၂၈.၁၁. ၂၀၂၄
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဒုံပြည်နယ် တရားရုံးတစ်ရုံးက တရုတ်နိုင်ငံဘဏ်ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ Liu Liange ကို လာဘ်စားမှုနဲ့ ဥပဒေနဲ့မညီ ချေးငွေ ထုတ်ပေးမှုတို့နဲ့ နိုဝင်ဘာ ၂၆ ရက်က ဆိုင်းငံ့သေဒဏ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
စီရင်ချက်မှာ သေဒဏ်ကို နှစ်နှစ်ဆိုင်းငံ့ထားတယ်လို့ ဆိုပါတယ်။ ဒီလိုဆိုင်းငံ့ထားခြင်းက ဆိုင်းငံ့ကာလအတွင်း ဥပဒေနှင့်အညီ ကောင်းမွန်စွာနေထိုင်ရင် တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ လျှော့ချပေးမှာဖြစ်ပါတယ်။
Liu Liange က ၁၉၆၁ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေမှာ အလုပ် လုပ်ခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ ဗဟိုဘဏ်ဖြစ်တဲ့ People’s Bank နဲ့ တရုတ် သွင်းသုန်ထုတ်ကုန်ဘဏ်တွေ မှာလုပ်ခဲ့ဖူးပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ တရုတ်နိုင်ငံဘဏ် ဥက္ကဋ္ဌအဖြစ် တိုးမြှင့်ခန့်ထားခံခဲ့ရတာပါ။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ တရုတ်နိုင်ငံရဲ့အာဏာရ ကွန်မြူနစ်ပါတီက သူ့ကို ဥပဒေနဲ့ မညီ လုပ်ဆောင်မှုတွေနဲ့ လာဘ်စားမှုတို့အတွက် ရာထူးမှထုတ်ပယ်ခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေး စောင့်ကြည့်အဖွဲ့က မကြာခင်လတွေမှာ ငွေကြေးဆိုင်ရာ အဖွဲ့တွေကဖြစ်တဲ့ Liu Liange နဲ့ ဗဟိုဘဏ် ဒုတိယအုပ်ချုပ်ရေးမှူးဟောင်း Fan Yifei တို့ကို အရေးယူခဲ့တာပါ။ Fan Yifei လည်း အောက်တိုဘာလက လာဘ်စားမှုတွေအတွက် ဆိုင်းငံ့ ကာလ နှစ်နှစ်နဲ့ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။
Liu Liange က လာဘ်ငွေ ယွမ် ၁၂၁ သန်းကျော် လက်ခံခဲ့ပြီး ကိုယ်တိုင်လည်း ဝန်ခံခဲ့ပါတယ်။ သူ့ရဲ့ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာအားလုံးကို နိုင်ငံတော်က သိမ်းယူမှာလည်းဖြစ်ပါတယ်။
Ref- Reuters