နိုင်ငံပြင်ပသို့ရောက်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ခေါင်းဆောင်များ ပြည်တွင်းသို့ ပြန်လာရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက ယမန်နေ့(နိုဝင်ဘာ ၂၆) ရက်နေ့က ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ဆင့်ခေါ်လိုက်သည်။
NUG ထိပ်ပိုင်းခေါင်းဆောင်များအကြား အွန်လိုင်းမှပြုလုပ်သည့်ထိုအစည်းအဝေးတွင် နွေဦးတော်လှန်ရေးသည် လွတ်လပ်ရေးရပြီးနောက် အကြီးကျယ်ဆုံးသော လူထုတော်လှန်ရေးဟု NUG ယာယီသမ္မတကဆိုပြီး သူ၏အစိုးရအဖွဲ့သည် “အဝေးရောက်အစိုးရဖြစ်လို့မရ” ဟုလည်းသတိပေးခဲ့သည်။
အသက် ၇၄ နှစ်ခန့်အရွယ် ကချင်နိုင်ငံရေးသမားနှင့် ရှေ့နေအဖြစ်မှ ၂၀၂၁ ဧပြီတွင် ယာယီသမ္မတ ဖြစ်လာသူ ဒူဝါလရှီးလသည် ဝန်ကြီးဌာန ၁၇ ခုဖြင့်ဖွဲ့စည်းထားသည့် NUG တွင် အဆင့်အမြင့်ဆုံး အကြီးအကဲဖြစ်သည်။
တော်လှန်ရေးသက်တမ်း လေးနှစ်နီးပါးကြားလာပြီးနောက် အဝေးရောက် ခေါင်းဆောင်များ မြေပြင်တွင် စုစည်းပြီး အင်အားတည်ဆောက်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“နိုင်ငံတကာအသိုင်းအဝန်းအတွက် အချိန်ယူသင့်သလောက် ယူပြီးပြီလို့လည်း ပြောနိုင်သလို၊ အချိန်ပေးသင့်တာထက် ပိုပြီး ပေးခဲ့ပြီးပြီလို့လည်း ပြောနိုင်ပါတယ်။ ဒါ့ကြောင့် မြေပြင်အင်အားကို စုစည်းဖို့အတွက် ပြည်တွင်းမှာ အင်အားတွေလာစုဖို့ နိုင်ငံပြင်ပကို ရောက်ရှိနေကြတဲ့ အစိုးရအဖွဲဝင် များကို အလေးအနက်ထား တိုက်တွန်းချင်ပါတယ်” ဟုလည်း အစိုးရအဖွဲ့ အစည်းအဝေးတွင် ၎င်းကပြောကြားခဲ့သည်ဟု NUG က သတင်းထုတ်ပြန်ခဲ့သည်။
အဝေးရောက်ခေါင်းဆောင်တွေကို ဘာကြောင့်စုစည်းခိုင်းတာလဲ
“ပျံ့နေတဲ့ အလင်းတွေကို မှန်ဘီလူးနဲ့ စုဆုံပြီး မီးတောက်တစ်ခု အစထပ်ပျိုးကြဖို့” အဝေးရောက် ခေါင်းဆောင်တွေကို ပြည်တွင်းပြန်ခေါ်တာဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလကဆိုသည်။
NUG သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်ကတော့ NUG ၏ ထိန်းချုပ်နယ်မြေများ တိုးလာပြီး ထိုနယ်မြေများတွင် ပြည်သူ့ဝန်ဆောင်မှုနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နေပြီး ပြန့်ကြဲနေသည့် အင်အားစုများကို ပြန်လည်စုဖွဲ့ရန်ကြိုးစားခြင်းဖြစ်ကြောင်း Myanmar Now ကိုပြောသည်။
“အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကိုရောက်နေတဲ့ NUG အင်အားစုတွေဆိုရင်လည်း အခုအချိန်မှာ ပြည်တွင်းမှာလာပြီးတော့၊ ပူးပေါင်းပြီးတော့ အတူတကွ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ အစိုးရယန္တရား တွေမှာ လည်ပတ်တဲ့အခါ ပြည်သူတွေနဲ့အတူရှိဖို့ တိုက်တွန်းပြောကြားတာ ဖြစ်ပါတယ်” ဟု NUG သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်ကဆိုသည်။
ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်အများစုသည် တော်လှန်ရေးစသည့် အချိန်ကတည်းက ပြည်တွင်းတွင်ရှိနေကြောင်း၊ ပြည်ပတွင်ရှိရမည့် အင်အားစုများ ဆက်ရှိနေမည်ဖြစ်ပြီး ပြည်တွင်းနှင့်ပြည်ပချိတ်ဆက်လုပ်ကိုင်မည်ဟုလည်း ၎င်းကဆိုသည်။
NUG ယာယီသမ္မတ သူ၏အစိုးရအဖွဲ့ထဲမှ နိုင်ငံပြင်ပသို့ရောက်နေသည့် ခေါင်းဆောင်များ ပြည်တွင်းတွင်ပြန်လည်လာရန် ဆင့်ခေါ်သည့်အပြင် တော်လှန်ရေးတပ်ဖွဲ့များအပေါ် တရုတ်အစိုးရ၏ဖိအားများ ကျရောက်နေကြောင်းလည်း သတိပေးခဲ့သည်။
“လက်ရှိ အခင်းအကျင်းကတော့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲနဲ့ နိုင်ငံရေးအရ၊စစ်ရေးအရ တိုက်ရိုက် ချိတ်ဆက်မှု အားနည်းတဲ့ အင်အားစုတွေမှာ ထင်မှတ်မထားတဲ့ စစ်ရေး၊ နိုင်ငံရေး ဖိအားတွေ ကြုံနေတာတွေ့ရပါတယ်။ အထူးသဖြင့် ဖိအားလို့ ပြောတဲ့နေရာမှာ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးသဘောထား ရလဒ်က ထွက်လာတဲ့ ဖိအားတွေလို့ ပြောနိုင်ပါတယ်” ဟု ယာယီသမ္မတက အစိုးရအဖွဲ့ အစည်းအဝေးတွင် ၎င်းကပြောကြားခဲ့သည်ဟု NUG က သတင်းထုတ်ပြန်ခဲ့သည်။
ထိုဖိအားကို သတိထားကိုင်တွယ်ရန်လည်း ၎င်းကဆိုပြီး China Dependency ( တရုတ်အပေါ် မှီခိုမှု) မှကင်းလွတ်ရေးအတွက် မဟာဗျူဟာမြောက်စဉ်းစားမှုများလည်း လုပ်မည်ဟုဆိုသည်။
“သေချာတာတစ်ခုကတော့ – တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖျင်း ကြည့်လိုက်ရင် – စစ်ရေးအရ နိုင်ငံရေးအရ China Dependency ရှိနေတယ်ဆိုတာလည်း တွေ့ရတယ်။ ဒါက အရင်ကလည်း ရှိတယ်။ အခုလည်း ရှိတယ်။ အဲဒါက အကြမ်းဖက်စစ်ကောင်စီအနေနဲ့လည်း ကြီးကြီးမားမား ရှိနေတာ တွေ့ရတယ်။ ဒါက လက်တွေ့ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့က ငြင်းပယ်လို မရသလို လျစ်လျှူရှုပစ်လိုက်လိုလည်း မရပါဘူး။” လို့ ပြောကြားပါတယ်။
NUG ကိုဘယ်လိုဖွဲ့စည်းထားလဲ
၂၀၂၁ ဧပြီ ၁၆ တွင်ဖွဲ့စည်းခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တွင် ဦးဝင်းမြင့်ကိုသမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ်ခန့်အပ်ထားသည်။
ထို့အတူ ဒူဝါလရှီးလသည် ဒုသမ္မတဖြစ်ပြီး ကရင်နိုင်ငံရေးသမားနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ပြည်ထောင်စုဝန်ကြီးချုပ်ဖြစ်သည်။
ထိုလေးဦးကို နိုင်ငံတော်အကြီးအကဲများအဖြစ် သတ်မှတ်ထားသည်။ သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီကဖမ်းဆီးထားသဖြင့် ဒုသမ္မတ ဒူဝါလရှီးလသည် NUG ၏ယာယီသမ္မတ အဖြစ်တာဝန်ယူနေသည်။
သူ၏အောက်တွင် အစိုးရဝန်ကြီးဌာန ၁၇ ခုရှိပြီး ဝန်ကြီး ၁၇ ဦး၊ ဒုဝန်ကြီး ၁၇ ဦးတို့ဖြင့် အစိုးရလုပ်ငန်းများကို လည်ပတ်သည်။
NUG ဝန်ကြီးဌာန ၁၇ ခုတွင်အောက်ပါဝန်ကြီးဌာနများပါဝင်သည်။
(၁) ကာကွယ်ရေး
(၂) ကျန်းမာရေး
(၃) စီမံ/ဘဏ္ဍာနှင့် ရင်းနှီးမြှုပ်နှံမှု
(၄) နိုင်ငံခြားရေး
(၅) ပညာရေး
(၆) ပြည်ထဲရေးနှင့်လဝက
(၇) ဖက်ဒရယ်ပြည်ထောင်စုရေးရာ
(၈) လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး
(၉) လူ့အခွင့်အရေး
(၁၀) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
(၁၁) အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး
(၁၂) အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ
(၁၃) အလုပ်သမား
(၁၄) တရားရေး
(၁၅) ဆက်သွယ်ရေး
(၁၆) လျှပ်စစ်စွမ်းအင်
(၁၇) စီးပွား/ကူးသန်း