ylliX - Online Advertising Network
DEADPOOL & WOLVERINE

DEADPOOL & WOLVERINE















































Rating: 3 out of 5.

ကျွန်တော်တို့တွေအားလုံး ဂိမ်းဆော့ဖူးကြတယ်ဟုတ်။ ဂိမ်းတစ်ခုကို အလွယ်ဆုံး difficulty နဲ့ဆော့တဲ့အခါ အစပိုင်းတော့ ပျော်စရာသိပ်ကောင်းပြီး ကိုယ်လုပ်တိုင်းဖြစ်နေတာပေါ့။ ဒါပေမယ့် အချိန်ကြာလာတနဲ့အမျှ အရမ်းလွယ်ကူနေတာကြီးကို ရိုးအီလာမယ်။ ကိုယ့်ကို ပုံမှန်ထက်ပိုပြီး အာရုံစူးစိုက်စေမယ့် ပိုခက်တဲ့ ရန်သူတွေကို ချချင်လာမယ်။ ဒီလိုနဲ့ ပိုခက်တဲ့ difficulty ကို ရွေးပြီး ကစားကြည့်လာကြတယ်။ Deadpool & Wolverine ရုပ်ရှင်ဟာ difficulty ပြောင်းလို့မရတဲ့ အလွယ်ဆုံးဂိမ်းတစ်ခုကို ၂ နာရီကြာ ဆော့လိုက်ရတာနဲ့ တူပါတယ်။

ဒီလိုပြောလို့ Deadpool & Wolverine က မကောင်းတာလား။ မဟုတ်ပါဘူး။ ဂိမ်းအသစ်တစ်ခုကို စဆော့တဲ့အချိန်လို ခံစားချက်ကောင်းတစ်ခု ပေးနိုင်တာကို ဝန်ခံရပါလိမ့်မယ်။ တဖက်မှာလည်း အားမလိုအားမရဖြစ်မိတာတွေ၊ စိတ်ကသိကအောက်ဖြစ်ရတာတွေ ရှိနေပါတယ်။ 

ဇာတ်လမ်းက Deadpool အဖြစ်က အနားယူ၊ ရည်းစားနဲ့ ပြတ်သွားတဲ့ Wade Wilson တစ်ယောက် ကားဟောင်းအရောင်းသမားတစ်ယောက်အနေနဲ့ ဘဝကို ဖြတ်သန်းနေချိန် TVA က သူ့ကိုလာဖမ်းတာကနေ စပါတယ်။ အဲ့ဒီကနေ သူရဲ့ Universe ကိုကယ်တင်ဖို့အတွက် Wolverine ကို ခေါ်ရဖို့အကြောင်းပေါ်လာပြီး TVA မသိအောင် လျှို့ဝှက်လှုပ်ရှားနေတဲ့ Paradox၊ The Void ထဲမှာ ငယ်ငယ်လေးကတည်းက ပို့ခံထားရတဲ့ Chares Xavier ရဲ့အမွှာညီမ Cassandra Nova တို့နဲ့ ရင်ဆိုင်တွေ့ရပါတော့တယ်။ ပုံမှန်မြင်တွေ့နေကျ စူပါဟီးရိုးရုပ်ရှင်တွေရဲ့ ဇာတ်လမ်းကျောရိုးနဲ့ မကွာခြားပါဘူး။ 

ဒီရုပ်ရှင်မှာ အားအရမိဆုံးအပိုင်းကတော့ Deadpool နဲ့ Wolverine နှစ်ယောက်အချိတ်အဆက်မိပုံနဲ့ အက်ရှင်ခန်းတွေကို ရိုက်ကူးထားပုံပါပဲ။ MCU ရုပ်ရှင်တွေထဲကပဲ နှိုင်းယှဥ်ပြောရရင် Deadpool & Wolverine ရဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေဟာ Shang-Chi ကို ပြန်သတိရမိစေပါတယ်။ Wade နဲ့ Logan ကြားက ဟာသတွေ၊ ထေ့လုံးတွေကလည်း ပရိသတ်လိုချင်တဲ့အတိုင်းအတာတစ်ခုအထိ ကျေနပ်အောင် စွမ်းဆောင်နိုင်တယ်လို့ ခံစားရပါတယ်။ နောက်ထပ်သဘောကျမိတာကတော့ ဒီရုပ်ရှင်မှာ Deadpool ဇာတ်ကောင်ရဲ့အားသာချက်တစ်ခုဖြစ်တဲ့ 4th Wall Breaking လုပ်နိုင်စွမ်းကို အသုံးချပြီး ကြော်ငြာကို ပေါ်ပေါ်ထင်ထင် ကြော်ငြာလို့မပြောရုံတမယ် လုပ်ပြသွားတာပါပဲ။ Honda က ရုပ်ရှင်ထဲက သူတို့ရဲ့Honda Odyssey ကားကြော်ငြာအတွက် ဒေါ်လာ ၁၃၅ သန်းအထိ ပေးလိုက်ရတယ်ကြားပါတယ်။ အဲ့ဒီကားကို မုန်းလောက်အောင် မြင်ရကြားရတဲ့အပြင် Deadpool နဲ့ Wolverine ရဲ့ အကောင်းဆုံးအက်ရှင်ခန်းတစ်ခန်းကို အဲ့ဒီကားထဲမှာ ကြည့်ရတဲ့အတွက် Honda အတွက် တန်ပါတယ်။ ထားပါတော့။

သဘောကျမိတဲ့ နောက်ထပ်အချက်တစ်ခုကတော့ ဧည့်သည်သရုပ်ဆောင်တွေပါ။ 20th Century Fox လက်ထဲမှာတုန်းက လူကြိုက်များခဲ့၊ အဆုံးသတ်မလှခဲ့၊ ပိတ်ကားပေါ်ရောက်ခွင့်မရခဲ့တဲ့ ဇာတ်ကောင်တွေကို Deadpool & Wolverine မှာ အကောင်းဆုံးနှုတ်ဆက်လမ်းခွဲတစ်ခုအနေနဲ့ တင်ဆက်ပြသွားနိုင်ခဲ့တာ တကယ်ကောင်းပါတယ်။ Madonna ရဲ့ ကမ္ဘာကျော်သီချင်းကို မထင်မှတ်ထားတဲ့ပုံစံအသစ်အဆန်းနဲ့ ကြားရတာ၊ Avril Lavinge ရဲ့ အကောင်းဆုံးသီချင်းတွေထဲကတစ်ပုဒ်ကို မမျှော်လင့်ဘဲ နားထောင်ရတာတွေကိုလည်း ကျေနပ်မိပါတယ်။ Mad Max, Ted Lasso reference တွေကလည်း ပြုံးမိစေပါသေးတယ်။

Ryan Reynolds ကို တခြားဇာတ်ကောင််တွေအနေနဲ့ ကြည့်တဲ့အခါ Deadpool အင်္ဂါရပ်မပျောက်တာကို မတင်မကျဖြစ််မိပေမယ့် Deadpool အဖြစ်ကိုတော့ သူကလွဲပြီး တခြားလူမြင်ကြည့်လို့မရပါဘူး။ Hugh Jackman ရဲ့ Wolverine ကိုလည်း ကြည့်လို့ဝသွားပြီထင်ခဲ့ပေမယ့် ပြန်မြင်ရတော့ သဘောကျမိနေဆဲပါပဲ။ Emma Corrin ရဲ့ Cassandra Nova သရုပ်ဆောင်ပုံကလည်း အားရစရာကောင်းပါတယ်။ သာမန်စူပါဟီးရိုးရုပ်ရှင်ကားတစ်ကားမှာ မြင်တွေ့နေကျ သရုပ်ဆောင်ဟန်တွေထက် ထူးထူးခြားခြား ကွဲထွက်နေတာမျိုးမရှိကြပေမယ့် လက်သင့်ခံနိုင်တဲ့အနေအထားတစ်ခုမှာ ရှိပါတယ်။

ဒီရုပ်ရှင်ရဲ့ အကောင်းဆုံးအချက်ဟာ Deadpool နဲ့ Wolverine အတွဲအဖက်နဲ့ ပရိသတ်တွေ မထင်မှတ်ထားတဲ့ ဧည့်သည်သရုပ်ဆောင်တွေဖြစ်ပြီး အဆိုးဆုံးအချက်ဟာလည်း ဒါပဲဖြစ်နေပြန်ပါတယ်။ Deadpool နဲ့ Wolverine တို့ တစ်ယောက်နဲ့တစ်ယောက်ကြားက ထေ့လုံးတွေ၊ ရန်စတွေက ရုပ်ပြစာအုပ်ပရိသတ်တွေ နှစ်ပေါင်းများစွာ တောင့်တခဲ့ရတဲ့ မြင်ကွင်းတွေကို ပိတ်ကားပေါ် သေချာပြသနိုင်ခဲ့ပေမယ့် သူတို့နှစ်ယောက်အပေါ် အသားပေးနေတာကြောင့်ပဲ ရုပ်ရှင်ရဲ့ ကျန်တဲ့အစိတ်အပိုင်းတွေက အတော်လေး ဟုန်သွားပါတယ်။ ဗီလိန်ဖြစ်တဲ့ Cassandra Nova ဇာတ်ကောင်ဟာ အလားအလာအများကြီးရှိပေမယ့် Third Act မရှိတဲ့ရုပ်ရှင်မှာ သူ့ရဲ့အဆုံးသတ်က လျော့တိလျော့ရဲသာ ဖြစ်ခဲ့ပါတယ်။ Deadpool ရဲ့ ဘဝအခြေအနေကို ပြတဲ့နေရာမှာလည်း ထင်သလောက်နက်ရှိုင်းမှုမရှိတာကို ခံစားရပါတယ်။ 

နောက်တစ်ချက်ကတော့ တစ်ယောက်နဲ့တစ်ယောက် အမြင်ပိုကွဲပြားမယ်ထင်ပါတယ်။ Deadpool & Wolverine က လိုအပ်တာထက် 4th Wall Breaking လုပ်လွန်းနေတယ်လို့ ခံစားရတာပါ။ တချို့အခိုက်အတန့်တွေက ရယ်ရပေမယ့် အချိန်အတော်များများမှာ ဇာတ်လမ်းရဲ့အရှိန်ကို အနှောင့်အယှက်ဖြစ်နေတယ်လို့ ထင်မိပါတယ်။ သီချင်းတစ်ပုဒ်ကို နားထောင်နေရင်း စပီကာကနေ အသံစူးကြီး ထွက်လာသလိုမျိုးပါပဲ။ 4th Wall Breaking လုပ်လို့အကောင်းဆုံးဇာတ်ကောင်တစ်ယောက်ရဲ့ ရုပ်ရှင်ဖြစ်တာမို့ ဒီလိုအခိုက်အတန့်တွေကို ကြိုတင်မျှော်မှန်းထားတာမှန်ပေမယ့် ဒီတစ်ကားမှာတော့ နည်းနည်းကျွံနေတယ်လို့ ခံစားမိတာ အမှန်ပါ။ 

အပေါ်မှာ Third Act မရှိတဲ့ရုပ်ရှင်လို့ ညွှန်းခဲ့တာ သတိထားမိကြမှာပါ။ ဘာကြောင့် ဒီလိုပြောရသလဲဆိုတာကို ဒီရုပ်ရှင်ဝေဖန်ရေးရဲ့ ပထမဆုံးအဖွင့်စာသားနဲ့ ချိတ်ရပါလိမ့်မယ်။ Deadpool & Wolverine ရုပ်ရှင်ဟာ ပရိသတ်တွေ လိုချင်မှန်း သူတို့သိနေတဲ့ Deadpool နဲ့ Wolverine ဇာတ်ဝင်ခန်းတွေ၊​ ဧည့်သည်သရုပ်ဆောင်တွေ၊ အက်ရှင်ခန်းတွေ တင်ဆက်ပြီးတဲ့အချိန်မှာ ဒီလိုပြခွင့်ရဖို့ တည်ဆောက်ထားတဲ့ဇာတ်လမ်းကို ဘယ်လိုအဆုံးသတ်ရမလဲဆိုတာ မသိတော့ပုံပါပဲ။​ ဂိမ်းတစ်ခုကို အလွယ်ကူဆုံး difficulty နဲ့ဆော့ပြီးချိန် (ရုပ်ရှင်ထဲမှာ ပရိသတ်လိုချင်သမျှ ထုတ်ပြပြီးချိန်) မှာ ဘာဆက်လုပ်ရမလဲမသိတော့တာနဲ့ တူပါတယ်။ ဒီနေရာမှာ စဥ်းစားစရာပေါ်လာတာက ပရိသတ်ဆိုတာ သူတို့လိုချင်တာကို တောင်းဆိုတတ်ပေမယ့် ရုပ်ရှင်ကားတစ်ကား/ဇာတ်လမ်းတစ်ပုဒ်ကို စမဖွင့်တတ်သလို ပိတ်လည်းပိတ်တတ်မှာမဟုတ်ပါဘူး။ ဖွင့်ဖို့ ပိတ်ဖို့ တာဝန်လည်းမရှိပါဘူး။ ရုပ်ရှင်ကားတစ်ကားအတွင်းမှာ သူတို့လိုချင်တဲ့ အစိတ်အပိုင်းလေးတွေ ပါဝင်ဖို့သာ မျှော်လင့်တတ်တာဖြစ်ပါတယ်။​ Deadpool & Wolverine ဟာ ဇာတ်လမ်းစဖွင့်တဲ့အချိန်မှာ ပရိသတ်လိုချင်တဲ့အခိုက်အတန့်တွေဆီ ခေါ်သွားဖို့ “လက်ခံနိုင်လောက်တဲ့” ဇာတ်လမ်းတစ်ခုကို တည်ပြီး ဖွင့်နိုင်ခဲ့ပေမယ့် အဲ့ဒီဇာတ်လမ်းကို ပြန်ပိတ်တဲ့နေရာမှာတော့ သပ်ရပ်မှုမရှိခဲ့ပါဘူး။ 

ဒီရုပ်ရှင်ဟာ MCU လက်ထဲက ပထမဆုံး Deadpool ရုပ်ရှင်မှန်ပေမယ့် MCU နဲ့ Fox ကြားက အကူးအပြောင်းအတွက် တံတားထိုးတဲ့ရုပ်ရှင်ဆိုတာထက် 20th Century Fox ကို နှုတ်ဆက်လက်ပြတဲ့ Deadpool ရုပ်ရှင်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ နှုတ်ဆက်တဲ့နေရာမှာ တာဝန်ကျေပွန်ခဲ့ပေမယ့် ရှေ့ဆက်သွားမယ့်ပုံစံကတော့ ဘာဖြစ်မလဲဆိုတာ ဝေဝါးနေဆဲပါပဲ။ Deadpool & Wolverine ဟာ ဦးတည်ချက်ပေါင်းစုံနဲ့ ရှုပ်ထွေးထူပြောနေတဲ့ စူပါဟီးရိုးရုပ်ရှင်တွေ၊ စီးရီးတွေကြားမှာ တထောက်နားစရာ ပေါ့ပေါ့ပါးပါးရုပ်ရှင် ဖြစ်ခဲ့ပါတယ်။ ဒီထက်မလျော့သလို ပိုလည်းမပိုပါဘူး။ နောက်ထွက်မယ့် Deadpool ရုပ်ရှင်မှာတော့ လွယ်ကူလွန်းတဲ့ ပရိသတ်အလိုကျတင်ဆက်မှုတွေရဲ့အလွန်က ပထမဆုံး Deadpool ရုပ်ရှင်တုန်းကလို စိန်ခေါ်မှုများတဲ့ ကွန့်မြူးလက်ရာတွေကို ပြန်မြင်ချင်တာတော့ အမှန်ပါပဲ။​ 

Cinema Boulevard အနေနဲ့ Deadpool & Wolverine ကို အဆင့်သတ်မှတ်ချက် ၃/၅ ပေးပါတယ်။ ကြည့်ရှုပြီးကြတဲ့ ပရိသတ်တွေအနေနဲ့ရော Deadpool & Wolverine ကို ဘယ်လိုမြင်ကြပါသလဲ။



Source link

Leave a Reply

Your email address will not be published. Required fields are marked *