ylliX - Online Advertising Network
ရန်ကုန်တိုင်းတွင် ဖုန်းဖြင့်ဆက်သွယ်ကာ ငွေကြေးများ အကြိမ်ကြိမ်လိမ်လည်ရယူခဲ့သူ ၅ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းမိ

ရန်ကုန်တိုင်းတွင် ဖုန်းဖြင့်ဆက်သွယ်ကာ ငွေကြေးများ အကြိမ်ကြိမ်လိမ်လည်ရယူခဲ့သူ ၅ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းမိ


၂၆. ၁၁. ၂၀၂၄
Written by Nyein Kyaw

ရန်ကုန်တိုင်းဒေသကြီးတွင် ဖုန်းဖြင့်ဆက်သွယ်ကာ အယောင်ဆောင်ပြောဆို၍ ငွေကြေးများ အကြိမ်ကြိမ်လိမ်လည်ရယူခဲ့သူ တရားခံအမျိုးသား ၅ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

လူမှုကွန်ရက်စာမျက်နှာများတွင် ဖုန်းဖြင့်ဆက်သွယ်၍ ငွေကြေးလိမ်လည်တောင်းခံမှုများ ဖြစ်ပွားနေကြောင်း ဖော်ပြပါရှိမှုများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက မိမိ၏အမာခံသတင်းပေးများ၊ ဒုစရိုက်မှုကို မလိုလားသည့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်များ၊ နည်းပညာဆိုင်ရာ အထောက်အကူပြုပစ္စည်းများမှ ရရှိသောအချက်အလက်များကိုအခြေခံကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် ညနေပိုင်းတွင် အမြန်လမ်းမကြီး(Zero)မိုင် တိုးဂိတ်၌ မကွေးတိုင်းဒေသကြီးမှ ရန်ကုန်တိုင်းဒေသကြီးသို့ ပြေးဆွဲနေသည့် “နန်းထိုက်တော်ဝင်” ခရီးသည်တင်ယာဉ်ပေါ်၌ ဖုန်းဖြင့်ဆက်သွယ်၍ ငွေကြေး လိမ်လည်မှုကျူးလွန်သူများဖြစ်ကြသည့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ နယ်၊ ကျောက်စံကျေးရွာနေ သက်ပိုင်(ခ)သက်ခိုင်(ခ)ဇော်သက်ပိုင် (၂၃)နှစ်(ဘ)ဦးအေးမင်းနိုင်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့ နယ်၊ ကန်တော်ကလေး (တောင်)ရပ်ကွက်နေ စိုးရာဇာဟိန်း(ခ)အောင်ထိုက်(ခ) လင်းမြတ်စံ(ခ)ကိုလင်း(၃၆)နှစ် (ဘ)ဦးတင်ဦးတို့(၂)ဦးနှင့် မသင်္ကာတရားခံများဖြစ်ကြသည့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး(တောင်)ရပ်ကွက်နေ ဘိုဘိုထွန်း(၂၀)နှစ်(ဘ)ဦးစိုးထွဋ်၊ အောင်ဇာနည်ဖြိုး(၂၀)နှစ် (ဘ)ဦးမြင့်ဇော်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၆) ရပ်ကွက်နေ စိုးသီဟ(ခ)ဖြိုးသီဟဇော်(၃၂)နှစ် (ဘ)ဦးစိုးထွန်းတို့ ၅ ဦးအား ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့နှင့်အတူ လက်ကိုင်ဖုန်းမျိုးစုံ ၆ လုံး၊ နှင်းမောင်မောင်လွင် ၁၂/ထတပ(နိုင်)၁၄၃၀၆၆၊ အောင်ထိုက် ၁၄/မမက(နိုင်)၃၄၄၆၁၈၊ ဘိုဘိုထွန်း ၇/နတလ(နိုင်)၁၆၉၇၉၈၊ အောင်ဇာနည်ဖြိုး ၁၂/ထတပ(နိုင်) ၁၆၈၅၇၈ နှင့် စိုးသီဟ ၁၂/သလန(နိုင်)၁၀၇၃၄၅ နံပါတ်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြား(၅)ခု၊ KBZ Bank MPU ကတ် ၁ ခု၊ AYA Bank MPU ကတ် ၁ ခု၊ YOMA Bank MPU ကတ် ၁ ခု၊ ငွေ ၂၈၀,၀၀၀ ကျပ်၊ စိန်လက်စွပ် ၁ ကွင်း၊ ရွှေဖြင့်ပြုလုပ်ထားသည့် ပီရှူးလက်ပတ်တစ်ခုတို့နှင့်အတူ ဖမ်းဆီးထိန်းသိမ်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးရမိတရားခံ သက်ပိုင်(ခ)သက်ခိုင်(ခ)ဇော်သက်ပိုင်၏ ထွက်ဆိုချက်အရ ၎င်းသည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၁)ထိပ်ရှိ အဆောင်တွင် ငှားရမ်းနေထိုင်ခဲ့ပြီး အောင်မင်္ဂလာအဝေးပြေးကားဝင်း၌ ခရီးသည်ကြိုသည့်အလုပ်ကို လုပ်ကိုင်ခဲ့ကြောင်း၊ ထိုသို့လုပ်ကိုင်နေစဉ် ခင်မင်ရင်းနှီးသူ ဦးဟိန်းခန့်နှင့် ပူးပေါင်း၍ နတ်ကနားစီးအလုပ်လုပ်ကိုင်နေစဉ် အဆောင်မှ Jasmine Palace Hotel သို့ ပြောင်းရွှေ့ကာ စိုးရာဇာဟိန်း(ခ)အောင်ထိုက်(ခ)လင်းမြတ်စံ(ခ)ကိုလင်း၊ ဘိုဘိုထွန်း၊ အောင်ဇာနည်ဖြိုး၊ စိုးသီဟ(ခ)ဖြိုးသီဟဇော်တို့နှင့်အတူ နေထိုင်ပြီး ကောက်ယူရရှိထားသည့် အောင်ထိုက်နှင့် နှင်းမောင်မောင်လွင်အမည်ပါ နိုင်ငံသားစိစစ်ရေးကတ်များအား ပြုပြင်အသုံးပြု၍ KBZ Pay နှင့် Wave Pay အကောင့်များဖွင့်လှစ်ကာ ဖုန်းအမှတ် ၀၉ ၅ နှင့်စသည့် ဖုန်းနံပါတ်များအား ဆက်သွယ်၍ ငွေကြေးလိမ်လည်တောင်းခံမှုများပြုလုပ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

လိမ်လည်မှုများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း ၎င်း၏လက်ကိုင်ဖုန်းအမှတ် ၀၉၄၄၇၈၃၆၉၇၈ ဖြင့် လိုက်လံဆက်သွယ်၍ တစ်ဖက်ဖုန်းလက်ခံဖြေကြားသူ၏ သူငယ်ချင်းအဖြစ် အယောင်ဆောင်ပြီး ၎င်းမှာ ကားတိုက်ခံရ၍ ဆေးရုံရောက်နေကြောင်း အရေးပေါ်ခွဲစိတ်ခန်း ဝင်ရမည်ဖြစ်၍ ငွေလိုနေသဖြင့် ငွေလွှဲပေးရန်စသည့်ဖြင့် ယုံကြည်အောင်လိမ်လည်ပြောဆိုကာရရှိသည့် ကျပ် ၇ သိန်းအားလည်းကောင်း၊ စက်တင်ဘာလအတွင်း အမည်မမှတ်မိအဖြစ် အယောင်ဆောင်၍ ကျပ်သိန်း ၅၀၊ ဦးတင်အောင်အဖြစ် အယောင်ဆောင်၍ ကျပ်သိန်း ၅၀၊ ဦးမိုးရွှေအဖြစ် အယောင်ဆောင်၍ ကျပ်သိန်း ၅၀နှင့် အမည်မမှတ်မိအဖြစ် အယောင်ဆောင်၍ ငွေကျပ် ၇ သိန်းအားလည်းကောင်း လိမ်လည်ရယူခဲ့သည်။

ထို့ပြင် အောက်တိုဘာလအတွင်း အမည်မမှတ်မိအဖြစ် အယောင်ဆောင်၍ ပထမအကြိမ်ကျပ်သိန်း ၃၀၊ ဒုတိယအကြိမ် ကျပ်သိန်း ၂၀ တို့အားလည်းကောင်း၊ နိုဝင်ဘာလအတွင်း ဦးသောင်းဌေးအဖြစ် အယောင်ဆောင်၍ ကျပ် ၇၇ သိန်းနှင့် အမည် မမှတ်မိအဖြစ် (ဗိုလ်ချုပ်ဇင်ယော်အဖြစ်)အယောင်ဆောင်၍ ကျပ် ၂၅ သိန်းတို့အားလည်းကောင်း စုစုပေါင်း ၉ ကြိမ် ရရှိငွေကျပ် ၃၁၆ သိန်းအား မိတ်ဆွေသူငယ်ချင်းအဖြစ် ယုံကြည်အောင် လိမ်လည်ပြောဆို၍ ၎င်းတို့အသုံးပြုလျက်ရှိသည့် အောင်ထိုက်နှင့် စိုးသူဝင်းအမည်ဖြင့် ဖွင့်လှစ်ထားသည့် KBZ Pay၊ နှင်းမောင်မောင်လွင် အမည်ဖြင့် ဖွင့်လှစ်ထားသည့် Wave Pay အကောင့်များသို့ လွှဲပြောင်းလက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

ဆက်လက်စစ်ဆေးချက်များအရ ဖုန်းဖြင့်ဆက်သွယ်ကာ အယောင်ဆောင်ပြောဆို၍ ငွေကြေး လိမ်လည်မှုများအား သက်ပိုင်(ခ)သက်ခိုင်(ခ)ဇော်သက်ပိုင် က ဦးဆောင်၍ မိတ်ဆွေသူငယ်ချင်းအဖြစ် ယုံကြည်အောင် အယောင်ဆောင်ပြောဆို လိမ်လည်ခဲ့ခြင်းဖြစ်ပြီး စိုးရာဇာဟိန်း(ခ)အောင်ထိုက် (ခ)လင်းမြတ်စံ(ခ)ကိုလင်း၊ ဘိုဘိုထွန်း၊ အောင်ဇာနည်ဖြိုးနှင့် စိုးသီဟ(ခ)ဖြိုးသီဟဇော်တို့ ၄ ဦးမှ အယောင်ဆောင်ဆက်သွယ်၍ လိမ်လည်ရမည့် ဖုန်းနံပါတ်များအား ရှာဖွေစုဆောင်းပေးခြင်း၊ အယောင်ဆောင် ဆက်သွယ်၍ရရှိလာသည့် ငွေကြေးများအား လက်ခံထုတ်ယူရာတွင် ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြခြင်းနှင့် လက်ခံရရှိသည့် ငွေကြေးများအား ၎င်းတို့ ၅ ဦးမှ ခွဲဝေသုံးစွဲခဲ့ကြခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဖြစ်စဉ်တွင် ဖုန်းဖြင့်ဆက်သွယ်၍ အယောင်ဆောင်ပြောဆိုကာ ငွေကြေးများအကြိမ်ကြိမ် လိမ်လည်ရယူခဲ့သူ သက်ပိုင်(ခ)သက်ခိုင်(ခ)ဇော်သက်ပိုင်ပါ တရားခံ ၅ ဦးအား စမ်းချောင်းမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈/၄၇၁/၄၁၉/၁၁၄ တို့ဖြင့် အမှုရေးဖွင့်ကာ တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *