ylliX - Online Advertising Network
မတ္တရာတွင် ဓမ္မာရုံ  ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ ကိုရင် ၁ ပါးအပါအဝင် ၃ ဦး သေဆုံး - Myanmar Now

မတ္တရာတွင် ဓမ္မာရုံ  ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ ကိုရင် ၁ ပါးအပါအဝင် ၃ ဦး သေဆုံး – Myanmar Now


စစ်ရေးပြင်းထန်နေသော မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၂၇) နံနက်ပိုင်းက    ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရသဖြင့် ကိုရင်တစ်ပါးနှင့် အမျိုးသမီးငယ် ၂ ဦး သေဆုံးသွားသည်ဟု ပြည်သူ့ ကာကွယ်ရေးတပ်မတော် (MDY-PDF) က ထုတ်ပြန်သည်။

 မြို့အရှေ့မြောက်ဖက် ၃ မိုင်ကျော်အကွာ လက္ကောင်းကြီးကျေးရွာ ဓမ္မာရုံကို စစ်တပ်က ထိုသို့ တိုက်ခိုက်ရာ ဓမ္မာရုံအတွင်းရှိနေသည့် ထိုသုံးဦးဒဏ်ရာများ ဖြင့် သေဆုံးသွားကြသည်ဟု MDY-PDF ၏ ယနေ့ထုတ်ပြန်ချက်တွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။ 

နိုဝင်ဘာ ၂၆ တွင်လည်း ထိုမြို့နှင့် ကပ်လျက် တည်ရှိသည့် ပုသိမ်ကြီးမြို့နယ် မြကန်သာကျေးရွာကို အလားတူ ဗုံးချ တိုက်ခိုက်ရာ ဆိတ်ကျောင်းနေသည့် အမျိုးသားနှစ်ဦး  ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး၊ ဆိတ် ၅ ကောင် သေသွားသည်ဟု ပုသိမ်ကြီးမြို့နယ်တွင် နေထိုင်သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“တိုက်ပွဲ မရှိဘူး။ ဒီရက်ပိုင်း မတ္တရာအရှေ့ပိုင်းရော ပုသိမ်ကြီးမြို့နယ်မှာရောက တိုက်ပွဲငြိမ်နေတာ။ သူတို့က သက်သက်မဲ့ ဒရုန်းတွေနဲ့ ဗုံးလိုက်ကြဲနေတာ”ဟု အထက်ပါအမျိုးသားက ဆိုသည်။

ဒဏ်ရာပြင်းထန်သူနှစ်ဦးစလုံးကို ဆေးရုံသို့အရေးပေါ်ပို့ဆောင်လိုက်ရပြီး နောက်ဆက်တွဲအခြေအနေ အသေးစိတ် မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

“ခေါင်းထိသွားတာဆိုတော့ သေဆုံးနိုင်တယ်လို့ထင်တယ်။ ဆိတ် ၅ ကောင်ကတော့ ပွဲချင်းပြီးပဲ။ သူတို့ နေရာ (ဗုံး) လာကျတာ” ဟု ၎င်းက ပြောသည်။

အလားတူ အောက်တိုဘာ ၁၁ ရက်နေ့ကလည်း မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာ စစ်ရှောင် စခန်းကို လေတပ်က တိုက်ခိုက်ရာ သံဃာတော်များ၊ ကလေးများ အပါအဝင် ဒေသခံ ၁၂ ဦး သေဆုံးခဲ့သည်။

အထက်ပါ ဖြစ်ရပ်များနှင့် ပတ်သက်ပြီး စစ်တပ်၏ တုံ့ပြန်ချက်ရရန် ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်တပ်၏ ပြီးခဲ့သည့်လပိုင်း ထုတ်ပြန်ချက်များတွင်လည်း မတ္တရာမြို့နယ်ဖြစ်ရပ်များအကြောင်း မပါဝင်ပေ။
အထက်မြန်မာပြည်ရှိ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော နယ်မြေများနှင့် ကြားခံဖြစ်ရာ မတ္တရာ မြို့နယ်၏ အနောက်ခြမ်းကို စစ်ကောင်စီက ကြည်းရေလေတပ်များ သုံးပြီး နိုဝင်ဘာ ၁၇ ရက်မှစကာ ၆ ရက်ကြာ ထိုးစစ်ဆင်၍ ထိန်းချုပ်ထားသည်။

မတ္တရာတွင် စစ်ကောင်စီဒရုန်းဗုံးကြောင့် ပျံလွန်တော်မူခဲ့သော ကိုရင်ငယ်။ (ဓာတ်ပုံ- MDY- PDF)

နိုဝင်ဘာ ၁၇ ရက်နေ့ တိုက်ပွဲအတွင်း စစ်တပ်ဖက်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ၁၂ဦးသေဆုံးပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ် (၁) စစ်ဒေသ ထုတ် ပြန်ထားသည်။ 

ထိုနေ့က အထိအခိုက်များဖြင့် ဆုတ်ခွာသွားသော စစ်ကောင်စီစစ်ကြောင်းသည် အင်အားဖြည့်တင်းပြီး လေကြောင်းနှင့်လက်နက်ကြီးများ ဘက်ပေါင်းစုံမှညှပ်၍ နောက်နေ့များတွင် ဆက်လက်တိုက်ခိုက်ခဲ့ရာ ၆ ရက်အကြာ နိုဝင်ဘာ၂၂ ရက်နေ့တွင် မတ္တရာမြို့နယ်အနောက်ခြမ်းတစ်ခုလုံးကို ထိန်းချုပ်လိုက်သည်။

လက်ရှိတွင် စစ်ကောင်စီက မတ္တရာအနောက်ခြမ်းကို ထိန်းချုပ်ထားသော်လည်း ထိုနေရာအတွင်း တိုက်ပွဲ များ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု NUG အမှတ် (၁) စစ်ဒေသ လက်အောက်ခံ ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF) ၏ ပြင်ဦးလွင်ခရိုင် အမှတ်(၅၁၂)တပ်ရင်းက ပြောသည်။ 

အဆိုပါ တိုက်ပွဲများအတွင်း အမှတ်(၅၁၂)တပ်ရင်းမှ ရဲဘော်အောင်လင်းထိုက်(ခ)ကိုခိုင်ထူး ၊ ရဲဘော် ဇော်ထက်အောင် (ခ) ဒိန်းဂျား၊ ရဲဘော်ရဲထက်နိုင်(ခ)ငရဲတို့ သေဆုံးကြောင်း သိရသည်။



PDF ရဲဘော်တစ်ဦး၏ ရုပ်အလောင်း သယ်ဆောင်လာသည်ကို နိုဝင်ဘာ ၂၁ ရက်က ထုတ်ပြန် ထားစဉ်။ (ဓာတ်ပုံ-PDF-512)

မတ္တရာမြို့နယ်အရှေ့ပိုင်းတွင် MDY-PDF နှင့် မဟာမိတ်တပ်များ နယ်မြေစိုးမိုးထားရာ ထိုဒေသရှိ မတ္တရာ -စဉ့်ကူး-သပိတ်ကျင်းလမ်းပိုင်းကို နိုဝင်ဘာ ၂၅ ရက်မှစ၍ သွားလာခွင့်   ပိတ်ပင်ထား သည်။ 

တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ခရီးသွားပြည်သူများ၏လုံခြုံရေးအတွက်  ယာယီပိတ်ပင်ရခြင်းဖြစ်ကြောင်း၊ စစ်တပ်ထုတ်ကုန်ပစ္စည်းများ တင်သွင်းခြင်း နှင့် ရောင်းဝယ်ဖောက်ကားခြင်း ခွင့်မပြုကြောင်း၊ မလိုက်နာပါက ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း MDY-PDF က သတိပေးထားသည်။

မတ္တရာဒေသသည် မန္တလေးမြို့သို့ တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်နိုင်သည့်နေရာဖြစ်ပြီး စစ်ရေးအရ အချက်အချာ ကျသလို စစ်ကောင်စီအနေဖြင့်လည်း တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် စဉ့်ကူး၊ သပိတ်ကျင်း၊တကောင်းနယ်များကို ပြန်ထိုးစစ်ဆင်ရန် မတ္တရာဖက်မှ စတင်ထိုးဖောက်ရမည်ဖြစ်သည်။

စစ်တပ် ထိုးစစ်များ ဝင်ရောက်လာနိုင်ချေရှိသောကြောင့် MDY-PDF က မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း လမ်းပိုင်းကို ထိန်းချုပ်လိုက်ခြင်းဖြစ်နိုင်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) က Myanmar Now ကို ပြောသည်။

“မတ္တရာက မန္တလေးနဲ့နီးတယ်။ စဉ့်ကူးနဲ့စပ်ဆက်နေတယ်။ စဉ့်ကူးကလည်း သပိတ်ကျင်းခရိုင်ထဲမှာ ရှိ တယ် ဆိုတော့ စစ်တပ်ကလည်း ပွင့်လင်းရာသီရောက်လာတော့ ထိုးစစ်တွေ ထိုးနေတာ ရှိတယ်။ ဟိုဘက် (မတ္တရာဖက်)ကလာရင်လည်း ဒီဘက်ကိုတော်တော်တော့နီးလာပြီဆိုတော့ စိတ်ပူပြီးပိတ်ဆို့တာတွေ၊ ပြင် ဆင်မှုတွေနဲ့ ပိတ်ဆို့တယ်လို့ ထင်တယ်” ဟု PLA ၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ 

“ရန်သူ့စစ်ကူတွေကလည်း အချိန်မရွေးဝင်လာနိုင်တယ်ဆိုတော့ ဒီလမ်းကြောတစ်လျှောက်ကို ပိတ်ဆို့ ထားတာပေါ့နော်။ စစ်ရေးအခြေအနေကတော့ အဲဒီ (မတ္တရာ)ဘက်က ဂယက်ကတော့ ဒီဘက်ကို ရိုက် ခတ်လာနိုင်တာပေါ့နော်”

PLA သည်  လက်ရှိတွင် စဉ့်ကူး-သပိတ်ကျင်းနယ်မြေများအတွင်း စစ်ရေးလှုပ်ရှားကာ MDY-PDF နှင့်အတူ တိုက်ပွဲဝင်နေသည်။  PLA ၏ အနောက်မြောက်စစ်ဒေသအဖြစ် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း တို့တွင် အမှတ် (၈၁၅) တပ်ဖွဲ့ လှုပ်ရှားသည်။ 

PLA ၏ တပ်ဖွဲ့စည်းပုံတွင် စစ်ကိုင်းတိုင်းကို အမှတ် (၁) စစ်ဒေသ၊ တနင်္သာရီတိုင်းကို အမှတ် (၈) စစ်ဒေသ၊ ကိုးကန့်တပ် MNDAA ထိန်းချုပ်နယ်မြေတွင် အမှတ် (၉) စစ်ဒေသ၊ TNLA ထိန်းချုပ်နယ်မြေတွင် အမှတ် (၂) စစ်ဒေသဟူ၍ ဖွဲ့စည်း၍ စစ်ကောင်စီကို တော်လှန်နေသည်။

“တိုက်ပွဲတွေပြင်းထန်လာဖို့ကတော့ သူတို့(စစ်ကောင်စီ)အပေါ်မှာ မူတည်တာပေါ့နော်။ သူတို့ အပြင်းအထန်ထိုးစစ်ဆင်လာရင် သူတို့ထိုးစစ်တွေအနေအထားပေါ်မှာမူတည်ပြီးတိုက်ပွဲတွေက ပြင်းထန် မှာပေါ့”ဟု ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

မန္တလေးမြို့၏မြောက်ဘက် မတ္တရာ၊ စဉ့်ကူးနှင့်သပိတ်ကျင်းမြို့နယ်များကို MDY-PDF နှင့်အတူ ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် မဟာမိတ်တပ် များက ပူးပေါင်းထိုးစစ်ဆင်ခဲ့ရာ စဉ်ကူးမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ 

သပိတ်ကျင်းမြို့နယ်တွင်မူ မြို့ပေါ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ၇ မိုင်ကျေးရွာစခန်း၊ အမှတ် (၁၃) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း (တကက-၁၃) ၊ လျှပ်စစ်အင်ဂျင်နီယာတပ် စသည်ဖြင့်  တပ် ၃ ခု ကျန်ရှိနေ သည်။ 

“သပိတ်ကျင်းနယ်ထဲမှာလည်း တိုက်ပွဲတွေက ရှိနေတယ်။ အခု တတက-၁၃ ကို ကျွန်မတို့ PLA နဲ့ တအာင်း တပ်နဲ့ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတာရှိတယ်။ တွင်းငယ်မှာလည်း တိုက်ပွဲတွေကရှိတယ်။ စစ်ကောင်စီက မြေပြင်ထိုးစစ်ရော ဝေဟင်ထိုးစစ်ရောထိုးလာတာရှိတယ်။ ၇ မိုင်နဲ့ကျောက်ကြီးမှာလည်း တိုက်ပွဲတွေက ရှိတယ် ”ဟု PLAသတင်းတာဝန်ခံအမျိုးသမီးက ပြောသည်။

“အရင် တိုက်ပွဲတွေဖြစ်နေတုန်းကလည်း ပြည်သူတွေက ဒုက္ခကြီးစွာ တိမ်းရှောင်ရတာတွေရှိတယ်။ စစ်ကောင်စီကလည်း ပြည်သူကိုပါ ရန်ရှာနေတော့ ရှေ့လျှောက်တိုက်ပွဲတွေပိုပြင်းထန်လာရင်  ပြည်သူ တွေကတော့ ပိုပြီးအကျပ်အတည်းတွေ တွေ့လာနိုင်တာပေါ့” 
တစ်မြို့နယ်လုံးတွင် စစ်ဘေးရှောင်စခန်း ၃၈ ခု ရှိပြီး၊ အိမ်ထောင်စု ၁၆၈၈ စု၊ လူဦးရေ ၅၆၅၀ ခန့် နေရပ် စွန့်ခွာနေရကြောင်း မတ္တရာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၏ နိုဝင်ဘာလဝက်အထိ  စာရင်း များအရ သိရသည်။

ယမန်နှစ် နှစ်ကုန်ပိုင်းမှစ၍ မတ္တရာတွင် ပြင်းထန်လာသော တိုက်ပွဲများကြောင့် ဒေသခံအများအပြား တိမ်း ရှောင်ခဲ့ကြရပြီး အများစုမှာ နီးစပ်ရာ ကျေးရွာများ၊ တောင်ယာများနှင့် စစ်ရှောင်စခန်းများ၌ ခိုလှုံ နေကြရ သည်။

မတ္တရာစစ်ရှောင်အမျိုးသမီးတစ်ဦးကို ၎င်း၏ကလေးငယ်နှင့်အတူ ယခုလဆန်းက တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)





Source link

Leave a Reply

Your email address will not be published. Required fields are marked *