နိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် NLDအစိုးရအဖွဲ့ဝင်များ ဝယ်ယူထားသည့် နေပြည်တော် မြေကွက်များကို စစ်ကောင်စီက ပြန်လည်သိမ်းယူလိုက်ကြောင်း စိစစ်တွေ့ရှိရသည်။
ဥတ္တရသီရိနှင့် ဒက္ခိဏသီရိမြို့နယ်များရှိ မြေကွက် ၃၆ ကွက်၏ နှစ် ၃၀ မြေငှားစာချုပ်ဂရန်ကို ပယ်ဖျက်လိုက်သည် နိုဝင်ဘာ၂၇ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာတွင် ကြေညာထားရာ ထိုမြေကွက်များတွင် အစိုးရခေါင်းဆောင်တို့၏ ပိုင်ဆိုင်မှုများ ပါဝင်သွားခြင်းဖြစ်သည်။
ပေးသွင်းထားသည့် မြေကွက်တန်ဖိုးငွေ လာရောက်ထုတ်ယူနိုင်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြသည်။ သို့သော်လည်း မြေငှားစာချုပ်ဂရန် ပယ်ဖျက်သည့် အကြောင်းရင်းကို ဖော်ပြခြင်းမရှိပါ။
စစ်ကောင်စီက တစ်ဖက်လှည့်ဖြင့် မြေငှားစာချုပ်ဂရန်ပြန်သိမ်းကာ သိမ်းယူလိုက်သည့် မြေကွက် ၃၆ ကွက်တွင် ဒေါ်အောင်ဆန်းစုကြည်ပိုင်ဆိုင်သည့် မြေကွက်အမှတ် ဥ− ၁၀၀၁၊ ဦးဝင်းမြင့်ပိုင်ဆိုင်သည့် မြေကွက်အမှတ် ဥ− ၁၀၀၂ တို့ပါဝင်ကြောင်း Myanmar Now က အတည်ပြုနိုင်သည်။
မြေကွက်အမှတ် ၁၀၀၁ သည် မြက်ပင်များ၊ ခြုံများပြည့်နေသည်။
မြေကွက်အမှတ် ၁၀၀၂ တွင် ခြံစည်းရိုးနှင့် ခြံတံခါး ရှိသည်၊ လူနေထိုင်သည်ကိုမတွေ့ရဘဲ မြက်ပင်များနှင့် ပြည့်နှက်နေသည်ဟု ထိုနေရာသို့ ရောက်ခဲ့သူများက ပြောသည်။
ကျန်မြေကွက်များမှာ NLD အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဒုဝန်ကြီးများ ပိုင်ဆိုင်သည်ဟု သိရသော်လည်း အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။
ဂရန်ဖျက်သိမ်းကြောင်း ကြေညာထားသည့် မြေကွက်များတွင် အမှတ် ဥ−၁၀၀၃ မြေကွက်ပါဝင်ပြီး ခြံစည်းရိုးနှင့် လူနေအိမ် ဆောက်လုပ်ထားသည်ဟု စုံစမ်းသိရသည်။ လက်ရှိ ထိုအိမ်တွင် နိုင်ငံအတိုင်ပင်ခံဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးကျော်တင့်ဆွေနေထိုင်သည်ဟု ယုံကြည်ရသည်။
ဦးကျော်တင့်ဆွေသည် အဆိုပါမြေကွက်ပေါ်တွင် စစ်တပ်အာဏာမသိမ်းမီတည်းက အိမ်ဆောက်လုပ်နေထိုင်ကြောင်း၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ အကျဉ်းထောင်မှ လွတ်လာပြီးနောက်ပိုင်းတွင်လည်း ထိုနေအိမ်တွင်ပင်နေထိုင်ကြောင်း စုံစမ်းသိရှိရသည်။
ထိုမြေကွက်များသည် နိုင်ငံရေးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သူများ အငြိမ်းစားယူသည့်အချိန် နေထိုင်နိုင်ကြရန် မြေကွက်လျှောက်ထားမှုကို သတ်မှတ်ဈေးနှုန်းဖြင့် ချထားပေးခြင်းဖြစ်ကြောင်း NLDအစိုးရလက်ထက် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းဌာနများသို့ ပြောဆိုခဲ့ဖူးသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့သည် ပေ ၄၀၀ပတ်လည်၊ ဝန်ကြီးများက ပေ ၃၀၀ ပတ်လည်၊ ဒုဝန်ကြီးများက ပေ၂၅၀ ပတ်လည် အကျယ်အဝန်းရှိ မြေကွက်များကို ဝယ်ယူရန် လျှောက်ထားခဲ့သည်ဟု သိရသည်။
သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင်လည်း စစ်တပ်ခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ဝင်များကို မြေကွက်ချပေးသည့် အစဉ်အလာ ရှိခဲ့သည်။
အာဏာရှင်ဟောင်း ဦးသန်းရွှေသည် ၂၀၀၅ တွင် ရုံးဌာနများကို နေပြည်တော်သို့ ပြောင်းရွှေ့စေပြီးနောက် အစိုးရတာဝန်ယူသူများအတွက် မြေကွက်ပေးခဲ့သည်။ သူကိုယ်တိုင်လည်း ထိပ်တန်းတာဝန်ယူခဲ့သည့် ငါးဦးနှင့်အတူ ဗုဗ္ဗသီရိမြို့နယ်၊ ရာဇသဂ်လမ်းပေါ်တွင် မြေကွက်များ ရယူပြီး အိမ်ဆောက် နေထိုင်ကြရာ ထိုနေရာကို ခြောက်လုံးတန်းဟု လူသိများသည်။
ထို ခြောက်လုံးတန်းရှိ အခြား အိမ်ပိုင်ရှင်တို့မှာ သူ၏လက်ထောက်ဟောင်းများဖြစ်သော ဦးမောင်အေး၊ ဦးရွှေမန်း၊ ဦးသိန်းစိန်၊ ဦးတင်အောင်မြင့်ဦး၊ ဦးတင်အေးတို့ ဖြစ်ကြသည်။
ဦးသန်းရွှေ၊ ဦးသိန်းစိန်အစိုးရအဖွဲ့များတွင် ပါဝင်ခဲ့သူတို့ ရရှိခဲ့သည့် မြေကွက်များကို စစ်ကောင်စီက ဂရန်ရုပ်သိမ်းခြင်း မရှိပေ။
ဒေါ်အောင်ဆန်းစုကြည်က သူ၏မိခင်အမည်ဖြင့် တည်ထောင်ထားသော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အတွက် အဆောက်အအုံ ဆောက်လုပ်ရန် နေပြည်တော် ပုဗ္ပသီရိမြို့နယ်အတွင်း မြေဧက ၁၀၀ ကျော်ဝယ်ယူခဲ့ရာ အဂတိမကင်းကြောင်း စစ်ကောင်စီက တရားစွဲခဲ့ရာ စစ်ကောင်စီကြံဖန်စွဲဆိုသည့် အမှုများတွင် ထိုအမှုလည်း ပါဝင်သည်။
ဖောင်ဒေးရှင်းအတွက် ဝယ်ထားသည့် ထိုမြေကွက်တွင် ခြုံနွယ်များထူထပ်နေပြီး ဖြတ်သန်းသွားလာသူ မရှိတော့ကြောင်း၊ အမှိုက်ပုံများပါ ပိတ်ဆို့နေကြောင်း မြင်တွေ့ခဲ့သူများက ပြောသည်။
အသက် ၇၉ နှစ်ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အကျဉ်းချထားပြီး ရှေ့နေများနှင့် တွေ့ဆုံခွင့် ပိတ်ပင်ထားသည်။