ylliX - Online Advertising Network
ရုရှားနှင့် တရုတ်သို့ အလုပ်သမား ဦးစားပေးစေလွှတ်ရန် စစ်ကောင်စီ စီစဉ်နေ   - Myanmar Now

ရုရှားနှင့် တရုတ်သို့ အလုပ်သမား ဦးစားပေးစေလွှတ်ရန် စစ်ကောင်စီ စီစဉ်နေ   – Myanmar Now


နိုင်ငံတကာအသိုင်းအဝိုင်း၏ ပစ်ပယ်ခြင်းခံထားရသည့် စစ်ကောင်စီသည် ၎င်းနှင့် ပြေလည်သည့် ဆက်ဆံရေးရှိသော တရုတ်နှင့် ရုရှားနိုင်ငံများသို့ အလုပ်သမား စေလွှတ်နိုင်ရန် စီစဉ်နေသည်ဟု စုံစမ်းသိရှိရသည်။ 

ယခုနှစ်လယ်ပိုင်းတွင်  တရုတ်နိုင်ငံသို့  ရှေ့ပြေးအစီစဉ်အဖြစ် အလုပ်သမားများ စတင်စေလွှတ်ခဲ့ပြီး ရုရှားနိုင်ငံသို့ အလုပ်သမား ပို့ဆောင်ရေးအတွက်လည်း စစ်ကောင်စီနှင့် နီးစပ်သည့် အေဂျင်စီ နှစ်ခုက ကြိုးပမ်းနေသည်၊ အလုပ်သမားဝန်ကြီးဌာနက စိစစ်နေသည်ဟု အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ရုရှားမှာလည်း အလုပ်ကောင်းတယ်ပြောတာရှိတော့ ကုမ္ပဏီတချို့ ကြိုးစားနေပေမယ့်

သူတို့နဲ့(စစ်တပ်နဲ့) အချိတ်အဆက်ရှိတဲ့ ကုမ္ပဏီတွေပဲ ပိုများတယ်” ဟု ၎င်းက ပြောသည်။

“ရုရှားကိုက မိတ်ဖက်နိုင်ငံလို့သဘောထားတော့ ရုရှားကို များများပို့စေချင်တာပေါ့၊ သူတို့မိတ်ဖက်က ဒီနှစ်နိုင်ငံပဲ ရှိတာကိုး” 

စစ်တပ်အာဏာမသိမ်းမီ ရုရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်ခြင်းမရှိပေ။ ယခုနှစ်လယ်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်  အထူးစီးပွားရေးဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများသို့ ပထမဆုံးအသုတ်အဖြစ်  အလုပ်သမားစေလွှတ်မှုရှိခဲ့သော်လည်း လက်ရှိတွင် လူဝင်မှုကြီးကြပ်ရေးပြဿနာများကြောင့် ရပ်ဆိုင်းထားရသည်ဟု သိရသည်။ 

ထို့အပြင် ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ကောင်စီ ထိန်းချုပ်နယ်မြေများ ဆုံးရှုံးကာ နယ်စပ်ဂိတ်များပိတ်ထားသဖြင့် နယ်စပ်လမ်းကြောင်းမှ သွားရောက်အလုပ်လုပ်ကိုင်ရန် ခက်ခဲနေသည်။

၂၀၁၆ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ တရားမဝင် လမ်းကြောင်းမှ နယ်စပ်ဖြတ် သွားရောက်ခဲ့သူ အမျိုးသားတစ်ဦးကမူ လမ်းခရီးတွင် ၇ရက်ကြာခဲ့သည်၊ ထိုစဉ်ကပင် ကုန်ကျစရိတ်သည် ကျပ် ၇၀၀,၀၀၀ ကျော် ရှိခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့က တရားမဝင်သွားတော့ ရဲဖမ်းရင် ထွက်ပြေးရတာပဲ၊ ခုထိပြေးနေရတုန်းပဲ၊

အရင်စက်ရုံအလုပ်တွေက အဆင်မပြေတော့ ခုစိုက်ပျိုးရေးခြံထဲမှာ လုပ်ရတာ” ဟု လွန်ခဲ့သည့် ၈နှစ်ကပင် တရုတ်သို့ ရောက်နေသူ ထိုအမျိုးသားက ပြောသည်။ 

“သူဌေးကောင်းရင်တော့ အလုပ်လုပ်ရတာအဆင်ပြေတယ်၊ မကောင်းရင်တော့ လစာမရ

ရဲဖမ်းခံရတာတွေလည်းရှိတယ်” 



အာဏာသိမ်းပြီးနောက်ပိုင်းတွင် နယ်စပ်ဖြတ်ပြီး တရားမဝင်လမ်းကြောင်းမှ လာရောက်သူ

အမျိုးသမီး၊ အမျိုးသားများရှိသည်၊  အဆင်မပြေ၍ ပြည်တွင်းသို့

ပြန်သွားရသူများလည်းရှိသည်ဟု သူက ဆိုသည်။

ရုရှားနှင့် တရုတ်နိုင်ငံသည် ဆောက်လုပ်ရေး၊ သင်္ဘောကျင်းလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊

စက်ရုံနှင့် စားသောက်ကုန်လုပ်ငန်းများအတွက် အလုပ်သမားများ လိုအပ်သည်ဟုသိရသည်။

ထိုနိုင်ငံများသို့ အလုပ်သမားစေလွှတ်နိုင်ရေး စီစဉ်နေမှုနှင့် ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာနကလည်း တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသလို ထိုနိုင်ငံများသို့ သွားရောက်မည့် ကုန်ကျစရိတ်ကိုလည်း အတိကျမသိရှိရသေးပေ။

မြန်မာနိုင်ငံတွင်လည်း အနိမ့်ဆုံးလုပ်ခငွေမှာ တစ်ရက်လျှင် ကျပ် ၆,၈၀၀ဖြစ်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် တိုက်ပွဲမဖြစ်ပွားသော မြို့နယ်များတွင်ပင် စားဝတ်နေရေးခက်ခဲလာနေကြသည်။

ထို့ပြင် စစ်ကောင်စီက စစ်သားသစ်ရရန် အတင်းအဓမ္မ ဆင့်ခေါ်နေခြင်း၊ ဖမ်းဆီးနေခြင်းကြောင့်လည်း လူငယ်များ   တိမ်းရှောင်ထွက်ပြေးနေကြရပြီး စစ်ကောင်စီကလည်း ထိုသူများ ပြည်ပထွက်ခွင့်မရရန် နည်းလမ်းမျိုးစုံဖြင့် တင်းကျပ်ထားသည်။

ပြည်ပတွင် အလုပ်လုပ်ကိုင်စဉ်  အိမ်သို့ ခေတ္တပြန်လာသူများကိုလည်း စစ်ကောင်စီက ပြည်ပပြန်ထွက်ခွင့် ကန့်သတ်ထားရာ ဩဂုတ် ၁ ရက်နေ့တွင်ပင် အလုပ်သမား ၄၀ ကျော် လေယာဉ်ပေါ် တက်ခွင့်မရခဲ့ကြောင်း စုံစမ်းသိရှိရသည်။ 

စစ်ခေါင်းဆောင်သည် အာဏာသိမ်းပြီးနောက် ရုရှားနိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်ခဲ့သည်။ နေပြည်တော်တွင် ဝန်ကြီးဌာနလေးခုမှ ဝန်ထမ်းများကိုလည်း ရုရှားပြန် စစ်ဗိုလ်များက ရုရှားဘာသာစကား သင်ကြားနေပေးသည်။

အလားတူ ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနမှ ဝန်ထမ်းများကို ယခုနိုဝင်ဘာလအတွင်း တရုတ်ဘာသာစကား စတင်သင်ကြားပေးနေသည်ဟု သိရသည်။

ထိုင်းနိုင်ငံသို့တရားမဝင် ဝင်ရောက်သွားပြီး အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများထံမှ အခွန်ကောက်ယူသလို   လစာ၏ ၂၅ ရာခိုင်နှုန်းကို   ဘဏ်မှ ပြန်လွှဲရန် စည်းကမ်းတင်းကျပ်ထားသည်။

အခွန်ဆောင်ရန်၊ ဘဏ်မှ ငွေလွှဲရန် ပျက်ကွက်ပါက စစ်ကောင်စီသံရုံး၊ ကောင်စစ်ဝန်ရုံးတို့နှင့် ဆက်စပ်သည့် စာရွက်စာတမ်းကိစ္စများ ဝန်ဆောင်မှုပေးရန် ငြင်းဆိုသည့်နည်းဖြင့် ကန့်သတ်လာနိုင်ကြောင်း အလုပ်သမားအရေး ကူညီပေးနေသူများက ဆိုသည်။

ယခုတစ်ဖန် တရုတ်နှင့် ရုရှားနိုင်ငံတို့သို့ အလုပ်သမားစေလွှတ်ရန် စီစဉ်ခြင်းသည် ငွေလိုနေသည့် စစ်ကောင်စီက အလုပ်သမားများထံမှ အခွန်ငွေရလိုခြင်းကြောင့်ဖြစ်နိုင်သည်ဟု အလုပ်သမားအရေး လှုပ်ရှားနေသူများက ယုံကြည်ကြသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *