ကိုအောင်မှိုင်း – လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၁၆)
(မိုးမခ) နိုဝင်ဘာ ၂၆ ၊ ၂၀၂၄
“စစ်ပွဲရဲ့ အမှန်အမှားကို စစ်ပွဲရလဒ်က ဆုံးဖြတ်ပေးမှာပါ”
ဒေါက်တာ ဂိုးဘဲလ် Dr. Joseph Goebbels
ဂျာမနီ စစ်နိုင်ရင် ဂျာမနီက မှန်ပြီး ဂျာမနီ စစ်ရှုံးရင် ဂျာမနီ မှားလိမ့်မယ်လို့ ဂိုးဘဲလ် ယူဆခဲ့တာပါ။ သူက အမှန် အမှား ဆိုတာကို စစ်ပွဲရဲ့ အရှုံး အနိုင်နဲ့ သတ်မှတ်ချင်ပေမယ့် စစ်ပွဲဆိုတာကိုက မှားနေ တယ်ဆိုတာ သဘောမပေါက်ခဲ့ဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။
ကနေ့ မင်းအောင်လှိုင် စဥ်းစား လုပ်ကိုင်နေတာက အဲဒီအတွေးအခေါ်က လာတာလို့ ပြောလို့ရပါလိမ့်မယ်။ လူတွေကို သတ်မယ်။ မြို့တွေ၊ ရွာတွေကို မီးရှို့မယ်။ ဗုံးကြဲပြီး တိုက်တာ၊ အိုးအိမ်အဆောက်အဦတွေကို ဖျက်ဆီးမယ်။ စစ်နိုင်ရင် သူ မှန်မယ်ဆိုတဲ့ စဥ်းစားတွေးခေါ်မှုဟာ ဒုတိယကမ္ဘာစစ်ကာလမှာကတည်းက အရှုံးနဲ့ ရင်ဆိုင်ခဲ့ပြီးလို့ ပြောရပါလိမ့်မယ်။
ဂိုးဘဲလ်ဟာ ဟစ်တလာရဲ့ ဝါဒဖြန့်ချိရေးမှူး ဖြစ်ပါတယ်။
“လိမ်ပါ။ အကြိမ်ကြိမ် လိမ်ပါ။ ကြာရင် အမှန်တရား ဖြစ်လာမယ်” ဆိုတာ သူ့အယူအဆပါ။ “သတင်းစာ၏ အလုပ်မှာ အစိုးရကို အင်အားဖြည့်တင်းစေရန်မျှသာ ဖြစ်ကြောင်း”ဆိုတဲ့ အယူအဆဟာ ဟစ်တလာရဲ့ ဖက်ဆစ် အယူအဆ ဖြစ်ပါတယ်။
“သတင်းစာများအား လွတ်လပ်ခွင့်ပေးခြင်းသည် ဒီမိုကရေစီစနစ်၏ အလွဲသုံးစားမှုကြီး တခုဖြစ်ကြောင်း”ဆိုတာ ဖက်ဆစ်နာဇီဝါဒဖြန့်ချိရေးမှူး ဒေါက်တာဂိုးဘဲလ်ရဲ့ ပြောလေ့ရှိတဲ့စကားပါ။
ဒုတိယကမ္ဘာစစ်ကာလက ဂျာမန်ပညာတတ် ဒေါက်တာ ဆိုသူအချို့ဟာ ဟစ်တလာရဲ့ ဖက်ဆစ်ဝါဒကို အသေအကျေ အလုပ်အကျွေးပြုခဲ့ကြတာကတော့ သမိုင်းဝင် အမည်းစက်တွေလို့ပဲ ပြောရတော့မယ် ထင်ပါတယ်။
ကျနော်တို့ ဒီနေ့ Psychological Warfare ( PSYWAR ) ဆိုက်ဝါးဆိုတဲ့ စိတ်ဓာတ်စစ်ဆင်ရေးတွေအကြောင်း သုံးသပ်လေ့လာကြည့်လိုပါတယ်။
Psychological Warfare ( PSYWAR ) ဆိုက်ဝါး ဆိုတာ ဘာလဲ။
ရန်သူ ( သို့မဟုတ် ) ပြိုင်ဘက်အဖွဲ့အစည်း ( သို့မဟုတ် ) မိမိအင်အားစုအတွင်း စိတ်အခြေအနေ ပြောင်းလဲရန်၊ ယုံကြည်မှုအခြေအနေ ပြောင်းလဲရန်၊ မျှော်လင့်ချက် ပြောင်းလဲရန် စသည်တို့ကို ခြိမ်းခြောက်ခြင်း၊ လိမ်ညာဝါဒဖြန့်ခြင်း၊ ဆွဲဆောင်သိမ်းသွင်းခြင်း၊ မှားယွင်းသော သတင်းများဖန်တီးခြင်း စသည့်နည်းပရိယာယ်တို့ကို သုံးကာ ထပ်ကာထပ်ကာ စိတ်ဓာတ်အရ တိုက်ပွဲဆင်ခြင်းလုပ်ငန်း ဖြစ်ပါတယ်။
စစ်ပွဲတွေရဲ့ အစွမ်းအထက်ဆုံးလက်နက်က စိတ်ဓာတ်စစ်ဆင်ရေးလက်နက် ဖြစ်တယ်လို့ စစ်ရေး သုတေသီတချို့က ဆိုပါတယ်။ RAND အဖွဲ့ရဲ့ သုတေသနပြုချက် တချို့ကတော့ စိတ်ဓာတ်စစ်ဆင်ရေး စစ်ပွဲတွေမှာ အတိုက်အခံအင်အားစုတွေရဲ့ ထင်မြင်ယူဆချက်တွေ ၊စိတ်ခံစားချက်တွေ၊ ရပ်တည်ချက်သဘောထားအမြင်တွေ၊ အမူအကျင့်တွေကို လွှမ်းမိုးဖို့ ဝါဒဖြန့်ခြင်းနဲ့ အခြားလုပ်ဆောင်မှုတွေ လုပ်ဆောင်ကြခြင်း ဖြစ်တယ်လို့ သုံးသပ်တာ တွေ့ရပါတယ်။
တချို့သုတေသနပညာရှင်တွေအနေနဲ့ သုံးသပ်ကြတာကတော့ စိတ်ဓာတ်စစ်ဆင်ရေးကို စစ်ပွဲပုံစံတခုအဖြစ် လုပ်ကိုင်လာကြတယ်လို့ ရှုမြင်လာကြတာလည်း တွေ့ရပါတယ်။
စစ်ရေး၊ စီးပွားရေး သို့မဟုတ် နိုင်ငံရေးအရ လိုအပ်သလို ရန်သူကို သိက္ခာကျစေရန် ၊ စစ်တိုက်ရန် သို့မဟုတ် တွန်းလှန်လိုသော ဆန္ဒကို ချိုးဖျက်ရန်၊ တစ်ခါတစ်ရံမှာ ရာထူးနေရာပေး သိမ်းသွင်းရန် စတာတွေ ရည်ရွယ်လေ့ရှိပါတယ်။ မိမိမဟာမိတ်များရဲ့ သန္နိဋ္ဌာန်ကို ခိုင်မာစေရန်အတွက်လည်း ဝါဒဖြန့်ချိရေးအဖြစ် အသုံးပြုလေ့ရှိပါတယ်။
ဦးနှောက်ဆေးကြောခြင်းနဲ့ ဆက်စပ်နည်းပညာများကို သုံးပြီး စစ်အကျဉ်းသားများရဲ့ ကိုယ်ရည်ကိုယ်သွေးပိုင်း ကျဆင်းစေရန်နဲ့ ယုံကြည်ချက်များ ယိုင်နဲ့သွားစေရန်တို့ကို စနစ်တကျ တိုက်ခိုက်ဆောင်ရွက်လေ့ရှိတယ်လို့ သုံးသပ်ကြတာတွေလည်း ရှိပါတယ်။
အမျိုးမျိုးသော နည်းပညာတွေကို အုပ်စုအလိုက် အသုံးပြုလေ့ရှိကြပြီး ပစ်မှတ်ရဲ့ တန်ဖိုးစနစ်တွေ၊ ယုံကြည်ချက်စနစ်တွေ၊ စိတ်ခံစားမှုတွေ၊ စေ့ဆော်မှုတွေ၊ ကျိုးကြောင်းဆင်ခြင်မှုတွေ သို့မဟုတ် အပြုအမူတွေကို လွှမ်းမိုးနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ ပစ်မှတ်ထားတဲ့ ပရိသတ်ကတော့ အစိုးရတွေ၊ အဖွဲ့အစည်းတွေနဲ့ တစ်ဦးချင်း ဖြစ်နိုင်ပါတယ်။
စိတ်ဓာတ်စစ်ဆင်ရေး ( PSYWAR ) ဆိုက်ဝါးသမိုင်း
ဆိုက်ဝါးသမိုင်းကို ကာလ ၂ ခုခွဲ ပြောလိုပါတယ်။
၁။ ရှေးဦးသမိုင်းကာလ ( Ancient Period )
စိတ်ဓာတ်စစ်ဆင်ရေး ဆိုတဲ့ အသုံးအနှုန်းက ဒုတိယကမ္ဘာစစ်အပြီးမှာ ထင်ရှားလာတယ်လို့ ဆိုနိုင်မယ် ထင်တယ်။ တကယ်က စစ်ပွဲကြီးတွေဖြစ်ခဲ့တဲ့ စစ်သမိုင်းမှာ စစ်သေနင်္ဂဗျူဟာတခုအနေနဲ့ အ ခိုင်အမာ အသုံးပြုခဲ့ကြတာကတော့ သေချာပါတယ်။
စစ်သူကြီး ဆွန်ဇု Sun Tzu ရဲ့ The Art of War မှာ စစ်အနိုင်တိုက်ဖို့ စိတ်ဓာတ်စစ်ဆင်ရေးကို အလေးထားတာ တွေ့ရပါတယ်။ ရန်သူ စိတ်ဓာတ်ကို ထိခိုက်စေဖို့ စစ်ဗျူဟာအနေနဲ့ အသုံးပြုခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
၂။ ခေတ်သစ် ( Modern Warfare )
ဒုတိယကမ္ဘာစစ်ကာလမှာ စိတ်ဓာတ်ချေမှုန်းစေဖို့ သတင်းအချက်အလက်များကို ထိန်းချုပ်ခဲ့ပါ တယ်။ ခေတ်သစ်မှာတော့ လူမှုမီဒီယာကတဆင့် အဓိကစိတ်ဓာတ်စစ်ဆင်ရေးလမ်းကြောင်းအဖြစ် အသုံးပြုလာကြပါတယ်။ စစ်အေးခေတ်ကာလ စစ်ပွဲများတွင်လည်း ပါဝင်တဲ့ဘက်အသီးသီးက စိတ်ဓာတ်စစ်ဆင်ရေးကို စစ်သေနင်္ဂဗျူဟာတခုအနေနဲ့ သုံးစွဲခဲ့ကြပါတယ်။
လက်ရှိ နောက်ဆုံးခေတ် စိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲတွေမှာတော့ ဆိုင်ဘာစစ်ဆင်ရေး ( Cyber Warfare ) ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြပါတယ်။ အင်တာနက်နဲ့ နည်းပညာများပေါ် အခြေခံပြီး ဆက်သွယ်ရေးလမ်းကြောင်းမျိုးစုံကတဆင့် တိုက်ခိုက်ကြခြင်း ဖြစ်ပါတယ်။ အဆင့်မြင့်နိုင်ငံကြီးများရဲ့ အခြေခံအဆောက်အအုံများ Infrastructures တွေကို ရည်ရွယ်တိုက်ခိုက်လေ့ရှိပြီး များစွာ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
Cambridge English Dictionary မှာတော့ ကိုယ်ထိလက်ရောက် မတိုက်ခိုက်ရဘဲ သင်လွှမ်းမိုးလို သော လူများတွင် ရှိသည့် ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုဖြစ်စေသော လှုပ်ရှားမှုများကို အသုံးပြုခြင်းလို့ အနက်ဖွင့်ထားတာ တွေ့ရပါတယ်။
Merriam-webster မှာတော့ တစုံတစ်ယောက် (ရန်သူ သို့မဟုတ် ပြိုင်ဘက်) ယုံကြည်မှုနည်းလာ စေရန် သို့မဟုတ် မျှော်လင့်ချက်ကင်းမဲ့ခြင်း၊ ကြောက်ရွံ့ခြင်း စသည်တို့ကို ဖြစ်စေရန်အတွက် လုပ်ဆောင်သောအရာများလို့ အနက်ဖွင့်ထားပါတယ်။
ဆိုလိုချင်တာက Psychological warfare ဆိုတာ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ပစ်မှတ်ထားပြီး စစ်ရေး၊ နိုင်ငံရေး၊ သတင်းအချက်အလက်တွေနဲ့ တခြားသောနယ်ပယ်တွေမှာ အသုံးပြုတိုက်ခိုက် တဲ့ နည်းလမ်းတွေကို ဆိုလိုတာလို့ ယူဆနိုင်ပါတယ်။
ဒီနည်းလမ်းတွေမှာ လူတွေရဲ့အခြေခံစိတ်ခံစားမှုတွေဖြစ်တဲ့ သနားကြင်နာစိတ်၊ အမုန်းစိတ်၊ ရက်စက်စိတ်၊ ကြောက်လန့်စိတ်၊ ဝမ်းနည်းစိတ်၊ ထိတ်လန့်စိတ်၊ သံသယစိတ်၊ အတ္တစိတ်စတဲ့ လူသားတွေရဲ့ ပင်ကိုအားနည်းချက်တွေကို အခွင့်ကောင်းယူပြီး မိမိဖြစ်လိုတဲ့ပုံစံကို သွေးထိုးခြင်း လိမ်ညာခြင်း လှည့်ဖြားခြင်းတွေနဲ့ စနစ်တကျ ဝါဒဖြန့်ချိရေး မီဒီယာ ရေဒီယို စာပေ စတဲ့ လူမှုဆက်ဆံရေးလမ်းကြောင်းတွေပေါ်က စီးဝင်စေတာ ဖြစ်ပါတယ်။
လူတဦးတယောက်ကို ဦးတည်နိုင်သလို လူ့အဖွဲ့ အစည်းတခု နိုင်ငံတခုကိုလည်း ဦးတည်နိုင်ပါတယ်။
ဥပမာ တော်လှန်ရေးအင်အားစုများရဲ့ စိတ်ဓာတ်ကို ဖျက်ဆီးရန် ဆိုရှယ်မီဒီယာချန်နယ်များနဲ့ အင်တာနက်များကတဆင့်၊ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ စစ်တပ်အေးဂျင့်တွေ (ကြေးစားပညာရှင်တွေ၊ ကြေးစား အနုပညာသမားတွေ၊ ကြေးစားနာမည်ကြီးသတင်းဌာနတွေ)ကတဆင့် မဟုတ်မမှန်သတင်းတွေ၊ သတင်းမှားတွေ၊ မဟုတ်မမှန်တဲ့ မျှော်လင့်ချက်တွေကို လှုံ့ဆော်ကြပြီး လူထုနဲ့တော်လှန်ရေးအင်အားစုတွေရဲ့ စိတ်ဓာတ်တွေကို ရိုက်ချိုးဖို့ ကြိုးစားနေကြတာ ထင်ထင်ရှားရှား တွေ့ရမှာ ဖြစ်ပါတယ်။
ဒါကလည်း ဆိုက်ဝါးနည်းလမ်းတခုလို့ ပြောရမှာပါ။
စိတ်ဓာတ်စစ်ဆင်ရေး ( Psychological warfare ) စစ်ပွဲများ
ခေတ်ဟောင်း စိတ်ဓာတ်စစ်ဆင်ရေး Ancient Psychological Warfare စစ်ပွဲများ
၁။ စစ်ပွဲတွင် လှည့်စားခြင်း- Sun Tzu ၏ စစ်အနုပညာ Deception in Warfare: Sun Tzu- Art of War
တရုတ်စစ်ဗျူဟာပညာရှင် Sun Tzu က သူ့ရဲ့ စာအုပ် The Art of War မှာ စိတ်ပိုင်းဆိုင်ရာကြိုးကိုင် ခြယ်လှယ်မှုကို အလေးပေးဖော်ပြခဲ့ပါတယ်။
ရှေးခေတ်စစ်ပွဲတွေမှာ စိတ်ဓာတ်စစ်ဆင်ရေးကို သုံးစွဲခဲ့ကြတာ ထင်ရှားပါတယ်။ ဆွန်ဆုက သူ့ရဲ့ စစ်ရေးအနုပညာကျမ်း ( The Art of War ) မှာ ‘စစ်ပွဲအားလုံးဟာ လှည့်စားမှုအပေါ် အခြေခံတယ်’ သတင်းမှားများ ဖြန့်ခြင်း၊ တပ်အင်အားအကြောင်း ရန်သူကို လှည့်စားခြင်းနဲ့ ၎င်းတို့ရဲ့ယုံကြည်မှု လွန်ကဲခြင်း သို့မဟုတ် ကြောက်ရွံ့မှုတွေကို အသုံးချရမယ်။
ရုပ်ပိုင်းဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုမီ ရန်သူရဲ့ စိတ်ဓာတ်ကို ကျဆင်းစေအောင် လုပ်ရမယ်လို့ ဆိုပါတယ်။
၂။ ကြောက်ရွံ့မှုနှင့် ခြိမ်းခြောက်မှု- ဂျင်ဂစ်ခန် Fear and Intimidation: Genghis Khan
မွန်ဂိုခေါင်းဆောင် Genghis Khan ဟာ စိတ်ဓာတ်စစ်ဆင်ရေးရဲ့ အရှင်သခင်တဦး ဖြစ်ပါတယ်။ ရန်သူ့မြို့တွေကို တိုက်ခိုက်ခြင်းမပြုသေးဘဲ လက်နက်ချဖို့ အကြောက်တရားလှုံ့ဆော်မှုတွေကို အသုံးပြုခဲ့ပါတယ်။
သူ့ရဲ့ ပြင်းထန်တဲ့ စစ်ရေးအင်အားနဲ့ပတ်သက်ပြီး ကောလဟာလတွေ ဖြန့်ဝေခဲ့ပါတယ်။ သူဟာ Fear Campaign အကြောက်တရားဆိုင်ရာ လှုံ့ဆော်မှုတွေ ဖန်တီးဖို့ တွန်းလှန်ခဲ့တဲ့ မြို့တွေကို နမူနာပြ လုပ်ဆောင်ခဲ့ပြီး ရန်သူ့မြို့တွေကို တိုက်ခိုက်ခြင်းမပြုခင် လက်နက်ချရန် အကြောက်တရားလှုံ့ဆော်မှုများအဖြစ် အသုံးပြုခဲ့ပါတယ်။
၃။ ရောမအင်ပါယာတွင် ဝါဒဖြန့်ခြင်း Propaganda in the Roman Empire
ရောမတွေဟာ လူထုကိုထိန်းချုပ်ဖို့နဲ့ အာဏာအဝန်းအဝိုင်းကို ထိန်းသိမ်းဖို့ ဝါဒဖြန့်ချိရေးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။ အထိမ်းအမှတ်တွေ၊ မိန့်ခွန်းတွေနဲ့ ကမ္ပည်းကျောက်စာတွေမှာ ရောမခေါင်းဆောင်တွေနဲ့ ၎င်းတို့ရဲ့အောင်ပွဲတွေကို ဂုဏ်ပြုမှုတခုအဖြစ် လုပ်ခဲ့ကြပါတယ်။
ရောမတွေ မစွမ်းဆောင်နိုင်တဲ့ ဇာတ်လမ်းများနဲ့ ရန်သူတွေအတွက် အားနည်းသွားစေဖို့အတွက် ရောမမှ ဘုရားတွေရဲ့ ပံ့ပိုးကူညီမှုဇာတ်လမ်းများကိုလည်း ဖန်တီးပျံ့နှံ့စေခဲ့ပါတယ်။ တဖက်ကလည်း ရောမတွေဟာ ပြိုင်ဘက်တွေကို စိတ်ဓာတ်ကျဆင်းစေဖို့ သူတို့ရဲ့ စစ်တပ် အရွယ်အစား (အင်အား ) ကို ချဲ့ထွင်လေ့ရှိပါတယ်။
၄။ ရှေးခေတ်မြန်မာတွေရဲ့ နည်းပရိယာယ်များ Ancient Myanmar (Burma) Tactics
မြန်မာဘုရင်တွေဟာ မြင့်မြတ်တဲ့ တရားဝင်မှုရရှိဘို့ စာရေးသူများနဲ့ ဘာသာရေးကမ္ပည်းကျောက် စာများကို အသုံးပြုခဲ့ကြပါတယ်။ ရန်သူတွေကို ကြောက်ရွံ့မှုနဲ့ ရှုပ်ထွေးမှုတွေကိုတဖက်က ဖန်တီး နေစဉ်မှာ သူတို့ရဲ့ အင်အားစုတွေကို စုစည်းဖို့အတွက် ယဉ်ကျေးမှုသင်္ကေတများနဲ့ ထုံးတမ်းစဉ်လာ များကို ဗျူဟာမြောက် အသုံးပြုခဲ့ကြပါတယ်။
စိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲများမှာ အတိုက်အခံများကို ခြိမ်းခြောက်ဖို့ ရည်ရွယ်တဲ့ ကြေညာချက်များနဲ့ အမိန့်များ ပါဝင်ပါတယ်။
၅။ အီဂျစ်နဲ့ ဘေဘီလုံ တို့ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး နည်းပရိယာယ်များ (Psychological Tactics in Egypt and Babylon)
ရှေးအီဂျစ်အင်ပါယာ ….ဖာရောဘုရင်တွေဟာ မိမိတို့ကိုယ်ကို နတ်ဘုရားများ သို့မဟုတ် နတ်ရုပ်တုများအဖြစ် ခံယူကြခဲ့ကြပါတယ်။ ခုခံလိုသူများအနေနဲ့ အချည်းနှီးသာဖြစ်မယ်ဆိုတဲ့ ယူဆချက်ကို အားကောင်းစေခဲ့ပါတယ်။
ပိရမစ်များနဲ့ ဘုရားကျောင်းများကဲ့သို့သော အကြီးစားဗိသုကာပညာကို အသုံးပြုပြီး ထာဝရအာဏာကို သင်္ကေတပြုကာ ပြိုင်ဘက်များကို ခြိမ်းခြောက်ခဲ့ကြပါတယ်။
ရှေး ဘေဘီလုံအင်ပါယာ…… စိတ်ဓာတ်စစ်ဆင်ရေးအတွက် ဆန့်ကျင်ဘက်အင်အားစုတွေရဲ့ ယုံ ကြည်မှု လျော့ပါးစေဘို့ ဒဏ္ဍာရီများနဲ့ နိမိတ်လက္ခဏာတွေကို ဗျူဟာမြောက် အသုံးပြုခြင်းတွေမှာ မကြာခဏ ပါဝင်လေ့ရှိပါတယ်။
ရှေးခေတ် စိတ်ဓာတ်စစ်ဆင်ရေး စစ်ပွဲများတွင် တွေ့ရတဲ့နည်းနာများ (Techniques Common in Ancient Psychological Warfare)
၁။ ဝါဒဖြန့်ခြင်း- လူထုအမြင်ကိုပုံဖော်ရန် သတင်းအချက်အလက်ဖြန့်ဝေခြင်း။
၂။ ခြိမ်းခြောက်ခြင်း- ရန်သူများကို တိုက်ခိုက်ရန် အကြောက်တရားကို အသုံးပြုခြင်း။
၃။ သတင်းမှားပေးခြင်း- ရန်သူများကို စိတ်ရှုပ်ထွေးစေရန် တမင်တကာ မှားယွင်းသော သတင်းများကို ဖြန့်ဝေခြင်း။
၄။ ဘာသာရေးကိုခုတုံးလုပ်ခြင်း- ရန်သူများကို စိတ်ဓာတ်ကျစေရန် ဘုရား၏ အကူအညီကို ရယူခြင်း။
၅။ ဓလေ့ထုံးတမ်းများကို ခုတုံးလုပ်ခြင်း- ရန်သူများကို တိုက်ခိုက်ရန် စည်းလုံးညီညွတ်မှုအတွက် အထိမ်းအမှတ်များ၊ အနုပညာနဲ့ ထုံးတမ်းဓလေ့များကို အသုံးပြုခြင်း စတဲ့ နည်းနာတွေကို အသုံးပြုကြတာ တွေ့ရပါတယ်။
ကမ္ဘာတလွှား စိတ်ဓာတ်စစ်ဆင်ရေးကို ပညာရှင်တွေအနေနဲ့ ဘာသာရပ်တခုအနေနဲ့ လေ့လာနေကြသလို သုတေသနလည်း အကုန်အကျခံ လုပ်နေကြတာ တွေ့ရပါတယ်။ ဒီဘာသာရပ်က ကြောက်စရာကောင်းသလို အကျိုးဖြစ်ထွန်းမှုလည်း ကြီးမားတာ တွေ့ရပါတယ်။
နောက်တပတ်မှာ ကျနော်တို့ ထပ်ဆွေးနွေးကြတာပေါ့ဗျာ။
👉 ကိုအောင်မှိုင်း – လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar