ylliX - Online Advertising Network
ဖယ်ခုံနှင့်လွိုင်ကော် ပစ်ခတ်မှုတွင် ၁၂ ဦးသေဆုံး၊ ကလေး ၂ ဦးပါဝင် - Myanmar Now

ဖယ်ခုံနှင့်လွိုင်ကော် ပစ်ခတ်မှုတွင် ၁၂ ဦးသေဆုံး၊ ကလေး ၂ ဦးပါဝင် – Myanmar Now


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကယားပြည်နယ် လွိုင်ကော်မြို့နယ်တို့ကို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့်   နိုဝင်ဘာလအတွင်း အရပ်သား ၁၂ ဦးသေဆုံးသွားကြောင်း ကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ (IEC) က ပြုစုထားသည့် စာရင်းများအရ သိရသည်။

နိုဝင်ဘာ ၈ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင် ၆ ဦးစီ သေဆုံးသည်ဟု သိရသည်။ 

၂၇ ရက်နေ့သေဆုံးသူများမှာ ဖယ်ခုံအင်း အရှေ့ဘက်ကမ်း ကုန်းပေါရွာနေ ကလေး ၂ ဦးနှင့် ၎င်းတို့၏ မိခင်၊  မိုးဗြဲမြို့မှ ဒေသခံအမျိုးသမီး ၂ ဦးနှင့် ရွှေစမ်းရွာနေ အသက် ၄၀ အရွယ်အမျိုးသား ၁ ဦးတို့ ဖြစ်သည်ဟု IEC က ဆိုသည်။ ကလေးနှစ်ဦးမှာ ၁ နှစ် ၁၀ လ၊  ၁ လ ရက် ၂၀ အရွယ် မိန်းကလေးများ ဖြစ်သည်။

နိုဝင်ဘာလ ၈ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများမှာ ဖယ်ခုံမြို့နယ်မှ ၂ ဦး၊ လွိုင်ကော်မြို့နယ်မှ ၄ ဦးတို့ဖြစ်သည်။ ထိုတိုက်ခိုက်မှုကို ည ၁၁ နာရီအချိန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်လည်း သိရသည်။

စစ်ကောင်စီကမူ ထိုနေ့က လွိုင်ကော်တွင် ၄ ဦး သေဆုံးသည်ဟူသော သတင်းမှာ မှားယွင်းနေသည်ဟု နိုဝင်ဘာ ၁၁ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။ 

“စစ်ရေးပစ်မှတ်မဟုတ် သည့် ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖယ်ခုံမြို့နယ်သည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပါဝင်သော်လည်း တောင်ဘက်တွင် ကရင်နီပြည်နယ် ခေါ် ကယားပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသည်။ ထိုမြို့နယ်တွင် ကရင်နီတော်လှန်ရေးတပ်များ ဝင်ရောက်နေထိုင်သည့် ယူဆချက်ဖြင့် စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆသည်။

လတ်တလောတွင်လည်း ဖယ်ခုံမြို့ပေါ်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဆက်လက် ပစ်ခတ်ဆဲဖြစ်ကြောင်း IEC အတွင်းရေးမှူး (၂) ဗညားခွန်အောင်က ပြောသည်။

“ရက်တိုင်းထုတယ်၊ လွန်ခဲ့တဲ့ ၃လကတည်းကပဲ၊ ခုလည်းထုနေဆဲ တစ်ရက်ကို ၅ လုံး ၁၀ လုံး ပစ်တတ်တယ်” ဟု သူက ဆိုသည်။

ကရင်နီပူးပေါင်းတပ်များကလည်း ၂၀၂၃ ခုနှစ်နိုဝင်ဘာတွင် အကောင်အထည်ဖော်သော ၁၁၁၁ စစ်ဆင်ရေးအတွင်း မိုးဗြဲမြို့ကို သိမ်းလိုက်သည်၊ ထို့နောက် ၂၀၂၃ ဒီဇင်ဘာလနှောင်းပိုင်းမှစ၍ ဖယ်ခုံမြို့တွင်းသို့ ထိုးစစ်ဆင်ခဲ့သည်။

ဖယ်ခုံမြို့တွင်း နန်းဟူးရပ်ကွက်၊ ဖယ်ခုံအင်းအနောက်ဘက်ကမ်းရှိ ရဲစခန်းကို ကရင်နီပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။ သို့သော် ထိုမြို့ရှိ စစ်ကောင်စီအထိုင် တပ်စခန်းများများဖြစ်သည့် အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် လက်အောက်ခံ ခမရ (၃၃၆) နှင့် ခမရ (၄၂၁) တပ်ရင်း ၂ ရင်းတို့ကို မသိမ်းနိုင်ခဲ့ပေ။

 နိုဝင်ဘာလဆန်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့မှ အင်အား ၇၀၀ ကျော်ပါ စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပြည်သူ့စစ်များသည် ဖယ်ခုံမြို့တွင်းသို့ထိုးဖောက်ဝင်ရောက်ကာ ဖယ်ခုံမြို့ကို ပြန်ထိန်းချုပ်ထားသည်။



ဒေသတွင် ဆက်လက်နေထိုင်ခြင်း

အင်အားပြန်လည်စုစည်းထားသည့် စစ်ကောင်စီတပ်သည် နယ်မြေစိုးစိုးမိုးမှု အားကောင်းလာပြီး လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်လုပ်လာနေကြောင်း ဖယ်ခုံမြို့နယ်ဒေသခံအချို့က ဆိုသည်။ မည်သည့်နေရာကို ပစ်မှန်းမသိဘဲ ကျရောက်လာသည့် လက်နက်ကြီးကျည်များကြောင့် ရှောင်တိမ်းချိန်မရဘဲ လက်နက်ကြီးကျည်စ ထိမှန်သေဆုံးရသည့် အရပ်သား အရေအတွက်  များပြားလာသည်ဟုလည်း ထိုဒေသခံက ဆိုသည်။

“လက်နက်ကြီးပစ်လို့ တချို့တော့ရှောင်သွားကြတယ်၊ အများစုတော့ ဆက်နေတယ်၊ ပစ်တိုင်းပြေးရင် ပြေးစရာမြေမရှိတော့ဘူး၊ ဒီမှာပဲနေမယ်၊ လုပ်ကိုင်စားသောက်မယ်၊ အဲဒီလိုခံယူကြတာများတယ်” ဟု ၎င်းကဆိုသည်။

“မဖြစ်မနေမှ ပြေးကြတယ်၊ အထူးသဖြင့် စစ်ကြောင်းထိုးရင်တော့ အကုန်ပြေးတယ်”

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် နေထိုင်သည့် ဒေသခံ အမျိုးသားတစ်ဦးကလည်း  လေယာဉ်ဝဲလာပါက ဗုံးခိုကျင်းထဲဆင်းပြေးကာ နေထိုင်ရကြောင်းဆိုသည်။ 

 “မလုံမခြုံဖြစ်တယ်။ လုပ်ရမယ့်အလုပ်တွေ နှောင့်နှေးစေတယ်” ဟု ၎င်းကဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် ခုခံတော်လှန်မှု ပေါ်ပေါက်လာသည့် ၂၀၂၁ ခုနှစ်ကတည်းက စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း အပါအဝင် နိုင်ငံအလယ်ပိုင်းနှင့် အခြားပြည်နယ်တိုင်းများတွင်လည်း အရပ်သားများနေထိုင်ရာ ရပ်ကွက်ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်လေ့ရှိသည်။ 





Source link

Leave a Reply

Your email address will not be published. Required fields are marked *