ylliX - Online Advertising Network
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုစတင် - Western News

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုစတင် – Western News


(မြန်မာမှာ အိမ်ထောင်ရှိ အမျိုးသမီး ၅ ဦးအနက် ၁ ဦးက လက်တွဲဖော်ထံ ရိုက်နှက်ခံနေရ)

ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် ကမ္ဘာတစ်ဝန်းက အမျိုးသမီးအရေးဆောင်ရွက်ကြသည့် အဖွဲ့များမှာ ၁၆ ရက်တာလှုပ်ရှားမှုကို စတင်ပြုလုပ်နေကြပြီဖြစ်သည်။

ကျား၊ မအခြေပြု အကြမ်းဖက်မှုတိုက်ဖျက်ရေး ၁၆ ရက်တာလှုပ်ရှားမှုကို ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ကစတင်ခဲ့ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အဆုံးသတ်ကြမည်ဖြစ်သည်။

” ဒီလှုပ်ရှားမှုဟာ ကျား၊ မ အခြေပြု အကြမ်းဖက်မှုတွေအပေါ် အများပြည်သူ သတိထားမိလာစေဖို့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ပြုလုပ်တဲ့ ကမ်ပိန်းဖြစ်ပါတယ်” ဟု ကုလသမဂ္ဂအဖွဲ့ UN က ပြောဆိုထားသည်။

မြန်မာနိုင်ငံမှာ အိမ်ထောင်ရှိ အမျိုးသမီး ၅ ဦးအနက် အနည်းဆုံး ၁ ဦးနှုန်းသည် အိမ်ထောင်ဖက်/ရင်းနှီးသော လက်တွဲဖော်၏ ရိုက်နှက်ခြင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကြုံတွေ့ခံစားခဲ့ရဖူးကြောင်း UN က ထုတ်ပြန်ထားသည်။

“အမျိုးသမီးနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်ခြင်းကို ခွင့်လွှတ်ပေးရန် အကြောင်းပြချက်မရှိပါ။ ကျား၊မအခြေပြု အကြမ်းဖက်မှု အဆုံးသတ်ရေးဟာ လူအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ အရေးယူဆောင်ရွက်ပါ၊ ဖွင့်ဟပြောဆိုပါ၊ အကြမ်းဖက်ခံရသူများကို ပံ့ပိုးကူညီပါ။ အားလုံးအတူတူ ကြိုးစားကြမယ်ဆိုရင် အပြောင်းအလဲတွေ ဖော်ဆောင်နိုင်မှာ သေချာပါတယ်” ဟုလည်း UN က ထပ်မံ ပြောဆိုထားသည်။

မိန်းကလေးတိုင်း အကြမ်းဖက်မှုကင်းရှင်းပြီး စိတ်ချလုံခြုံစွာ နေထိုင်ခွင့်ရှိကြောင်းနှင့် ၎င်းတို့၏ အခွင့်အရေးများကို ပိတ်ပင်တားဆီး၍ မရကြောင်းလည်း UNICEF Myanmar က ပြောသည်။

“အိမ်တွင်းအကြမ်းဖက်မှုကို တွေ့မြင်ခဲ့ရတဲ့ ကလေးငယ်တွေဟာ ကြီးပြင်းလာတဲ့အခါ အကြမ်းဖက်မှုကို ကျူးလွန်သူ (သို့) ခံစားရသူအဖြစ် ရောက်ရှိသွားနိုင်ပါတယ်။ ဒီလိုစက်ဝန်းဆိုးကြီး ဆက်လက်တည်ရှိနေဖို့ အကြောင်းပြချက် တစ်ခုမှမရှိပါဘူး။ ဒီစက်ဝန်းကို အတူတူ ရပ်တန့်ကြပါစို့” UNICEF Myanmar က တိုက်တွန်းထားသည်။

မြန်မာနိုင်ငံရှိ နော်ဝေနိုင်ငံသံရုံးမှ Elisabeth Schwabe-Hansen က “မြန်မာနိုင်ငံမှာ အထူးသဖြင့် လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့ မတည်မငြိမ်မှုတွေနဲ့အတူ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေမှာ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ပံ့ပိုးကူညီမှု လိုအပ်ချက်မှာလည်း အရင်ကထက် ပိုမိုအရေးတကြီးလိုအပ်နေပါတယ်” ဟု ပြောသည်။

UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig ကလည်း “ဒီကမ်ပိန်းရဲ့ အဓိကအချက်မှာ ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးတွေနဲ့ မိန်ကလေးငယ်တွေရဲ့ ကျန်းမာရေး၊ ဂုဏ်သိက္ခာ၊ ဘေးကင်းရေးနဲ့ သူတို့ကိုယ်ပိုင် လွတ်လပ်စွာ ဆုံးဖြတ်စီမံပိုင်ခွင့်ကို ခြိမ်းခြောက်နေတဲ့ ကျား-မ အခြေပြု အကြမ်းဖက်မှုတွေကို အဆုံးသတ်ပပျောက်သွားစေဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။

၁၆ ရက်တာ လှုပ်ရှားမှုကမ်ပိန်း နှစ်စဉ်ကျင်းပကြပြီး မည်သည့်အတွက်ကြောင်း ကျင်းပရသည်ကို ကုလသမဂ္ဂအဖွဲ့ UN ကရှင်းပြထားသည်။

“နိုဝင်ဘာလ၂၅ ရက်ဟာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ နိုင်ငံတကာနေ့ဖြစ်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ကတော့ ကမ္ဘာ့လူအခွင့်အရေးနေ့ပဲဖြစ်ပါတယ်။” ဟု ပြောသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းသည် ကမ္ဘာ့သမိုင်းတစ်လျှောက် သက်တမ်းအရှည်ဆုံး လူအခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်သည့်အတွက် ဤရက်စွဲနှစ်ခုကြား ၁၆ ရက်တာကို ကမ်ပိန်းကာလအဖြစ် ကမ္ဘာတစ်ဝန်း၌ ကျင်းပကြခြင်းဖြစ်သည်။

#WesternNews #WN #GBV #genderbasedviolence #16Days #EndGBV #NoExcuse



Source link

Leave a Reply

Your email address will not be published. Required fields are marked *