ylliX - Online Advertising Network
မြန်မာ့ကျွန်းသစ်ဝယ်သုံးသည့် ဗြိတိန်ဇိမ်ခံသင်္ဘောကုမ္ပဏီ ဒဏ်ရိုက်ခံရ  - Myanmar Now

မြန်မာ့ကျွန်းသစ်ဝယ်သုံးသည့် ဗြိတိန်ဇိမ်ခံသင်္ဘောကုမ္ပဏီ ဒဏ်ရိုက်ခံရ  – Myanmar Now


ဗြိတိန်အခြေစိုက် နာမည်ကြီး Sunseeker International ကုမ္ပဏီသည် တားမြစ်ထားသည့် မြန်မာ့ကျွန်းသစ်များ တင်သွင်းခဲ့ခြင်းကြောင့် စတာလင်ပေါင် ၃ သိန်းခွဲကျော် ဒဏ်ရိုက်ခံခဲ့ရသည်။ 

ပြီးခဲ့သည့် သောကြာနေ့တွင် ဗြိတိန်တရားရုံးတစ်ခုက ထိုကုမ္ပဏီကို မြန်မာနိုင်ငံမှ တင်သွင်းလာသော ကျွန်းသစ်များကို သင်္ဘောတချို့တွင် အသုံးပြုထားခြင်း အပါအဝင် သက်သေအထောက်အထား ခိုင်လုံစွာရှိသော အမှု ၁၁ ခုအတွက် ပေါင် ၃၅၈,၇၅၉  (ဒေါ်လာ ၄ သိန်းခွဲ) ဒဏ်တပ်ခဲ့သည်ဟု လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေး အေဂျင်စီ (Environmental Investigation Agency- EIA) က နိုဝင်ဘာ ၂၅ တွင် ထုတ်ပြန်သည်။  

ဒဏ်ရိုက်ခံရသောကုမ္ပဏီသည် ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ် အဆင့်မြင့်ဇိမ်ခံသင်္ဘောများကို ကိုယ်ပိုင်ဒီဇိုင်းများဖြင့် ထုတ်လုပ်နေသော နိုင်ငံတကာကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး  ဆိပ်ကမ်းမြို့ Poole တွင် အခြေစိုက်သည်။ 

၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံမှ ကျွန်းသစ်များ ထိုကုမ္ပဏီ ဝယ်ယူကြောင်း စုံစမ်းဖော်ထုတ်ဖော်နိုင်ခဲ့သည့် EIA အဖွဲ့ အစီအရင်ခံစာကြောင့်   တရားရုံးတင် အရေးယူနိုင်ခဲ့ခြင်းဖြစ်သည်။  

ဗြိတိန်မှ ဇိမ်ခံသင်္ဘောများ တည်ဆောက်ရာတွင် မြန်မာနိုင်ငံမှ  ကျွန်းသစ်များကို တရားမဝင်တင်သွင်း အသုံးပြုနေခြင်းနှင့် ပတ်သက်ပြီး ပထမဆုံးအကြိမ်အရေးယူနိုင်မှု ဖြစ်သည်ဟု EIA က ဆိုသည်။ 

ထိုကုမ္ပဏီသည် ဗြိတိန်၏ သစ်လုပ်ငန်းစည်းမျဉ်းများကို ဖောက်ဖျက်ခဲ့သည်ဟု EIA က ဆိုသည်။  

  ဝန်ထမ်းပေါင်း ၂၀၀၀ ရှိသည့် ထိုကုမ္ပဏီသည် တစ်နှစ်လျှင် သင်္ဘောအစီးရေ ၁၅၀ ခန့် တည်ဆောက်နေသည်၊ ကုမ္ပဏီက တည်ဆောက်သည့် Sunseeker 90 Ocean သည် စျေးအကြီးဆုံး ဇိမ်ခံလှေတစ်စီးဖြစ်ပြီး ပေါင် ၈ သန်း တန်ကြေးရှိသည်။ 

တန်ကြေး ပေါင် ၈ သန်း ရှိ Sunseeker 90 Ocean ဇိမ်ခံသင်္ဘော (ဓာတ်ပုံ- Sunseeker) 

တရားရုံး ကြားနာမှု အချက်အလက်များအရ Sunseeker သည် စုစုပေါင်းတန်ဖိုးငွေ စတာလင်ပေါင် ၆၀၀၀၀ ကျော်တန်ကြေးရှိ မြန်မာနိုင်ငံမှ ကျွန်းသစ်၊ အာဖရိကမှ ဝက်သစ်ချ နှင့် ဥရောပမှ ဝက်သစ်ချပင် သစ်မာများကို တင်သွင်းခဲ့သည်ဟု သိရသည်။ 

ပြည်သူလူထုကို သတ်ဖြတ်နေသည့် စစ်ကောင်စီဝင်ငွေရစေမည့်လုပ်ငန်းများကို နိုင်ငံတကာတွင် ပိတ်ဆို့ကန့်သတ်နေကြပြီး ပိတ်ဆို့ရာတွင် ပါဝင်သည့်အရာများကိုလည်း သွေးစွန်းငွေ၊ သွေးစွန်းပစ္စည်းဟု ခေါ်ကြသည်။

ဇိမ်ခံသင်္ဘောတွင် အသုံးပြုထားသည်မှာ သွေးစွန်းကျွန်းသစ် ဖြစ်သည်ဟု EIA Forests Campaigner Leader ဖြစ်သူ Faith Doherty က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောထားသည်။  

“အခုအရေးယူစီရင်ချမှတ်လိုက်တာက ယူကေ နဲ့ ကမ္ဘာ့တဝန်းက ဇိမ်ခံသင်္ဘောထုတ်လုပ်သူတွေဆီကို ရှင်းလင်းပြတ်သားတဲ့ သတင်းစကားပဲ ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ မြန်မာနိုင်ငံက သွေးစွန်း ကျွန်းသစ်တွေ အသုံးပြုတာကို လုံး၀လက်မခံနိုင်ပါဘူး” ဟု သူက ပြောသည်။  

စစ်အစိုးရ နှင့် ခရိုနီများကသာ ခြယ်လှယ်လုပ်ကိုင်နေသော မြန်မာ့ကျွန်းသစ်ရောင်းချမှု နှင့် တင်ပို့မှုများအားလုံးကို အီးယူ၊ ယူကေ နှင့် အမေရိကန်တို့က အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ထားပြီး အနောက်နိုင်ငံများသို့ မြန်မာနိုင်ငံမှ ကျွန်းသစ် တရားမဝင်တင်သွင်းများကို တားဆီးလျက်ရှိသည်။  



မြန်မာ့ကျွန်းသစ် တင်သွင်းမှုများအတွက် လုံလောက်သည့် အဟန့်အတားတစ်ခုဖြစ်ရန် တရားရုံးဘက်က ယခုထက် ပို၍ ဒဏ်ငွေများများချမှတ်ရမည်ဖြစ်ပြီး တစ်နှစ်လျှင် အမြတ်ငွေ ပေါင်သန်းရာနှင့်ချီရရှိနေသော Sunseeker အပေါ် ရေရှည်အကျိုးသက်ရောက်မှုကို မဖြစ်ပေါ်စေနိုင်ဟု ခံစားရကြောင်း  EIA ၏ သစ်တောဆိုင်ရာလှုပ်ရှားမှုခေါင်းဆောင်ဖြစ်သူ Faith Doherty က Myanmar Now ၏ မေးမြန်းမှုကို အီးမေးလ်မှတဆင့်  ပြန်ဖြေသည်။ 

တရားစွဲခံရခြင်းမှ ကင်းလွတ်စေရန် မှောင်ခိုသမားများက ၎င်းတို့၏ ကျွန်းသစ်များကို ဥရောပသို့ ပို့ဆောင်ရန် နည်းလမ်းသစ်များ ရှာဖွေနိုင်မည် ဖြစ်သည်၊ သို့သော်လည်း EIA သည် ထိုကုန်သွယ်များကို အမြဲဆက်လက်စောင့်ကြည့်ကာ စုံစမ်းဖော်ထုတ်သွားမည်ဟု သူက ဆိုသည်။ 

ထို့အပြင် အနောက်နိုင်ငံတို့၏ အရေးယူပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံမှ ဥရောပနှင့် အမေရိကန်သို့ တိုက်ရိုက် တင်သွင်းမှု နှေးကွေးသွားကြောင်း ကုန်သွယ်မှု အချက်အလက်များအရ ရှင်းရှင်းလင်းလင်းတွေ့ရှိရပြီး မြန်မာစစ်တပ်သည် ကျွန်းသစ်ရောင်းဝယ်မှုမှ အမေရိကန်ဒေါ်လာ ရရှိရန် အခက်အခဲဖြစ်စေသည်ဟု သူက ပြောသည်။ 

သို့သော်လည်း မြန်မာ့ကျွန်းသစ်မှောင်ခိုကုန်သည်များသည် ဥရောပနှင့် အမေရိကန်ရှိ ဥပဒေစိုးမိုးရေးအေဂျင်စီများ၏ ထောက်လှမ်းခြင်းမှ ရှောင်ရှားရန်အတွက် တတိယနိုင်ငံများမှ တစ်ဆင့်တိမ်းရှောင်နေကြသည်။ 

တရုတ်၊ အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် မြန်မာနိုင်ငံမှ ကျွန်းသစ် အပါအဝင် အဖိုးတန်သယံဇာတ မှောင်ခိုရောင်းဝယ်မှုများအတွက် ထွက်ပေါက်များဖြစ်နေသည်ဟု EIA က ဆိုသည်။ 

စစ်အာဏာသိမ်းပြီး နှစ်လအကြာ ၂၀၂၁ ဧပြီလတွင်လည်း မြန်မာ့သစ်လုပ်ငန်း (MTE) ကို အမေရိ ကန်အစိုးရက ပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့ပြီး ဥရောပသမဂ္ဂကလည်း အလားတူ ဒဏ်ခတ်အ ရေးယူကြောင်း ကြေညာခဲ့သည်။ 
သို့သော်လည်း စစ်ကောင်စီအတွက် ဘဏ္ဍာငွေအရင်းအမြစ်တစ်ခုဖြစ်သည့် ထိုနိုင်ငံပိုင်သစ်လုပ်ငန်း  MTE ကို ပိတ်ဆို့အရေးယူထားသော်လည်း အာဏာသိမ်းပြီးကတည်းက မြန်မာ့ကျွန်းသစ်များ အမေရိကန်သို့ အဆက်မပြတ်ရောက်နေသည်ဟု EIA က ၂၀၂၂ခုနှစ်အတွင်းက  အစီရင်ခံစာထုတ်ပြန်ခဲ့သည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *