မြန်မာ့အရေး တရုတ်အစိုးရ၏ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်စွက်ဖက်နေမှု အခြေအနေကို မကြာသေးခင်က ပေါက်ကြားလာသော တရုတ်အစိုးရ အထူးကိုယ်စားလှယ် နှင့် “ဝ” ခေါင်းဆောင်များအကြား ဆွေးနွေးပွဲ မှတ်တမ်းမှတစ်ဆင့် သိလာကြပြီးနောက် ရန်ကုန်အခြေစိုက် သံတမန်အသိုက်အဝန်းအကြား နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော အခြေအနေအပေါ် စိတ်ဝင်စားမှု မေးခွန်းထုတ်မှုများကို Myanmar Now က သိရှိရသည်။
ဩဂုတ်လနှောင်းပိုင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူးအာမြို့၌ တရုတ်အစိုးရ၏ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း ဦးဆောင်သောအဖွဲ့ နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးကျောက်ကောအန်း ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံခဲ့သည့် အစည်းအဝေးမှတ်တမ်း အသေးစိတ်ကို Myanmar Now က ဦးစွာသတင်းရေးသား ဖော်ပြခဲ့သည်။
“ဝ” အဖွဲ့ဖက်က အသေးစိတ်မှတ်တမ်းတင်ထားခဲ့သော ထိုတွေ့ဆုံဆွေးနွေးမှုမှတ်တမ်းပါ အချက်အလက်များ ကြောင့် သံတမန်အသိုက်အဝန်းအကြား အဓိကမေးခွန်းထုတ်နေသည်မှာ တရုတ်နိုင်ငံ၏ ရပ်တည်ချက် အပြောင်းအလဲနှင့် အကျိုးဆက်အားဖြင့် ညီနောင်မဟာမိတ် ၃ဖွဲ့ ဖော်ဆောင်နေသော “၁၀၂၇ စစ်ဆင်ရေး” အပေါ် ဖြစ်ပေါ်လာနိုင်သော သက်ရောက်မှုများ ဖြစ်သည်။
ထိုမေးခွန်းတွင် တရုတ်အစိုးရသည် ၎င်း၏ မြန်မာ့အရေး ရပ်တည်ချက်ကို အပြောင်းအလဲ လုပ်ခဲ့သလား သို့မဟုတ် ပွင့်ပွင့်လင်းလင်း ဖြစ်လာခြင်းလား၊ တရုတ်၏ ဖိအားများကြောင့် “၁၀၂၇ စစ်ဆင်ရေး” အပေါ် သက်ရောက်မှုများ ရှိနေပြီလား ဆိုပြီး နှစ်ပိုင်းခွဲ၍ ဆန်းစစ်လေ့လာ တင်ပြသွားပါမည်။
တရုတ်အစိုးရ ရပ်တည်ချက် အပြောင်းအလဲ လုပ်ခဲ့ခြင်းရှိမရှိ
Myanmar Now ၏ လေ့လာတွေ့ရှိချက်အရ တရုတ်အစိုးရ၏ မြန်မာ့အရေး ရပ်တည်ချက်သည် တစ်တမတ်တည်းဖြစ်ပြီး၊ မည်သည့်အခါကမျှ အပြောင်းအလဲမလုပ်ခဲ့ပါ၊ ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် ရှိလာခြင်းသာ ကွာ ခြားပါသည်။
စစ်တပ်၏ အာဏာသိမ်းခြင်းကို မထောက်ခံပါဟု တရုတ်အစိုးရ မပြောဆိုခဲ့ဖူးပါ။ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်းက စစ်တပ်သည် ရွေးကောက်ခံ အရပ်သားအစိုးရခေါင်းဆောင်များကို ဖမ်းဆီးပြီး အာဏာရယူ ခဲ့ခြင်းကို “အာဏာသိမ်းခြင်း” (Coup) ဟု သတ်မှတ်သုံးနှုန်းခဲ့သော်လည်း၊ တရုတ်အစိုးရက သာမန် အစိုးရ အပြောင်းအလဲတစ်ခုအဖြစ် နိုင်ငံတကာမျက်နှာစာတွင် စစ်တပ်ဖက်က ကာကွယ်ဝါဒဖြန့်ခဲ့သည်။
ဥပမာအားဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် စစ်တပ်အာဏာသိမ်းမှုအပေါ် ပထမဆုံးဆွေးနွေး သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) အစည်းအဝေးတွင် တရုတ်အစိုးရသည် “အာဏာသိမ်း” ဆိုသည့် အသုံးအနှုန်း သုံးစွဲခြင်းကို ကန့်ကွက်ခဲ့သဖြင့်၊ အစည်းအဝေး ထုတ်ပြန်ချက်အမှတ် SC/14430 တွင် “အရေးပေါ် အခြေအနေကြေညာခြင်း” (The declaration of the state of emergency) အသုံးအနှုန်းကိုသာ သုံးစွဲခဲ့သည်။
ယနေ့အချိန်အထိ ကုလသမဂ္ဂကြေညာချက်တိုင်းတွင် အာဏာသိမ်းခြင်း အသုံးအနှုန်းကို ရှောင်ရှားခဲ့ရသည်။ ထို့ကြောင့် အာဏာသိမ်းချိန်ကတည်းက တရုတ်အစိုးရသည် နိုင်ငံတကာမျက်နှာစာတွင် စစ်တပ်ဖက်က ရပ်တည်ကာကွယ်ခဲ့ခြင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရသည်။
သို့သော် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ရောက်လာသည့်အခါ နှစ်စဥ်ကျင်းပနေသော ကုလသမဂ္ဂညီလာခံတွင် မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်နေရာအတွက် လက်ရှိမြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ၏ နေရာတွင် စစ်ကောင်စီခန့် ကိုယ်စားလှယ်ကို အစားထိုးရန် စစ်တပ်၏ကြိုးပမ်းမှု မအောင်မြင်ခဲ့ပါ။
ထိုဖြစ်ရပ်တွင် Credential Committee ၏ အမြဲတမ်းအဖွဲ့ဝင် တရုတ်နိုင်ငံက မကန့်ကွက်၍ ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ယူနိုင်ခြင်း ဖြစ်သည်ဟုဆိုကာ တော်လှန်ရေးအင်အားစုများက တရုတ်အစိုးရ ရပ်တည်ချက် ပြောင်းလဲပြီ၊ စစ်တပ်ကို ယခင်ကကဲ့သို့ မထောက်ခံတော့ဟု အဓိပ္ပာယ်ကောက်ယူခဲ့ကြသည်။
စင်စစ် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အရေးကိစ္စသည် ကုလသမဂ္ဂသမိုင်းတွင် ပထမဆုံး ဖြစ်ရပ်မဟုတ်ဘဲ၊ ယခင် အလားတူဖြစ်ရပ်များတွင် ကုလသမဂ္ဂအတွင်း ကျင့်သုံးခဲ့ဖူးသော ကျင့်ထုံးများအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ဗီဒိုအင်အားကြီး ၅ နိုင်ငံအဖွဲ့ဝင် တရုတ်သည် ကုလသမဂ္ဂ၏ အစဥ်အလာကျင့်ထုံးများကို ဆန့်ကျင်လျက် ဦးကျော်မိုးထွန်းကို ကန့်ကွက်လျင် အထွေထွေညီလာခံအတွင်း မဲခွဲဆုံးဖြတ်ရသည်အထိ ဖြစ်လာမည့်အပြင် ရှုံးနိမ့်ပါက ကမ္ဘာ့အလယ် လွန်စွာသိက္ခာကျမည့်အရေးကြောင့် စွန့်စားမှုနှင့် မထိုက်တန်၍ မကန့်ကွက်ခြင်းသာ ဖြစ်သည်။
ထို့ကြောင့် ဦးကျော်မိုးထွန်းသည် ယခုနှစ် အထွေထွေညီလာခံသက်တမ်းအထိ ၄နှစ်ဆက်တိုက် မြန်မာနိုင်ငံ ကိုယ်စားပြု သံအမတ်ကြီးအဖြစ် ဆက်လက်ရပ်တည်နေနိုင်ခြင်းသည် တရုတ်နိုင်ငံက မကန့်ကွက်ခြင်းကြောင့် မဟုတ်ဘဲ၊ ကုလသမဂ္ဂ၏ အစဥ်အလာ ကျင့်ထုံးများကြောင့်ဟု သုံးသပ်လျင် ပို၍မှန်ကန်မည်ဖြစ်သည်။
ထို့အပြင် မြန်မာပြည်တွင်းရှိ တရုတ်ရင်းနှီးမြုပ်နှံမှုများ၏ လုံခြုံရေးအပေါ် တရုတ်အစိုးရသည် ယနေ့အချိန် လောက် စိုးရိမ်ရမှုမျိုး ယခင်က မရှိခဲ့ဖူးပါ။ ထို့ကြောင့် ၎င်းတို့၏ အကျိုးစီးပွားများ ဖျက်ဆီးမခံရရေးနှင့် ပြည်သူ များအကြား တရုတ်ဆန့်ကျင်ရေး ဖြစ်ပေါ်မလာစေရန် စစ်တပ်ကိုဆန့်ကျင်သော အင်အားစုများက တရုတ် ရပ်တည်ချက် ပြောင်းလဲလာသည်ဟု ထင်မြင်နေခြင်းသည် ၎င်းတို့အတွက် အသုံးကျ၊ အမြတ်ထွက်ခဲ့သည်။
တနည်းအားဖြင့် တစ်ချိန်ချိန်တွင် တရုတ်၏ထောက်ခံမှု ပိုမိုရရှိလေမည်လား တော်လှန်ရေးအင်အားစုများ၏ မျှော်လင့်ချက်ကို တရုတ်အစိုးရ ကောင်းစွာအသုံးချခဲ့ခြင်းသာ ဖြစ်သည်။
ဒုတိယတွေ့ရှိချက်မှာ ဒေသတွင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထဲက အဓိက အဖွဲ့ဝင်နိုင်ငံ များဖြစ်သော အင်ဒိုနီးရှား၊ စင်္ကာပူနှင့် မလေးရှားတို့က အဖွဲ့ဝင်မြန်မာနိုင်ငံအရေး ဖြေရှင်းရန် “တူညီဆန္ဒ ၅ရပ်” ချမှတ်ပြီး အာဆီယံဗဟိုပြုမှု (ASEAN Centrality) “မူဝါဒ” ဖြင့် ဦးဆောင်ကြိုးပမ်းလာရာ၊ UNSC က ထောက်ခံခဲ့သည့်အတွက် တရုတ်အစိုးရကလည်း လက်ခံခဲ့ရသည်။ သို့သော် စစ်ခေါင်းဆောင် မင်းအောင်လှိုင် က အကောင်အထည်ဖော်ရန် ငြင်းဆန်ခဲ့သဖြင့်၊ အာဆီယံထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးများ တတ်ရောက်ခွင့် ပိတ်ပင်ခဲ့ရာ တရုတ်အတွက် အခက်ကြုံခဲ့ရသည်။
အာဆီယံ၏ မင်းအောင်လှိုင်အပေါ် အရေးယူမှုတို့ကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ထောက်ခံခဲ့ကြ သဖြင့် အာဆီယံ၏ အဓိကဆွေးနွေးဖက်နိုင်ငံဖြစ်သော တရုတ်အတွက် အကြပ်ရိုက်စေခဲ့ပြီး၊ မဖြစ်မနေ လိုက်နာခဲ့ရသည်။
သို့သော် အာဆီယံ၏ ဆုံးဖြတ်ချက်ကို မဆန့်ကျင်နိုင်သော တရုတ်အစိုးရသည် စစ်ကောင်စီ ထွက်ပေါက်ရ စေရန် အာဆီယံအဖွဲ့ဝင် မဲခေါင်ဒေသခွဲ ၅နိုင်ငံနှင့် ပူးတွဲဖွဲ့စည်းထားသော လန်ချန်း-မဲခေါင်း ပူးပေါင်း ဆောင်ရွက်ရေး (LMC) ယန္တရားမှတစ်ဆင့် အရာသွင်းအသိအမှတ်ပြု ဆက်ဆံခဲ့သည်။
တရုတ်နိုင်ငံခြား ရေးဝန်ကြီး ဝမ်ယိသည် နေပြည်တော်တွင် မင်းအောင်လှိုင်နှင့် ဆွေးနွေးပြီး ဩဂုတ်လ ၁၆ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသော ၉ ကြိမ်မြောက် LMC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြင်ပတွင် မြန်မာ့အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ ထိုင်း၊ လာအို ၃နိုင်ငံနှင့် စစ်ကောင်စီခန့် နိုင်ငံခြားရေး ဝန်ကြီးတို့ ပထမဆုံးအကြိမ် အလွတ်သဘော အစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ၏ ခြေလှမ်းသည် မြန်မာ့အရေးကို အာဆီယံယန္တရားပြင်ပတွင် အိမ်နီးချင်းနိုင်ငံများက ပူးပေါင်းဖြေရှင်းမည့် လမ်းကြောင်းသစ်ကို ဖော်ဆောင်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။
ထိုအစည်းအဝေးတွင် ဝမ်ယိသည် မြန်မာ့အရေး “စည်း ၃စည်း” မကျော်ရန် ပြောဆိုခဲ့စဉ် နောက်ဆုံးစည်းအဖြစ် “ပြင်ပအင်အားစုများ ထင်သလိုစိမ့်ဝင်၍ ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြု” ဟု ရာဇသံပေးသကဲ့သို့ ပြောဆိုခဲ့ သည်။
ပေါက်ကြားလာသော အစည်းအဝေးမှတ်တမ်းတွင်လည်း MNDAA သည် ၎င်းတို့၏ အထူးဒေသ (၁) ကိုးကန့် နယ်မြေကို ကျော်လွန်ပြီး လားရှိုးမြို့ကို သိမ်းပိုက်ခဲ့ခြင်းကြောင့် အမေရိကန်နှင့် အနောက်အုပ်စုတို့ မြန်မာ့ အရေး ဝင်ရောက်စွက်ဖက်လာစေရန် အခွင့်အလမ်းရရှိသွားကြောင်း တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း၏ ပြောဆိုချက်ကို လေ့လာတွေ့ရှိရသည်။
စင်စစ် မြန်မာ့အရေး ၎င်းတို့စိတ်တိုင်းကျ ဝင်ရောက်စွက်ဖက်နိုင်ရန် တရုတ်သည် အမေရိကန်နှင့် အနောက် နိုင်ငံများကို ဦးစွာလက်ညိုးထိုးပြီး အသံကျယ်လောင်စွာ စွပ်စွဲလာခြင်း ဖြစ်သည်။ ထို့အပြင် အာဆီယံကိုကျော် လွန်ပြီး စစ်ကောင်စီကို ကာကွယ်ကူညီနိုင်ရန် အိမ်နီးချင်းနိုင်ငံများသည် အဓိကကျသည့်ပုံစံ လမ်းကြောင်းသစ် ဖန်တီးနေခြင်း ဖြစ်သည်။
တတိယတွေ့ရှိချက်မှာ တရုတ်အစိုးရသည် တရုတ်-မြန်မာနယ်စပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်မပတ်သက်ရန် တိုးတိုးတိတ်တိတ် ဖိအားပေးခဲ့သည့် အထောက်အထားများ ယခင်နှစ်များကတည်းက ကြားသိခဲ့ရသည်။ ပေါက်ကြားလာသော အစည်းအဝေးမှတ် တမ်းတွင် တရုတ်အထူးကိုယ်စားလှယ်က ထိုအချက်ကို တင်းတင်းမာမာ ပြောဆိုထားခြင်းသည် တရုတ်၏ ရပ်တည်ချက်ပြောင်းလဲခြင်း မဟုတ်ဘဲ၊ အစဥ်တစိုက် ပြောဆိုနေခြင်း ဖြစ်သည်။
ထို့ကြောင့် တရုတ်အစိုးရ ရပ်တည်ချက် အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်း မဟုတ်ဘဲ၊ စစ်ကောင်စီကို မသိမသာ ပံ့ပိုးကူညီနေသည့် အခြေအနေမှ၊ စစ်တပ်ပြိုလဲနိုင်ခြေ ဖြစ်ပေါ်လာချိန်တွင် ရှေ့တန်းထွက်လာပြီး ပွင့်ပွင့် လင်းလင်း ထောက်ခံရပ်တည်ပြလာခြင်း ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသည်။
“၁၀၂၇ စစ်ဆင်ရေး” အပေါ် တရုတ်ဖိအား သက်ရောက်မှုအတိုင်းအတာ
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” က စစ်တပ်ကို ဆန့်ကျင်နေသော လက်နက်ကိုင်တော်လှန်ရေးကို အရှိန်အဟုန်အားကောင်းစေခဲ့ပြီး စစ်ရေးအခြေအနေမှာ အကြီးအကျယ် ပြောင်းလဲခဲ့သည်။
နိုင်ငံတကာအစိုးရများနှင့် မြန်မာစစ်တပ်အကြောင်း နှစ်ပေါင်းများစွာ လေ့လာခဲ့ကြသည့် နိုင်ငံတကာ စစ်ရေး ကျွမ်းကျင် ပညာရှင်များအားလုံး ထင်မှတ်မထားသော စစ်တပ်၏ အကြီးအကျယ် ပြိုလဲမှုကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။
ထိုဖြစ်စဥ်တွင် ညီနောင်မဟာမိတ် ၃ဖွဲ့က ကျားဖြန့်နှိမ်နှင်းရန် ရည်ရွယ်ချက်ကို စစ်ဆင်ရေး ကြေညာချက်တွင် ထည့်သွင်းခဲ့ခြင်းအပေါ် အခြေခံပြီး တရုတ်အစိုးရ “မီးစိမ်းပြ” ၍ စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်း၊ တရုတ်က နောက်ကွယ်မှ ကူညီနေ၍ စစ်ရေးအောင်မြင်ခဲ့ခြင်း ဟု ယူဆသုံးသပ်မှုများ ရှိခဲ့သည်။
ထိုယူဆချက် ခိုင်မာကျယ်ပြန့်ခဲ့ခြင်းသည် စစ်ကောင်စီ အကာအကွယ်ပေးထားသော ကိုးကန့်ဒေသ၏ အချမ်း သာဆုံး သူဌေးမိသားစု ၄စုနှင့် ၎င်းတို့၏ ကျားဖြန်ကွန်ရက်ကြီးကို တရုတ်အစိုးရ နှိမ်နင်းအောင်မြင်ခြင်းမှာ ညီနောင်မဟာမိတ် ၃ဖွဲ့၏ ပူးပေါင်းနှိမ်နင်းမှုကြောင့် ဆိုသည် အကြောင်းတရားအပေါ် အခြေခံခဲ့သည်။
ထိုကာလ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် “၁၀၂၇ စစ်ဆင်ရေး” နောက်ကွယ်တွင် တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်မှုအပေါ် ၎င်း၏သံသယကို လူသိထင်ရှား ထုတ်ဖော်ပြောဆိုခဲ့ဖူးပြီး၊ စစ်တပ်ထောက်ခံအားပေးသူများကို လမ်းပေါ်ထွက်စေပြီး တရုတ်ဆန့်ကျင်ရေးများ လုပ်ဆောင်စေခဲ့သည်။ ထိုအချက်က တရုတ်အစိုးရကို စစ်တပ်အား ပွင့်ပွင့်လင်းလင်း ထောက်ခံရပ်တည်ပေးရန် မင်းအောင်လှိုင်၏ ဖိအားပေးကြိုးပမ်းမှုအဖြစ် လေ့လာတွေ့ရှိရသည်။
တရုတ်အစိုးရသည် ပထမပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေးကို ဦးစားပေး၍ ကြားဝင်စေ့စပ်ပေးခဲ့ရာ “ဟိုက်ဂင်” သဘောတူညီချက် ထွက်ပေါ်လာပြီး၊ “၁၀၂၇ စစ်ဆင်ရေး” နိဂုံးချုပ်သွားပြီးလားဟု မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။
တရုတ်အစိုးရ၏ ကြားဝင်မှုသည် ညီနောင်မဟာမိတ် ၃ဖွဲ့ကို သိမ်းပိုက်နယ်မြေများမှ ဆုတ်ခွာရန်ဖိအားပေးခဲ့ ခြင်းမရှိဘဲ၊ ရောက်သည့်နေရာတွင် နှစ်ဖက်တပ်များ အပစ်ရပ်ရေးကိုသာ ဆောင်ရွက်ခဲ့၍ MNDAA ၏ ကိုးကန့်နယ်မြေအား ပြန်လည်သိမ်းပိုက်မှုကို တရုတ်က သွယ်ဝိုက်သောနည်းဖြင့် ကူညီခဲ့ခြင်းဟု ယူဆချက် များ ရှိခဲ့သည်။
ပေါက်ကြားခဲ့သော တရုတ်အထူးကိုယ်စားလှယ်နှင့် ဆွေးနွေးမှုမှတ်တမ်းအရ “ဝ” ခေါင်းဆောင်များ၏ ပြောဆိုချက်ထဲတွင် MNDAA ၏ ကိုးကန့်ဒေသ ပြန်လည်ရရှိရေး ကြိုးပမ်းမှုကို တရုတ်အစိုးရက အသိအမှတ်ပြုခဲ့သည်ဟု ပါရှိသည်။ တရုတ်၏ အသိအမှတ်ပြုမှုသည် ညီနောင်မဟာမိတ် ၃ဖွဲ့၏ ကျားဖြန့်နှိမ်နှင်းရေးကို ပူးပေါင်းကူညီ သည့်အပေါ် တုံ့ပြန်ခြင်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် စစ်တပ်သည် “ဟိုက်ဂင်” သဘောတူညီချက်ကို လက်ခံ ခဲ့ရသော်လည်း ကြေနပ်မှုမရှိဘဲ၊ ဆုံးရှုံးနယ်မြေများ ပြန်လည်ရရှိရေးကိုသာ လိုလားခဲ့သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ရှုံးသဖြင့် စစ်တပ်အတွင်း ဖိအားများနှင့် ရင်ဆိုင်နေရခဲ့ပြီး၊ “ဟိုက်ဂင်” သဘောတူညီချက်ကို ချိုးဖျက်ကာ လေကြောင်းဗုံးကြဲမှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ဇွန်လ ၂၅ ရက်နေ့တွင် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်း ပေါ်ပေါက်လာပြီး၊ ဤတစ်ကြိမ်တွင် TNLA နှင့် NUG လက်အောက်ခံ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) တို့က ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းနယ်စပ် နယ်မြေများကို တိုးချဲ့သိမ်းပိုက်နိုင်ခဲ့သည်။
တစ်ပြိုင်နက်ထဲမှာပင် MNDAA က လားရှိုးမြို့ကို ထိုးစစ်ဆင်လာပြီး၊ ဩဂုတ်လ ၃ ရက်နေ့တွင် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခြင်းသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးသမိုင်းတွင် မကြုံဖူး သော စစ်ရေးချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်လာခဲ့သည်။ ထိုဖြစ်စဥ်ကြောင့် မြန်မာစစ်တပ်၏ အခြေအနေမှန်ကို တရုတ်ခေါင်းဆောင်များ အံဩတကြီး သိရှိသွားပုံရသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးပြီး ၁၁ ရက်မြောက်နေ့တွင် တရုတ်ထိပ်တန်းသံတမန် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ နေပြည်တော်သို့ ရောက်ရှိလာပြီး စစ်တပ်ဖက်မှ အပြည့်အဝ ရပ်တည်မည့် တရုတ်အစိုးရ၏ မူဝါဒကို နိုင်ငံတကာသို့ ကြေညာခဲ့သည်။ ယင်းလုပ်ရပ်သည် တရုတ်နိုင်ငံ၏ လက်ငင်းအကျိုးစီးပွားကြည့် သော အပြုအမူကို ပေါ်လွင်ထင်ရှားစေခဲ့ပြီး၊ မြန်မာပြည်တွင်းရှိ တရုတ်၏ မဟာဗျူဟာအကျိုးစီးပွားများ ကာကွယ်ရေးအတွက် ညီနောင်မဟာမိတ် ၃ဖွဲ့ထက် မင်းအောင်လှိုင်ကို တရုတ်အစိုးရ ပို၍အလိုရှိနေသည်။
တရုတ်၏ ကျားဖြန့်နှိမ်နှင်းရေး ထိရောက်မှုရှိစေရန် ကူညီခဲ့သော MNDAA နှင့် TNLA ကို ဖိအားပြန်ပေးပြီး၊ ထိုးစစ်ရပ်တန့်ရန် တရုတ်အစိုးရ စတင်လုပ်ဆောင်လာသည်။ ထိုအချင်းအရာကို တရုတ်အစိုးရ ရပ်တည်ချက် ပြောင်းလဲခဲ့သလား ဟု မေးခွန်းထုတ်လာခြင်းလည်း ဖြစ်နိုင်ပါသည်။
ပေါက်ကြားလာသော “ဝ” ခေါင်းဆောင်များနှင့် ဆွေးနွေးမှုမှတ်တမ်းထဲတွင် မဟာမိတ် ၃ဖွဲ့ထဲမှ MNDAA နှင့် TNLA ကို အမည်တပ်၍ တရုတ်၏ ကျားဖြန်နှိမ်နှင်းရေး မူဝါဒကို အခွင့်ကောင်းယူပြီး၊ ၎င်းတို့၏ ရည်မှန်းချက်ဖြစ်သော နယ်မြေသိမ်းပိုက်ရေးကို လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်ဟု တရုတ်အထူး ကိုယ်စားလှယ် တိန့်ရှီကျွင်းက စွပ်စွဲပြစ်တင်ခဲ့သည်။
ကိုးကန့်ဒေသအပြင်ဖက် လားရှိုးမြိုအထိ MNDAA ၏ နယ်မြေချဲ့ထွင်သိမ်းပိုက်မှုသည် တရုတ်-မြန်မာ ဆက်ဆံ ရေးကို အကြီးအကျယ် ထိခိုက်စေသည် ဟု တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း ပြောဆိုခဲ့ပြီး၊ ကိုးကန့် နယ်မြေထဲသို့ ချက်ချင်းပြန်လည်ဆုတ်ခွာရန် MNDAA ကို အပြင်းအထန် ဖိအားပေးလာပြီး၊ ကိုးကန့်ဒေသကို “ဖြတ် ၅ဖြတ်” ဖြင့် စတင်အရေးယူလာသည်။
တရုတ်-မြန်မာဆက်ဆံရေးကို ရှုပ်ထွေးနိုင်သော ကိုးကန့်ဒေသ သမိုင်းနောက်ခံ
တရုတ်ဖိအားနောက်ကွယ်တွင် ဆင်ခြင်သုံးသပ်စရာ သမိုင်းနောက်ခံ အကြောင်းတရားများလည်း ရှိနေသည်။ ကိုးကန့်သည် “ဟန်” တရုတ်မျိုးနွယ်များဖြစ်၍ တရုတ်အစိုးရက နောက်ကွယ်မှ ပံ့ပိုးကူညီနေသလားဆိုသည့် မြန်မာစစ်ခေါင်းဆောင်များ၏ သံသယကို တရုတ်ခေါင်းဆောင်တို့ ရင်ဆိုင်နေရခြင်း ဖြစ်သည်။
တနည်းအားဖြင့် ကိုးကန့်ဒေသ၏ အတိတ်သမိုင်းက ယနေ့ခေတ်ဖြစ်ရပ်များအပေါ် အရိပ်ထိုးလျက်ရှိသည်။ တရုတ်နှင့် မြန်မာမင်းဆက်များလက်ထက် ကိုးကန့်ဒေသသည် နှစ်ဖက်စလုံးကို သစ္စာခံသော နယ်ခြားဒေသ ဖြစ်ခဲ့ပြီး၊ ဗြိတိသျှ ကိုလိုနီလက်ထက်တွင် တရုတ်အစိုးရနှင့် ၁၈၉၇ ခုနှစ် သဘောတူစာချုပ်အရ ဗြိတိသျှအိန္ဒိယ (British India) ပိုင်နယ်မြေ ဖြစ်သွားသည်။
၁၉၄၂ ခုနှစ် မြန်မာနိုင်ငံမှ ဗြိတိသျှကိုလိုနီများ ဆုတ်ခွာခဲ့ရပြီး၊ ဖက်ဆစ်ဂျပန်လက်အောက် ရောက်ရှိနေချိန် ကိုးကန့်လူမျိုးစု အကြီးအကဲဦးဆောင်ပြီး ဂျပန်ကိုတော်လှန်ရန် ကိုးကန့်လူမျိုးစုခေါင်းဆောင်က တရုတ်နိုင်ငံ ၏ အကူအညီ ရယူခဲ့သည်။
ထိုစဥ်က ကူမင်တန်တရုတ်အစိုးရသည် ကိုးကန့်လက်နက်ကိုင်အဖွဲ့ပေါ်ပေါက်ရန် စစ်ရေးအကူအညီပေးခဲ့ပြီး၊ ကိုးကန့်ခေါင်းဆောင်များကလည်း ကိုးကန့်ဒေသကို တရုတ်ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ရန် ကူမင်တန် တရုတ်အစိုးရထံ အရေးဆိုခဲ့ဖူးသည်။
ထိုအခြေအနေကို သိရှိခဲ့သော ဗြိတိသျှကိုလိုနီများသည် ကိုးကန့်ဒေသကို မြန်မာပိုင်နက်နယ်မြေအဖြစ် တရုတ် တို့နှင့် စာချုပ်ချုပ်ဆိုထားမှုအရ သေချာစေရန် လုပ်ဆောင်ခဲ့ပြီး၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိလာသည့်အခါ မြန်မာပိုင်နက်နယ်မြေ ဖြစ်လာခဲ့သည်။
မျက်မှောက်ခေတ် ကိုးကန့်၏ တရုတ်ဖိအားကို အာခံမှု
“၁၀၂၇ စစ်ဆင်ရေး” ကို ဦးဆောင်ခဲ့သော ညီနောင်မဟာမိတ် ၃ဖွဲ့ထဲတွင် တရုတ်အစိုးရဖိအားကို အဓိက ရင်ဆိုင်နေရသည်မှာ MNDAA ဖြစ်သည်။ ထို့ကြောင့် လားရှိုးမြို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း MNDAA သည် ထိုးစစ်များကို ရပ်တန့်လိုက်ပြီး၊ သိမ်းပိုက်နယ်မြေများအတွင်း အုပ်ချုပ်ရေးလုပ်ငန်းများကိုသာ လုပ်ဆောင်နေခဲ့သည်။
တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနှင့် “ဝ” ခေါင်းဆောင်များ တွေ့ဆုံအပြီး ၈ ရက်မြောက်နေ့ စက်တင် ဘာလ ၄ ရက်နေ့တွင် MNDAA က တရုတ်ဖိအားလျော့ကျစေရန် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ သို့သော် ပေါက်ကြားလာသော အစည်းအဝေးမှတ်တမ်းအရ လားရှိုးမြို့မှ ချက်ချင်းဆုတ်ခွာပေးရန် တရုတ်၏ ဖိအားပေးမှုကို လက်ရှိအချိန်ထိ MNDAA က အာခံငြင်းဆန်လျက်ရှိသည်။
ထို့အပြင် ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်ကို စွဲကိုင်ထားမည်ဟု ကြေညာချက်တွင် အတိအလင်း ဖော်ပြထားသည်။ ထို့ကြောင့် MNDAA အပေါ် တရုတ်ဖိအားသည် တစ်စိတ်တစ်ပိုင်းသာ သက်ရောက်မှုရှိသည် ဟု သုံးသပ်တွေ့ရှိ ရသည်။
ညီနောင်မဟာမိတ် TNLA သည် တရုတ်အစိုးရ ဖိအားပေးမှုများကြားမှ “၁၀၂၇ စစ်ဆင်ရေး” ကို ရပ်တန့်ခဲ့ခြင်း မရှိဘဲ၊ ယခုနောက်ဆုံး သီပေါမြို့ကို သိမ်းပိုက်နိုင်ရေး အပြင်းအထန် ကြိုးစားနေသည်။ ထို့အတူ အာရက္ခ တပ်တော် (AA) သည် “၁၀၂၇ စစ်ဆင်ရေး” စတင်ချိန်မှ ယနေ့အထိ ရခိုင်ပြည်နယ်တွင် စစ်ဆင်ရေး ရပ်နားခြင်း မရှိ ထိုးစစ်ဆင်နေသည်။
အဆိုပါ အခြေအနေများကို ခြုံ၍ကြည့်လျှင် တရုတ်အစိုးရ၏ဖိအားကို ညီနောင် ၃ဖွဲ့က ပါးပါး နပ်နပ် ရှောင်ရှားနေပြီး၊ တစ်ပြိုင်ထဲမှာပင် ၎င်းတို့၏ စစ်ရေးရည်မှန်းချက်များကို ရှေ့ဆက်ဖော်ဆောင်နေသည်ကို လေ့လာတွေ့ရှိရသည်။
ညီနောင်မဟာမိတ် ၃ဖွဲ့၏ လက်ရှိအခြေအနေသည် “၁၀၂၇ စစ်ဆင်ရေး” မတိုင်မီနှင့် လွန်စွာကွာခြားသွားပြီး၊ နှစ်ပေါင်း ၇၀ကျော် ပြည်တွင်းစစ်သမိုင်းတွင် ၎င်းတို့၏ ထိုးစစ်ကြောင့် စစ်တပ်ပြိုလဲသွားနိုင်သည် ဟု နိုင်ငံ တကာ အသိုက်အဝန်းက ထင်မြင်သုံးသပ်လာသည်အထိ စွမ်းဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။
ထို ၃ဖွဲ့၏ စစ်ဗျူဟာခင်းကျင်းမှု တိကျမှန်ကန်ခြင်း၊ တိုက်စွမ်းရည် ထက်မြက်ခြင်း၊ ကျယ်ပြန့်သော စစ်နယ်ဝန်း တွင် ကျွင်းကျင်စွာ စစ်ကစားနိုင်ခြင်း၊ ၎င်းတို့ထက် လက်နက်အင်အား အဆများစွာ သာလွန်သော စစ်တပ်ကို အနိုင်ယူနိုင်ခြင်း၊ သိမ်းပိုက်ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာခြင်းနှင့် အရေးကြီးဆုံးမှာ ပြည်သူလူထု၏ ယုံကြည် အားကိုးမှု၊ မျှော်လင့်ချက်ထားမှုများက တရုတ်အစိုးရဖိအားကို အာခံရင်ဆိုင်ရန် အကြောင်းတရားများ ဖြစ်လာသည်ဟု လေ့လာသုံးသပ် တင်ပြလိုက်ပါသည်။