Oppenheimer ရုပ်ရှင်နဲ့ လတ်လတ်ဆတ်ဆတ် အော်စကာဆုဆွတ်ခူးထားတဲ့ နာမည်ကျော်ဒါရိုက်တာ Chrisopher Nolan ဟာ လာမယ့် ၂၀၂၆ ခုနှစ်မှာ ရုပ်ရှင်ကားသစ်တစ်ကားကို ထပ်မံပြသသွားတော့မှာဖြစ်ကြောင်း သတင်းရင်းမြစ်များစွာက အတည်ပြုလာကြပါတယ်။
Nolan ရဲ့ထုံးစံအတိုင်း ရုပ်ရှင်ရဲ့အကြောင်းအရာ အသေးစိတ်ကို မသိရှိရသေးပေမယ့် ဒီရုပ်ရှင်သစ်မှာ Matt Damon ပါဝင်သွားဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ Christopher Nolan ဟာ ဒီရုပ်ရှင်သစ်ကို လာမယ့် ၂၀၂၅ ခုနှစ် အစောပိုင်းမှာ စတင်ရိုက်ကူးသွားမယ်လို့ သိရှိရပြီး Universal စတူဒီယိုနဲ့ ဒုတိယမြောက် လက်တွဲတဲ့ ရုပ်ရှင်လည်း ဖြစ်လာမှာပါ။
Warner Bros စတူဒီယိုနဲ့ ခွာပြဲပြီးနောက် Univesal နဲ့လက်တွဲတဲ့ ပထမဆုံးရုပ်ရှင် Oppenheimer မှာတော့ Christopher Nolan တစ်ယောက် ဆုပေးပွဲတွေမှာ အောင်ပွဲခံနိုင်ခဲ့ပြီး အော်စကာဆု ၇ ဆုအထိ ဆွတ်ခူးရရှိခဲ့သလို သူကိုယ်တိုင်လည်း ပထမဆုံး အော်စကာအကောင်းဆုံးဒါရိုက်တာဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုလာမယ့်ရုပ်ရှင်သစ်မှာ Matt Damon အပြင် ဘယ်သူတွေ ပါဝင်လာဦးမလဲဆိုတာကိုတော့ လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ သိရှိရနိုင်ခြေ ရှိပါတယ်။