နားချခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။ အာဆီယံခေါင်းဆောင်များ ကြိုးပမ်းသည့်တိုင် စစ်ကောင်စီက မလိုက်လျောပုံကို “နွားက မရုန်းဘဲထွန်က မရွေ့နိုင်”ဟု နေပြည်တော်ခရီးစဉ်အပြီး ဟွမ်ဆန်က ထုတ်ဖော်ညည်းတွားခဲ့သည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကမ္ဘောဒီယားနိုင်ငံတို့က အာဆီယံအစည်းအဝေးများအတွင်း စစ်ကောင်စီကို အပြင်းအထန်ဝေဖန်လေ့ရှိသည်။

ရှုပ်ထွေးနေသည့် မြန်မာ့ပြဿနာအတွက် တရုတ်နိုင်ငံအကူအညီမပါဘဲ အာဆီယံခေါင်းဆောင်များ ဖြေရှင်းနိုင်မည်မဟုတ်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက ဆိုသည်

“မြန်မာနိုင်ငံ ပြဿနာဟာ နက်နဲရှုပ်ထွေးတယ်။ အာဆီယံအသင်းကြီး အနေနဲ့ ၃ နှစ်အတွင်း မစွမ်းဆောင်နိုင်တာလည်းအမှန်ပါပဲ၊ မြန်မာ့အရေးမှာ တရုတ်က အရေးပါတယ်။ အာဆီယံအနေနဲ့ တရုတ် မကူရင်ခက်မယ်” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းစစ်တပ်သည် ၃ နှစ်ကျော်ကာလအတွင်း ကလေးငယ် ၆၀၀ ကျော်အပါအဝင် အရပ်သားပြည်သူ ၅၆၀၀ကျော်ကို သတ်ဖြတ်ခဲ့ပြီး အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် စနစ်တကျ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကျူးလွန်နေသည်ဟု (DMD) အဖွဲ့၏ အောက်တိုဘာ ၈ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုအဖြစ်အပျက်များအတွက် မြန်မာပြည်သူများကို ကမ္ဘာက မျက်ကွယ်ပြုထားပြီး တုံ့ပြန်ဆောင်ရွက်ရန် ပျက်ကွက်နေသည်ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က အောက်တိုဘာ ၁၀ ရက် သြစတြေးလျနိုင်ငံ ခရီးစဉ်တွင် ပြောဆိုထားသည်။

မြန်မာပြည်သူများအပေါ် ရက်စက်ဖိနှိပ်နေသည့် စစ်အစိုးရကို လက်နက်နှင့် အရင်းအမြစ်များ တားဆီးပိတ်ပင်ရန်၊ စစ်ကောင်စီကို ကန့်သတ်ပိတ်ဆို့မှုများလုပ်ရန်လည်း Tom Andrews က သြစတြေးလျအစိုးရကို တိုက်တွန်းခဲ့သည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *