ylliX - Online Advertising Network
အကြောက်တရားအောက်တွင် ရန်ကုန်မှ မန္တလေးသို့ ခရီးသွားခြင်း - Myanmar Now

အကြောက်တရားအောက်တွင် ရန်ကုန်မှ မန္တလေးသို့ ခရီးသွားခြင်း – Myanmar Now


ရန်ကုန်မှ မန္တလေးမြို့သို့ သွားမည့် အဝေးပြေးကားထဲတွင် ခရီးသည်တို့အတွက် ဝန်ဆောင်မှုများ၊  တားမြစ်ချက်များကို ယာဉ်လိုင်းဝန်ထမ်းက ဖတ်ပြနေသည်။

မှတ်ပုံတင်များ ကြိုတင်ထုတ်ထားရန်၊ စစ်ဆေးရေးဂိတ်များတွင် ဖုန်းမသုံးရန်၊ ဖုန်းမပြောရန်၊ ဓာတ်ပုံ၊ ဗီဒီယို မရိုက် ကူးရန် သတိပေးပြီးသည်နှင့် ကားသည် အောင်မင်္ဂလာဝင်းမှ စတင်ထွက်ခွာလာခဲ့သည်။

စစ်တပ် အာဏာမသိမ်းခင်က မိုင် ၃၀၀ ကျော်ရှည်လျားသည့် ဤခရီးလမ်းကို လစဉ် သွားလာဖူးသည့် ကျွန်တော့်အတွက် ဤလမ်း၏ အဓိက ပြောင်းလဲမှုမှာ လမ်းတလျှောက်  စစ်ယူနီဖောင်းဝတ်များနှင့် ယာဉ်ထိန်းရဲများ ပါဝင်သော အဖွဲ့  ၁၀ ဖွဲ့ထက်မနည်းကို  ကျော်ဖြတ်ရခြင်းပင်။  

ကားထွက်ပြီး ဇီးရိုးမိုင် မရောက်ခင်တွင် ယာဉ်အကူ၏ သတိပေးသံကို ကြားလိုက်ရသည်။

“စစ်ဆေးရေးဂိတ် ဖြတ်ပါတော့မယ်။ ဖုန်းမသုံးပါနဲ့၊ ဖုန်းများ ချထားပါ၊ မှတ်ပုံတင်များ အဆင်သင့် ထုတ်ထားပါ” 

စစ်ကောင်စီလက်နက်ကိုင်တို့က အဝေးပြေး Express ကားများကို လုံခြုံရေး အကြောင်းပြ၍ ရပ်တန့်ခိုင်းကာ  ခရီးသည်စာရင်း၊ ခရီးသည်၊ မှတ်ပုံတင်တို့ကို  စစ်ဆေးကြပြီး ကားပေါ်မှ ပြန်အဆင်းတွင် ရေပုလင်း၊ မျက်နှာသုတ်ပုဝါများ ယူသွားတတ်ကြသည်။

အဆိုပါစစ်ဆေးရေးအဖွဲ့များ၏ အဓိက အလုပ်မှာ ကုန်တင်ကား၊ အိမ်စီးကားများထံမှ ယာဉ်ပေါ်ပါ လုံခြုံရေးခါးပတ် မပတ်ခြင်း၊ ရောင်ပြန်နှင့် စကေတာများ ကပ်မကပ်  စသည့် လိုအပ်ချက်များအပေါ် အခြေခံ၍ ငွေရှာကြမ်းကြ ခြင်း ဟု တက္ကစီသမားများက ဆိုကြသည်။

ရန်ကုန်မြို့အောင်မင်္ဂလာဝင်းတွင် အဝေးပြေးခရီးသွားကားများ ရပ်နားထားသည်ကို ယခင်လက တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

စစ်တပ်အာဏာမသိမ်းခင်  ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် ဇီးရိုးမိုင်တိုင်ပေါ်မရောက်ခင် အမှတ် (၃) လမ်းမကြီးပေါ် ရှိနေသည့် စစ်ဆေးရေးဂိတ်ကိုလည်း မတွေ့ရတော့ပေ။

ယင်းနေရာ၌ ရှိနေသည့် ယာဉ်လိုင်းဌာနအချို့နှင့် ဈေးဆိုင်များကိုသာ တွေ့ရှိပြီး စစ်ဆေးရေးဂိတ် နေရာဟောင်းတွင် သံဆူးကြိုးများ ကာရံထားသည်ကိုသာ တွေ့လိုက်ရသည်။

အဆိုပါစစ်ဆေးရေးဂိတ်သည် ထိုနေရာနှင့် မနီးမဝေး ဇီးရိုးမိုင်အဝင် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် ရောက်ရှိသွားပြီး ဂိတ်တွင် ၁၀ ပေအမြင့်ထက်မနည်းသည့် မျှော်စင်နှစ်ခုရှိကာ စစ်သားများ စောင့်ကြည့် နေကြကာ X ray စက်များလည်း တပ်ဆင်ထားသည်။

လမ်းတစ်ခြမ်းကို ပိတ်ထားပြီး စစ်သားများနှင့် ရဲများက ကားများကို စစ်ဆေးနေသည်။  စစ်ဆေးမည့် နေရာတွင် ကားကြီး၊ ကားလေးများ တန်းစီရပြီး အချိန် ၁၅ မိနစ်ထက်မနည်း စောင့်ဆိုင်းရသည်။

အဆိုပါစစ်ဆေးရေးဂိတ် အပါအဝင် ဂိတ်များ၌ ဖုန်းသုံးမိသူသည် အပြစ်သား တစ်ယောက်လို စစ်ကြောခံရလေ့ရှိကြောင်း၊ ထိုနေရာတွင် ငွေကြေးဖြင့် ဖြေရှင်း၍ မရကြောင်း ယာဉ်အကူအမျိုးသားက ဆိုသည်။



စစ်သား၊ ရဲ၊ ယာဉ်ထိန်းများ ပါဝင်သည့်အဖွဲ့တွင် ​၅ ဦး ထက်မနည်းရှိပြီး မော်တော်ယာဉ်တိုင်းကို ရပ်တန့် စေကာ လာခဲ့သည့် နေရာ၊ သွားရောက်မည့်နေရာ၊ မှတ်ပုံတင်များကို မေးမြန်းရုံမက ကားအဖုံးများကို ဖွင့်၍ စစ်ဆေးပြီးမှ  ခရီးဆက်ခွင့်ပြုစေခြင်း ဖြစ်သည်။

ကားပေါ်ရောက်လျှင် သီချင်းနားထောင်၊ ရှုခင်းများကို ကြည့်၍ စိတ်ပင်ပန်းမှု၊ မွန်းကျပ်မှုများကို လျော့ကျစေသည့် ခံစားချက်များ ယခုကာလတွင် မရရှိတော့ပေ။ လုံခြုံရေးအရ စစ်ဆေးသည် ဆိုသော်လည်း စိတ်ထဲတွင် လွတ်လပ်လုံ ခြုံမှုကို မခံစားရတော့ပေ။‌

ယခုနှစ်အတွင်း အမြန်လမ်းပေါ်မှ သွားမည့် ယာဉ်များအား စစ်ဆေးသည့် စစ်ကောင်စီဂိတ်တစ်ခု။ (ဓာတ်ပုံ-ပေးပို့)

စစ်ဆေးဂိတ်နှင့် ကန့်သတ်ချက်များလာသည့် အမြန်လမ်း

အမြန်လမ်း ဇီးရိုးမိုင်အကျော်တွင် လမ်းခုလပ်မှ စောင့်ဆိုင်းသည့် ခရီးသည်များကို  တင်ဆောင်ခွင့် မပြုတော့ပေ၊  မိုင်တိုင်၂၀ ကျော်တွင် တွေ့သော ခရီးသည်များကိုသာ လက်ခံကြောင်း တွေ့ရသည်။

“ဇီးရိုးမိုင်မှာ လူတင်ရင် ဒဏ်ရိုက်ခံရတယ်” ဟု ယာဉ်အကူအမျိုးသားက ဆိုသည်။  

ဤလမ်းတွင် လက်နက် ဖမ်းဆီးရမိမှုတချို့လည်း ရှိတတ်ရာစစ်ကောင်စီက တော်လှန်ရေးအင်အားစု လက်နက်သယ်ယူမှုနှင့်သွားလာမှုကို ထိန်းချုပ်လိုခြင်းကြောင့် ကန့်သတ်ချက်တချို့ ချမှတ်ထားခြင်း ဖြစ်နိုင်သည်ဟု ယူဆရသည်။ 

 ရဲနှင့် စစ်သားများက ကားဝမ်းဗိုက်ရှိ ကုန်ပစ္စည်းတင်သည့် နေရာများကို ဖွင့်လှစ်စစ်ဆေးကြသည်။

ခရီးသည်နှင့် မှတ်ပုံတင် စစ်ဆေးခြင်းကို ၁၀ ကြိမ် ထက်မနည်း ခံရသည်၊ မြို့အဝင်များတွင် စစ်သားနှင့် ရဲယူနီဖောင်းဝတ် တစ်ဦးဦးက ကားပေါ်သို့ တက်လာကာ မှတ်ပုံတင်များကို ထပ်၍ စစ်ဆေးတတ်သေးသည်။  ခရီးသည် ဖုန်းများကို စစ်ဆေးခြင်း မရှိပေ။

လမ်းတွင် ရဲများ၊ စစ်သားများ၊ ဘန်ကာများပါဝင်သည့် စစ်ဆေးရေးဂိတ်ပေါင်း ၂၀  ထက်မနည်း ချထားသည်ကို တွေ့ရသည်။ မြို့အဝင်များနှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ မြို့များသို့ ဆက်သွယ်ထားသည့် လမ်းခွဲများ၊ အမြန်လမ်းဘေးရှိ ရဲစခန်းနှင့် တပ်ရင်း နေရာများတွင် ထိုဂိတ်များ ရှိတတ်သည်။

မိုင်တိုင် ၇၆ အကျော်ရှိ ယာဉ်ရပ်နားစခန်းအသေး၊ ၁၁၅ မိုင်ယာဉ်ရပ်နားစခန်း၊ နေပြည်တော် မိုင်တိုင် ၂၀၀ တို့တွင် ခရီးတစ်ထောက်နားသည့်ကားများတွေ့ရသော်လည်း အဝေးပြေးကားနှင့် အိမ်သုံးကား ၅ စီး ခန့် တွေ့ရှိရသည်။ စားသောက်ဆိုင်ထဲတွင် ခရီးသည် အနည်းငယ်သာရှိသည်။

ဒေသထွက်ကုန်အပါအဝင် ကုန်ပစ္စည်းများ အလုအယက်ရောင်းသည့် ကျပန်းဈေးသည်တို့ကို များများစားစား မတွေ့ရတော့ပေ။ အရာရာမှာ ခေတ်ကောင်းစဉ်ကမြင်ကွင်းများနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း ခရီးတစ်ထောက်နားရာ စားသောက်ဆိုင်တန်းတစ်ခုကို ယခင်လက တွေ့ရစဉ်။  (ဓာတ်ပုံ- Myanmar Now)

စစ်ကောင်စီ အထိနာသည့်ဒေသမှ လာသူများ ပိုစစ်ဆေးခံရ

ယခင်လအတွင်း အမြန်လမ်းတွင်  မှတ်ပုံတင်စစ်လျှင် မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်မှ လူငယ်တို့ကို  ကားပေါ်မှ ဆင်းခိုင်းပြီး စစ်ဆေးမေးမြန်းတတ်ကြောင်း  သိရသည်။ 

မကွေးနှင့်ရခိုင်နယ်စပ် အမ်းမြို့နယ်တွင် စစ်ဌာနချုပ် သိမ်းနိုင်ရေး အာရက္ခတပ်တော် (AA) နှင့်  မဟာမိတ် များ ပူးပေါင်းတိုက်ခိုက်နေကြသလို  စစ်တပ်ထောက်ပို့လမ်းကြောင်းများကို တော်လှန်ရေး အဖွဲ့များက ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်နေကြရာ တိုက်ပွဲများ ပြင်းထန် နေသည်။ 

မကွေးတိုင်းမှ အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦး ဝန်ထမ်း မိဘများ နှင့်အတူ ခရီးသွားစဉ် ရန်ကုန်မြို့အဝင် ဇီးရိုးမိုင်အကျော်၌ ကားပေါ်မှ ဆင်းကာ စစ်ဆေးခံခဲ့ရကြောင်း ဆိုသည်။ 

“မှတ်ပုံတင်နံပါတ် မေးတာ မကြားလို့ မဖြေလိုက်တော့ ဟောက်တာ၊ အဖေနဲ့ အမေ ဝင်ပြောလည်း ကလေးကို မေးနေတာ၊ ခင်ဗျားတို့ …ဝင်မပြောနဲ့ ….ဆိုပြီး မေးတာ ၁၅မိနစ်လောက်ကြာတယ်” ဟု  ထိုဖြစ်ရပ် ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောပြသည်။

ယခုနှစ်အတွင်း မော်တော်ယာဉ်များကို စစ်ဆေးနေသော စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခု။ (ဓာတ်ပုံ- ပေးပို့)

ထို့ကြောင့်  ကားဂိတ်များက ယင်းဒေသမှ လူငယ်များကို ထိုအခြေအနေအကြောင်း သီးခြား သတိပေးနေကြသည်ဟု သိရသည်။ 

စစ်ကောင်စီ စစ်ရှုံးနေသည့် တိုင်းနှင့်ပြည်နယ်များမှ လူငယ်အမျိုးသားများကို  ဂိတ်များတွင် တင်းကျပ်စွာ စစ်ဆေးလေ့ရှိပြီး ကားပေါ်မှ ဆင်းနေရခဲ့ရသည့် ဖြစ်စဉ်များ ရှိကြောင်း အဝေးပြေးကားလိုင်းများနှင့် နီးစပ်သူများက ဆိုကြသည်။

မသင်္ကာဖြစ်ခံရသည့် ထိုသူများ မည်သို့ဆက်ဖြစ်သွားသည်ကို မသိရကြောင်း ၎င်းတို့က ပြောသည်။  

ရပ်ကွက် သို့မဟုတ် မြို့နယ် အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက် ပါက ပိုမိုအဆင်ပြေနိုင်ကြောင်း အဝေးပြေးကားလက်မှတ်အရောင်းဌာနမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“မှတ်ပုံတင် ပါတာနဲ့ခရီးက သွားရပါတယ်၊ စစ်ဆေးရေးအဖွဲ့တွေ ရစ်တာမခံချင်ရင်တော့ ထောက်ခံချက် ပါရင်တော့ ပိုကောင်းတာပေါ့” ဟု သူက ဆိုသည်။

ဤအခြေအနေသည် စစ်ကောင်စီ အောက်ခြေအဖွဲ့များ စစ်သားသစ်စုဆောင်းခြင်း၊ ခြိမ်းခြောက် ငွေတောင်းခြင်း စသည့် လုပ်ငန်းများအတွက် ပိုမို လွယ်ကူစေသည်။

ယခုနှစ် မတ် ၁၈ ရက်တည်းမှစ၍ ရခိုင်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ အရပ်သားပြည်သူများ ခရီးသွားထောက်ခံချက် ပါရှိမှ ကားလက်မှတ်များ ရောင်းချပေးရန် ဂိတ်များသို့  ညွှန်ကြားထားပြီး ထိုစဉ်ကတည်းက ခရီးသွားအချို့လည်း စစ်ဆေးခံကြရသည်။

ခရီးသည်တင်ကားကြီးများတွင်  ခရီးသည်  ခုံပြည့် မပါကြပေ။  စစ်ဆေးခံရမှု နည်းပါးသော အိမ်သုံးကားများကို အသုံးပြု၍ ပြေးဆွဲလာသည့် ယာဉ်လိုင်းများကို ပြောင်းလဲ စီးနင်းလာကြသည်။ ခရီးသည် ၄ ဦး လိုက်ပါနိုင်ပြီး ယာဉ်စီးခ တစ်ဦးလျှင် ကျပ် လေးသောင်းမှ ငါးသောင်းထိရှိသည်။

၂၀၂၂ မတ်လအတွင်း ရန်ကုန်-မန္တလေး တိုးဂိတ်တစ်ခုအနီး လိုက်ထရပ်ယာဉ်ဖြင့် ခရီးသွားနေသူ တချို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ-AFP)

ပဲခူးအရှေ့ စစ်တောင်းမြစ်ဘက်သို့ ထောက်ပို့သည့်လမ်းကြောင်း 

စစ်တပ်က အမြန်လမ်းကို စစ်သားသစ် သယ်ယူခြင်း၊ ရိက္ခာပို့ခြင်းများအတွက်လည်း အသုံးပြုနေသဖြင့် စစ်ကားတချို့ ဖြတ်သန်းသွားလာနေသည်ကိုလည်း တွေ့ရသည်။ 

ရုံးပိတ်ရက်များတွင် စစ်ကား အစီးရေ ၂၀ ထက်မနည်း ဖြတ်သန်းသွားလာမှုရှိပြီး ရံဖန်ရံခါတွင်  မရေတွက်နိုင်သည့် စစ်ကားများကို တွေ့ရှိရတတ်သည်ဟု အဝေးပြေးယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦး ပြောသည်။

ပဲခူးတိုင်းရှိ စစ်တောင်းမြစ် တစ်လျှောက်နှင့် ကျောက်ကြီးမြို့နယ်ရှိ စစ်ဆင်ရေးများသို့ ပို့ဆောင်နေခြင်း ဖြစ်သည်ဟု သိရကြောင်း ဆိုသည်။

အဆိုပါနေရာများသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်များ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တို့၏ လှုပ်ရှားနယ်မြေဖြစ်သည်။

စစ်တောင်းမြစ်အနောက်ခြမ်း ရန်ကုန်-မန္တလေး လမ်းဟောင်းမြို့များပေါ်တွင် အခြေစိုက်သော တပ်ရင်း များက မြစ်အရှေ့ဘက်ကမ်း KNU နယ်မြေများကို လက်နက်ကြီးများ၊ ဒရုန်းများဖြင့် မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်နေ၍ ဒေသခံများ ထိခိုက်သေဆုံးနေရသည်မှာ ၂၀၂၁ ခု အာဏာသိမ်းပြီးကတည်းက ဖြစ်သည်။

ပဲခူးတိုင်းအနောက်ခြမ်း အခြေစိုက် PDF တပ်ဖွဲ့ဝင်များကို ၂၀၂၃ ဇူလိုင်လအတွင်းက ဒေသအတွင်း သွားလာနေကြစဉ်။ (ဓာတ်ပုံ- Royal Peacock Column)

ထိုဒေသတွင် တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေသည်၊ အထူးသဖြင့် ဖြူး၊ မုန်း၊ ကျောက်ကြီး၊ ရေတာရှည်၊ ဝေါ၊ ညောင်လေးပင်နယ်မြေများတွင် ဖြစ်သည်။ 

တော်လှန်ရေးအင်အားစုက   ရံဖန်ရံခါ ကြားဖြတ်တိုက်ခိုက်နေရာ ၂၀၂၂ ဇွန် ၂၆ ရက်နေ့တွင်  နွားထိုးကြီး PDF က မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ဦးတည်မောင်းနှင်လာသော စစ်ယာဉ်တန်းတစ်ခုကို အမြန်လမ်း မိုင်တိုင် ၃၂၀ အနီး မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

၂၀၂၁ နိုဝင်ဘာအတွင်းကလည်း ပဲခူးတိုင်း၊ ဖြူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၁၀ အနီးရှိ ရဲကင်းကို ဖြူး PDF က တိုက်ခိုက်ခဲ့ရာ ရဲ ၅ ဦး သေဆုံးသည့်အပြင် လက်နက်များ ရယူနိုင်ခဲ့သည်။  

 စစ်သားများလည်း အရပ်သားအသွင်ယူကာ ထိုလမ်းပိုင်းကို ဖြတ်သန်းသွားလာနေကြသည်ဟု သိရသည်။ စစ်တပ်အရာရှိဟု ယူဆရသူတချို့  ခရီးသည်များကြားတွင်  မြင်တွေ့တတ်ရသည်ဟု အဝေးပြေးလိုင်း စီးနင်းသူ ခရီးသည်တချို့က ဆိုသည်။

ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်အရာရှိများလည်း လုံခြုံရေးအခြေအနေအရ ပြည်သူများနှင့် ရောနှောစီးနင်းတတ်ကြောင်းကို စစ်ကောင်စီဝန်ကြီး တစ်ဦး၏ ကိုယ်ရေးအရာရှိ တစ်ဦး ပြောဖူးသည်ကို အမှတ်ရမိသည်။

၂၀၂၃ အတွင်း အမြန်လမ်းပေါ် သွားလာနေသော ကုန်တင်ကားတစ်စီး။ (ဓာတ်ပုံ- Myanmar Now)

နိုင်ငံအလယ်ပိုင်းမှ မန္တလေးမြို့

ကားက ရန်ကုန်မှ ညနေ ၅ နာရီတွင် ထွက်လာခဲ့သော်လည်း မန္တလေးမြို့သို့ နံနက် ၄ နာရီ ကျော်မှ ရောက်ရှိလာခဲ့သည်။  စစ်ဆေးရေးဂိတ်များတွင် စုစုပေါင်း ၄ နာရီ  အချိန်ပေးလိုက်ရသည်ဟု ဆိုနိုင်သည်။ 

ခရီးသွားများနှင့် စည်ကားခဲ့ဖူးသည့် မန္တလေး ကျွဲဆည်ကန် ကားကြီးကွင်းမှာလည်း လူရှင်း ငြိမ်သက်နေသည်။

မန္တလေးမြို့ထဲ ကျွန်တော်သွားလိုသော နေရာသို့ သုံးဘီး(တုတ်တုတ်) ငှားစီးရာ ဈေးအဆမတန် တင်တောင်းမှု ကြုံရသည်။ 

ငှားရမ်းခ ဈေးတည့်အဆင်ပြေပြီး သုံးဘီးပေါ်ရောက်ရှိချိန်တွင်  သူက ယခုကဲ့သို့ နံနက်ဝေလီဝေလင်း အချိန်၌  လူဆိုးများ၊ စစ်ကောင်စီ၏လက်နက်ကိုင်များနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်ကြောင်း ညည်းတွားပြသည်။

“ရပ် …ဆိုရင် ဇိုးလား စစ်သားလားမသိဘဲ ရပ်လိုက်လို့ ဇိုးဆိုရင် ပါတာအကုန်ကုန်ပဲ၊ မရပ်ဘဲ ဆက်မောင်းလို့ လက်နက်ကိုင်ဖြစ်နေရင် ပစ်ခံရမှာနဲ့ အကုန်ကြောက်နေရတာ” ဟု ၎င်းက ပြောပြသည်။

မြို့ထဲတွင် ဈေးသည် တစ်ဦးစ၊ နှစ်ဦးစကို  တွေ့ရှိရပြီး လမ်းရှင်းနေသည်။

မန္တလေးမြို့တွင် တိုက်ပွဲများမရှိသေးသော်လည်း မြို့နားနီးကပ်လာသည့် တိုက်ပွဲများနှင့် စစ်ရေး အခြေနေများကြောင့် ဒေသခံတို့ စိုးရိမ်နေပုံရသည်။

 စီးပွားရေးမြို့တော် မန္တလေးကို ယခုနှစ် အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-AFP)

မကြာခဏဆိုသလိုပင် စစ်ကောင်စီလက်နက်ကိုင်တို့က လမ်းပေါ်တွင် သွားလာနေသူတို့ကို ရပ်တန့်စေပြီး လက်ကိုင်ဖုန်း တောင်းယူ စစ်ဆေးတတ်သည်၊ ဖုန်းထဲတွင်    တော်လှန်ရေးအဖွဲ့များကို ထောက်ခံသည့် ပို့စ်များ၊ လောင်းကစား ဆော့ဝဲများတွေ့ပါက ဖမ်းဆီးတတ်၊ ငွေတောင်းတတ်သည်ဟု သုံးဘီးမောင်းသူက ပြောပြသည်။

“သူတို့ခွင်ပဲ၊ ဒီလိုတောင်းလို့လည်း မန္တလေးမှာ ဒီကောင်တွေ ချမ်းသာပြီး ကားတွေနဲ့ချည်း ဖြစ်နေပြီ” ဟု သုံးဘီးဆရာက ဆိုသည်။

နိုင်ငံခြားဧည့်သည် လာရောက်လေ့ရှိသည့် မန္တလေးတွင်  ပြည်ပဧည့်ဆိုလျှင် တရုတ်နိုင်ငံသားတို့ကိုသာ တွေ့နိုင်သည်။  ကျောက်မျက်စျေးရှိနေသည့်အတွက် ဟိုတယ် ၈ ခုထက်မနည်းတွင် လူပြည့်နေပြီး အခန်းရရှိရေး အတော်ပင် ကြိုးပမ်းခဲ့ရသည်။ 

 ဟိုတယ်အခန်းခမှာလည်း အာဏာ မသိမ်းခင်ကထက် နှစ်ဆနီးပါး မြင့်တက်နေသည်။

အခန်းခမှာ ၆၀,၀၀၀ မှ   ၈၀,၀၀၀ ကျပ်ထိ ရှိနေသည်၊ နေ့စဉ် နာရီပိုင်းသာ လျှပ်စစ်မီးရရှိသဖြင့်    မီးစက် သုံးရသည်၊ ထိုစရိတ်ကြောင့် အခန်းငှားခများ ဈေးတက်နေရသည်ဟု ဟိုတယ်တချို့က ဆိုကြသည်။

နံနက် ၇ နာရီ ထိုးချိန် မြို့ထဲရှိ ရွှေပလ္လင်လက်ဖက်ရည်ဆိုင်တွင် လူပြည့်နေသလို လမ်းပေါ်တွင်လည်း လူအများပြား လှုပ်ရှားသွားလာနေကြသည်ကို စတင်တွေ့ရသည်။

အထင်ကရ ဈေးချို၊ ဘုရားကြီးဟု ဒေသခံတို့ ခေါ်ကြသည့် မဟာမြတ်မုနိဘုရားတို့တွင်   နိုင်ငံခြား ဧည့်သည်များ မရှိ၊ ဒေသခံများသာ သွားလာနေသည်။  

ညနေဘက်တွင် ဘူတာကြီးနှင့် မြို့ထဲသို့ သွားခဲ့ရာ  ခြောက်ကပ်နေပြီး တရုတ်တန်းတွင်လည်း ဈေးဆိုင်ခန်း  နည်းပါးသွားသည်။

“အရင်ကဆို လမ်းအပြည့်ပဲလေ၊ ခု ..ဆိုင်တွေ လျော့သွားတာ၊ လမ်းအပြည့်မရှိတော့ဘူး။ အရင်လောက် မစည်တော့ဘူး” ဟု ဈေးရောင်းသူတစ်ဦးက ဆိုသည်။

မန်းဘူတာကြီးထဲတွင် လက်မှတ် တန်းစီဝယ်ယူနေသူ နှစ်ဦးသာ တွေ့ရသည်။ 

ခရီးသည်မျှော်နေသည့် သုံးဘီးသမားတစ်ဦးကလည်း “ဘူတာကြီးလည်း ခြောက်ကပ်သွားတယ်” ဟု ပြောသည်။

မန္တလေးမြို့ဘူတာကြီးကို ယခုနှစ် ဇူလိုင်လဆန်းက တွေ့မြင်ရစဉ်။ (ဓာတ်ပုံ- AFP)

စကားလက်ဆုံကျမိသည့် အသက် ၆၀ ကျော်အရွယ် မန္တလေးသား အမျိုးသားက  လျှပ်စစ်မီးမှန်သည့် ဘဝကို ပြန်လိုချင်ကြောင်း၊ မကြာသေးမီ ကွယ်လွန်ခဲ့သည့် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို နှမျောတသဖြစ်ရကြောင်း ဆိုသည်။

နာရေးကို မြို့ခံများစုစည်းပြီး လိုက်ပို့ နိုင်ခဲ့သည်မှာ အထင်အရှားဖြစ်သည်၊ သို့သော် စစ်ကောင်စီ ရန်ရှာမည်ကို စိုးရိမ်၍ တိုးတိုးတိတ်တိတ် နေရသည်ဟု ၎င်းက ပြောသည်။

မန္တလေးနန်းတော်ရှေ့ကျုံးဘေးသို့ သွားရောက်ခဲ့ရာတွင် စစ်ကောင်စီတပ်သားများနှင့် တပ်မိသားစုဝင် များမှ လွဲ၍ လာရောက်သည့် မြို့ခံများနှင့် လည်ပတ်သူများကို မတွေ့ရပေ။ လူအများစီးသည့် သုံးဘီးများကို နန်းတွင်းသို့ သွားသည့်လမ်းတွင် ဝင်ရောက်ခွင့်မပြု။

နန်းတွင်းထဲမှ တပ်မိသားစုဝင်များသည် စစ်ကားများနှင့် ဈေးဝယ်ထွက်ရာ လက်နက်ကိုင်စစ်သားတချို့ လုံခြုံရေးပေးသည်ကိုလည်း တွေ့ခဲ့ရသည်။

နန်းတွင်းထဲ သွားရောက်လည်ပတ်လိုပါက မှတ်ပုံတင်စာရင်းသွင်းပြီးမှ သွားရောက်ရန် ဝင်ပေါက်တွင် စာလုံးအနီဖြင့် ရေးသားထားသည်။  သို့သော် စစ်သားများနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်  ရှိသလို အာဏာသိမ်းမှုဆန့်ကျင်သူဟု ယူဆရသူ အများအပြားကို နှိပ်စက်သတ်ဖြတ်မှုများကြောင့် နာမည်ကြီးနေသည့်  စစ်ကြောရေးစခန်းရှိရာ နန်းတွင်းအထဲသို့ ဝင်ရောက်လိုသူ နည်းပါးလှသည်။ 

မန္တလေးသား မိတ်ဆွေတစ်ဦးက  စစ်သားများကို မတွေ့လိုသဖြင့် မန္တလေး၏ သင်္ကေတဖြစ်သည့် ကျုံးမြို့ရိုးရှိရာဘက်သို့ ခြေဦးမလှည့်လိုကြောင်း မှတ်ချက်ပြုသည်။

 ”အဲဒီကောင်တွေကို မမြင်ချင်လို့ ကျုံးနားကို မသွားတာ နှစ်ချီနေပြီ” ဟု မိတ်ဆွေဖြစ်သူက ပြောလိုက်သည်။        





Source link

Leave a Reply

Your email address will not be published. Required fields are marked *