ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုမ်သဲ (Lumte) ရွာကို ယမန်နေ့ (နိုဝင်ဘာ ၂၆) နေ့လယ်က လေကြောင်းမှ တိုက်ခိုက်ခံရပြီး ခြောက်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့နှင့် ဖလမ်းဒေသခံများထံမှ သိရသည်။
ဖလမ်းမြို့အရှေ့ဘက် မိုင် ၂၀ ခန့်အကွာတွင် တည်ရှိသော လုံသဲမ်ကျေးရွာကျန်းမာရေးဆေးပေးခန်းကို လေယာဉ်က ဗုံးနှစ်လုံးကြဲချခဲ့သည်ဟု ချင်းလူအခွင့်အရေးအဖွဲ့ (Chin Human Rights Organization – CHRO) ပရိုဂရမ် မန်နေဂျာ Ko Terah က ဒေသခံများကို ကိုးကားပြီး ပြောသည်။
“ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ (ဗုံး) နှစ်လုံးလောက်ကြဲတယ်။ ဆေးခန်းလည်းပျက်တယ်။ အိမ်တချို့ လည်း ပျက်တယ်လို့ကြားတယ်။ သူတို့ ဦးတည်တာက ဆေးခန်းကို ဦးတည်တာလို့ ကြားရတယ်။ အသေးစိတ်တော့ ဆက်လက် စုံစမ်းနေဆဲပါ” ဟု ၎င်းက ဆိုသည်။
ပေါက်ကွဲမှုကြောင့် ထိုနေရာအနီး ရှိနေသော အရပ်သားပြည်သူများဖြစ်သည့် အမျိုးသမီး တစ်ဦးနှင့် အမျိုးသား ငါးဦးတို့ သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း ဒေသခံများက ဆိုသည်။
သေဆုံး၊ထိခိုက်ဒဏ်ရာရသူများ၏ အသေးစိတ်အချက်လက်များနှင့် သိရှိနိုင်ရန် ဆက်လက်စုံစမ်းနေ ဆဲဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၈၀ ခန့်ရှိ လုံသဲမ်ရွာ ကျေးရွာဆေးပေးခန်း၊ ဘုရားကျောင်း အပါအဝင် နေအိမ်ခြောက်လုံးခန့် ပျက်စီးသွားကြောင်း ဒေသခံများထံမှသိရသည်။
ချင်းတော်လှန်ရေးအဖွဲ့များ ပူးပေါင်းထားသည့် ချင်းညီနောင်အဖွဲ့သည် နိုဝင်ဘာ ၉ ရက်တွင် အနီးရှိ ဖလမ်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလည်း မြို့အနီးဝန်းကျေးရွာများကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။
“ ဖလမ်းမြို့ပေါ်တိုက်ပွဲကတော့ ၉ ရက်နေ့ကစပြီးတော့ ဆက်တိုက်ပါပဲ။ နေ့တိုင်း ထိတွေ့မှုရှိပါတယ်” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ CNDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ချင်းညီနောင်အဖွဲ့တွင် ဇိုမီဖက်ဒရယ်အစည်းအရုံ (ZFU)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်း အမျိုးသားအဖွဲ့ ချုပ် (CNO/CNDF)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁)နှင့် မရာနယ်မြေအုပ်ချုပ်ရေး ကောင်စီ စသည့် ခြောက်ဖွဲ့ စုစည်းထားခြင်းဖြစ်သည်။
နိုဝင်ဘာ ၂၅ ရက် နံနက်က ဖလမ်းမြို့မြောက်ဘက် ၁၀ မိုင် ကျော်ခန့်အကွာ ဗားရ်ကျေးရွာကို လေကြောင်း တိုက်ခိုက်မှုလုပ်ခဲ့ရာ ဘုရားကျောင်းအပါအဝင် နေအိမ်ငါးလုံးထက်မနည်း ပျက်စီးခဲ့သည်ဟု ဒေသတွင်း မီဒီယာများတွင် ဖော်ပြထားသည်။
လက်ရှိတွင် ဖလမ်းမြို့ခံတစ်သောင်းကျော်သည် နိုဝင်ဘာ ဒုတိယပတ်ကတည်းက တိမ်းရှောင်နေကြပြီး မြို့ပေါ်တွင် အရပ်သားမကျန်သလောက် ဖြစ်သည်ဟု သိရသည်။
နိုင်ငံအနှံ့ စစ်မျက်နှာရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ယခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကို ပိုသုံးလာပြီး တိုက်ပွဲပြင်းထန်ရာ နေရာများသာမက အနီးဝန်းကျင်ရှိ ဆေးရုံ၊ ဆေးပေးခန်းပါမချန် ပစ်မှတ်ထားတိုက ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။
ယခုနှစ် ဧပြီလက ချင်းပြည်နယ်တောင်ပိုင်း ၊ ကျင်ဒွေးမြို့တွင် မြို့သိမ်းတိုက်ပွဲပြင်းထန်နေချိန် အနီးရှိ ကန်ပက်လက်မြို့နယ် လွန်ဒုံရွာဆေးခန်းနှင့် မင်းတပ်မြို့နယ်၊ ဝမ္မသူးတိုက်နယ်ဆေးရုံ တို့ကို လေကြောင်း မှ တိုက်ခိုက်ခဲ့သည်။
အလားတူ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တွင် ယခင်လက မြို့သိမ်းတိုက်ပွဲပြင်းထန်နေချိန် အနီးရှိ မော်လူး မြို့၊ ဆေးရုံကို လေကြောင်းမှ ပစ်ခတ်ခဲ့သည်။
ချင်းညီနောင်က တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိနေသည့် မင်းတပ်မြို့တွင်လည်း မြို့ကို လက်မလွှတ်ရရေးအတွက် လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ် အပြင်းအထန်လုပ်နေကြောင်း မင်းတပ် မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ကိုယောမန်က ဆိုသည်။
ချင်းလူ့အခွင့်ရေးအဖွဲ့ (CHRO) က ယခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ အရ အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း ချင်းပြည်နယ်ကို စစ်တပ်က အကြိမ်ရေ ၅၀၀ ကျော် လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။
ထိုတိုက်ခိုက်မှုများအတွင်း ကလေး ၂၉ ဦးအပါအဝင် ၁၀၈ ဦး သေဆုံးပြီး ၂၃၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ သည်။ စာသင်ကျောင်း ၂၂ ကျောင်း၊ ကျန်းမာရေးဆိုင်ရာအဆောက်အဦငါးခု၊ ဘာသာရေးအဆောက်အဦ ၂၆ ခု ပျက်စီးခဲ့သည်။
လက်နက်ကိုင်ခုခံမှု အားကောင်းရာ နိုင်ငံအနောက်မြောက်ဘက် တောင်တန်းဒေသ ချင်းပြည်နယ်တွင် ချင်းတော်လှန်ရေးအင်အားစုများက ရိခေါရ်ဒါ၊ လိုင်လင်းပီ၊ ရေဇွာ၊ မတူပီ၊ ကျင်ဒွေး၊ တွန်းဇံ မြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။
ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားသည်။