ylliX - Online Advertising Network
မကွေးမြို့ရှိ “ချိုချို” စိန်ရွှေရတနာဆိုင်အား နေ့ခင်း ကြောင်တောင် သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက် လုယက်သူ ၂ ဦးအား နေ့ချင်းပင် ဖမ်းဆီးနိုင်ခဲ့

မကွေးမြို့ရှိ “ချိုချို” စိန်ရွှေရတနာဆိုင်အား နေ့ခင်း ကြောင်တောင် သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက် လုယက်သူ ၂ ဦးအား နေ့ချင်းပင် ဖမ်းဆီးနိုင်ခဲ့


၃၀. ၁၁. ၂၀၂၄
Written by Nyein Kyaw

မကွေးမြို့ရှိ “ချိုချို” စိန်ရွှေရတနာဆိုင်အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်း‌ခြောက်ပြီး ကျပ်သိန်း ၇၅၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်း ၁၃ ကျပ်သား လုယက်မှုကျူးလွန်သူတရားခံ အမျိုးသား ၂ ဦးအား ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေ့၌ပင် ချက်ချင်းဖမ်းမိခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၈ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ နယ်၊ အောင်ရတနာရပ်ကွက်ရှိ “ချိုချို” စိန်ရွှေရတနာဆိုင်သို့ အမျိုးသား ၂ ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ဆိုင်အတွင်းရှိ မှန်ကောင်တာအား တူဖြင့် ထုခွဲပြီး ဆွဲသီးပါရွှေဆွဲကြိုး ၂၀ ကုံး၊ ရွှေကလစ် ၁၅ ခု၊ ရွှေအလေးချိန် ၁၃ ကျပ်သားခန့်၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၇၅၄ သိန်းခန့်အား လုယက်ယူဆောင်သွားခဲ့သည်။ ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးထွန်းထွန်းဦး ၅၉ နှစ်နှင့် ဆိုင်အပြင်လမ်းမပေါ်တွင် ရှိနေသည့် ဦးအောင်မျိုးမြင့်ပိုင် ၂၇ နှစ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် မကွေးမြို့မရဲစခန်း (ပ)၁၂၃/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုရေးဖွင့်၍ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဆောင်ရွက်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်း၊ ပတ်ကင်းများဖြင့် စုံစမ်းရှာဖွေခြင်း၊ မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်များမှ ပိတ်ဆို့စစ်ဆေးရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ရာ “ချိုချို” စိန်ရွှေရတနာဆိုင်အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ လုယက်မှုကျူးလွန်ခဲ့သူ တရားခံ အောင်ဇော်ထွန်း (၄၉) နှစ် (ဘ)ဦးမြသောင်း၊ အောင်မြေသိမ်ကုန်းရပ်ကွက်၊ မင်းဘူးမြို့နယ်နေသူအား ဖြစ်စဉ်ဖြစ်ပွားသည့်နေ့ ည ၇ နာရီခွဲတွင် မကွေးမြို့နယ်၊ ယင်းဆိပ်စစ်ဆေးရေးဂိတ်၌ ၎င်းစီးနင်းလာသည့် NewAnbo 125 အမျိုးအစား အနက်ရောင်ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ အောင်ဇော်ထွန်း၏ ထွက်ဆိုချက်အရ ၎င်းနှင့်အတူ အောင်မင်းသူ (ခ) မိုးသန်း (၃၄) နှစ် (ဘ)ဦးခင်မောင်ဦး၊ ရွှေပြည်သာမြို့ နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူတို့ ၂ ဦးသည် “ချိုချို”စိန်ရွှေရတနာဆိုင်အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင်ခဲ့ပြီး လုယက်ယူဆောင်လာသည့် ရွှေထည်ပစ္စည်းများအား ရှားပင်လှကျေးရွာအနီးရှိ လျှိုတစ်ခုအတွင်း၌ ဝှက်ထားခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

ထို့ကြောင့် နိုဝင်ဘာလ ၂၉ ရက် (ယမန်နေ့) နံနက် ၄ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များက သက်သေများနှင့်အတူ သွားရောက်ရှာဖွေခဲ့ရာ အဆိုပါနေရာတွင် အနက်ရောင်ဘေးလွယ်အိတ်အတွင်းမှ ရွှေဆွဲကြိုး ၁၈ ကုံး၊ ရွှေကလစ် ၅ ခုနှင့် အခင်းဖြစ်စဉ် အသုံးပြုခဲ့သည့် GLOCK 19 အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၁၁ တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် တရားခံ အောင်မင်းသူ (ခ)မိုးသန်းအား ယမန်နေ့ ည ၇ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွှေဆံတော် ဘုရားပေါ်ရှိ ကျားပျံဓမ္မာရုံ၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။

တရားခံ အောင်ဇော်ထွန်းနှင့် အောင်မင်းသူ(ခ)မိုးသန်းတို့ နှစ်ဦးအား ထပ်မံစစ်ဆေးချက်အရ လုယက်မှုကျူးလွန်စဉ် ပစ်ခတ်သုံးစွဲခဲ့သည့် GLOCK 19 အမျိုးအစား ပစ္စတိုသေနတ်နှင့် ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၁၄ တောင့်အား တရားခံ အောင်ဇော်ထွန်းမှ လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် သွားရောက်အလုပ်လုပ်ကိုင်စဉ် အမျိုးသားတစ်ဦး(စိစစ်ဆဲ)ထံမှ ငွေကျပ် ၂၅ သိန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ချိုချို”စိန်ရွှေရတနာဆိုင်အား လုယက်မှုကျူးလွန်ရန် ၎င်းတို့နှစ်ဦးသည် လုယက်မှုမကျူးလွန်မီ နှစ်ရက်ခန့်ကြိုတင်၍ စိန်ရွှေရတနာဆိုင်၏ ရောင်းချနေမှုအခြေအနေနှင့် လူဝင်၊ လူထွက်အခြေအနေများအား စောင့်ကြည့်ခဲ့ကာ လုယက်မှု ကျူးလွန်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည့်အတွက် သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ လုယက်မှုကျူးလွန်ခဲ့သူ တရားခံ အောင်ဇော်ထွန်းနှင့် အောင်မင်းသူ(ခ) မိုးသန်းတို့ ၂ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *