ylliX - Online Advertising Network
အမ်း - ပဒါန်းလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ ချုံခိုတိုက်ခိုက်ခံရ - Myanmar Now

အမ်း – ပဒါန်းလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ ချုံခိုတိုက်ခိုက်ခံရ – Myanmar Now


ရခိုင်ပြည်နယ်  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ အမ်းမြို့သို့ စစ်ကူပို့ရာလမ်းကြောင်း ဖြစ်သော အမ်း – ပဒါန်းလမ်းပေါ်တွင် လှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ (နိုဝင်ဘာ ၂၅) တွင် ချုံခိုတိုက်ခိုက်ခဲ့ကြောင်း ချင်းလက်နက်ကိုင်အဖွဲ့ တစ်ခုက ပြောသည်။ 

ထိုတပ်ဖွဲ့မှာ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးရွာအနီး၊ တောရဘုန်းကြီးကျောင်းတွင်  အင်အား ၂၀ ဝန်းကျင်ဖြင့် တပ်စွဲထားသည်၊   မင်းဘူးဘက်မှ အမ်းမြို့သို့ စစ်ကူသွားမည့်ကားများအတွက်  လုံခြုံရေးယူပေးရန် ၁၀ ဦးစီ ၂ ဖွဲ့ခွဲ၍ ထွက်လာစဉ် ခွန်ဇူရွာလမ်းခွဲအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF Asho)  တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။ 

“ကျွန်တော်တို့ကလည်း သွားစောင့်တဲ့အချိန် သူတို့ကလည်း အဲ့ဒီကိုပဲ လုံခြုံရေးယူဖို့ လမ်းကြောကို လာရ တဲ့အချိန် မနက်အစောပိုင်းပေါ့။ အချိန်ချင်းဆုံပြီးတော့ ၁၀ ဦးကျော် စစ်ကြောင်းနဲ့ အရင်တွေ့ပြီးတော့ အဲ့ဒါနဲ့ ထိတွေ့တိုက်ခိုက်မှု ပစ်ခတ်မှုဖြစ်တယ်” ဟု ဆလိုင်းရိုးချင်းက ဆိုသည်။

“လက်ဦးမှုယူတာက၊ ကျွန်တော်တို့ဘက်က အရင် မြင်တော့ အရင်ပစ်နိုင်ခဲ့တော့ အားသာချက်ရှိတယ်”

ပစ်ခတ်မှုဖြစ်ချိန် အနီးဝန်းကျင်တွင်ရှိနေသော ၁၀ ဦးပါ ဒုတိယစစ်ကောင်စီတပ်ဖွဲ့က ပစ်ကူသည့်အတွက် ချက်ချင်းဆုတ်ခွာခဲ့ရသည်၊  စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးသည်၊ သေနတ် ၁ လက် သိမ်းဆည်းနိုင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။ 

ထိခိုက်မှုအခြေအနေကို Myanmar Now က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အမ်းမြို့အခြေစိုက် စစ်ဌာနချုပ်အပါအဝင် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များကို အာရက္ခတပ်တော် (AA) က စက်တင်ဘာလကုန်ပိုင်းမှစပြီး ထိုးစစ်ဆင်တိုက်ခိုက်၍ မြို့သိမ်းနိုင်ရေး ကြိုးပမ်းနေသည်။ 

အောက်တိုဘာလကုန်ကလည်း စစ်တပ်က ကား ၁၀ စီးနှင့် အင်အား ၁၀၀ နီးပါးကို အမ်း – ပဒါန်း   လမ်းပိုင်းမှတဆင့် အမ်းမြို့သို့ စစ်ကူအင်အားဖြည့်တင်းခဲ့သည်။ 

ထိုလမ်းကြောဝန်းကျင်တွင် လှုပ်ရှားသည့်တော်လှန်ရေးအင်အားစုများ အဆိုအရ တောတောင်ထူထပ်သည့် အမ်း – ပဒါန်းလမ်းတလျှောက် ပြီးခဲ့သည့်လပိုင်းကစပြီး စစ်တပ်က အင်အားတိုးချထားရာ စခန်း ၂၅ ခု ထက်မနည်း ရှိနေသည်။ 

ရခိုင်-မကွေးနယ်စပ်ပြ မြေပုံ။

ယခုလဆန်းပိုင်းက အမ်း – ပဒါန်းလမ်းပိုင်းပေါ် လုံခြုံရေး ယူထားသော ဂုတ်ကြီးကျေးရွာထိပ်၊ ဘုံးဘော လမ်းဆုံနှင့် မိုင်တိုင် ၁၁ ရှိ စစ်ကောင်စီ ကင်းစခန်းနှစ်ခုကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA)၊ အရှိုချင်းကာကွယ်ရေးတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မင်းဘူးခရိုင် အမှတ် (၂) တပ်ရင်း တို့က နိုဝင်ဘာ ၅ ရက်နေ့တွင် တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့သည်။  

ထိုကင်းစခန်းများ တိုက်ခိုက်ခံရပြီးနောက်  စစ်တပ်က  အနီးရှိ ဘုံးဘောရွာကို မီးရှို့ရာ အိမ်ခြေ အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။ 

ထို့နောက် နှစ်ပတ်နီးပါးအကြာ နိုဝင်ဘာ ၂၀ ရက်နေ့တွင်လည်း ဂုတ်ကြီးရွာအနီး စစ်ကြောင်းတစ်ခုကို ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့သည်ဟု PRA က ထုတ်ပြန်သည်။ 



အမ်း – ပဒါန်း လမ်းသည် တော်လှန်ရေးအင်အားစုများအတွက်လည်း အရေးပါသည့် လမ်းပိုင်းဖြစ်ပြီး ထိုလမ်းကြောကို ထိန်းချုပ်နိုင်ပါက ကပစ ဟု အတိုကောက် ခေါ်ကြသည့် စစ်တပ်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံများ ရှိရာ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းအထိ နယ်မြေကို စိုးမိုးနိုင်မည် ဖြစ်သည်။ 

ထိုလမ်းကြောကို စိုးမိုးနိုင်ရေး ကြိုးပမ်းနေသော်လည်းစစ်ကောင်စီအခြေစိုက်စခန်း အများအပြား   ရှိနေပြီး  စစ်တပ်၏ ပိတ်ဆို့ဖြတ်တောက်မှုများကြောင့် စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းအင်အား ဖြည့်တင်းရေး အခက်အခဲများရှိသည်ဟု တော်လှန်ရေးအင်အားစုက ဆိုသည်။ 

“လေကြောင်းရန် ကာကွယ်ရေးတပ်၊ ကပစတွေရော၊ အမြောက်တပ်တွေရော ရှုပ်ထွေးပြီးတော့ တင်းကျပ်နေတဲ့ကြားထဲမှာဆိုတော့ တော်လှန်ရေးတပ်သားတွေအနေနဲ့ ရိက္ခာကိစ္စလည်း ပူရသလို လမ်းကြောင်း ကျပ်တည်းမှုတွေ၊ ရိက္ခာအတွက် ဝယ်ယူ၊ စုဆောင်းမှုတွေ ခက်ခဲသလို လက်နက်ခဲယမ်း ကိစ္စမျိုးတွေမှာလည်း ကုန်းတွင်းပိတ်ပုံစံမျိုးဖြစ်နေတာမျိုးဆိုတော့ လက်လှမ်းက ဘယ်နဲ့မှ မမီဘူး။ အဲ့ဒီလိုမျိုး အခက်အခဲတွေ ကြုံရတယ်”ဟု ဆလိုင်းရိုးချင်းက ဆိုသည်။ 

ငဖဲမြို့အခြေစိုက် အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (မစခ ၉၀၅)၊ ကပ်လျက်ရှိ ပွင့်ဖြူမြို့နယ်အခြေစိုက် အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ စကု၊ မင်းဘူး စသည့် မြို့အခြေစိုက် တပ်ရင်းတပ်ဖွဲ့များမှ စုပေါင်းထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြင့် အမ်း – ပဒါန်း လမ်းကြောတွင် စစ်တပ်က အားဖြည့်ထားခြင်းဖြစ်သည်ဟု တော်လှန်ရေးအင်အားစုက ဆိုသည်။

ဂုတ်ကြီးကျေးရွာအနီး တိုက်ပွဲတွင် တွေ့ရသည့် PRA တပ်ဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ- PRA)





Source link

Leave a Reply

Your email address will not be published. Required fields are marked *