စစ်ကောင်စီနှင့် ဆွေးနွေးရန် ကမ်းလှမ်းလိုက်ခြင်းမှာ ပြည်သူများ ခက်ခဲ၊ တရုတ်က ဖိအားပေးနေခြင်းကြောင့် ဖြစ်သည်ဟု တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် (PSLF/ TNLA) က ပြောသည်။
ဆွေးနွေးသည့်နည်းဖြင့် ကာလရှည် အကျပ်အတည်း ဖြေရှင်းနိုင်မည်ဟု TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။
“အဓိကကတော့ ပြည်သူတွေရဲ့ အခက်အခဲ၊ အကျပ်အတည်း၊ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ဖြစ်တယ်။ တစ်ဖက်မှာ လည်း တရုတ်အစိုးရရဲ့ ဖိအားတွေလည်း ပါလာတယ်။ နောက်တစ်ခုက တရုတ်အစိုးရက ဒီတွေ့ဆုံမှုကို အလေးထားလို့ ကျွန်မတို့ကလည်း အလေးထားပြီးမှ ဆောင်ရွက်တာဖြစ်ပါတယ်” ဟု လွေးယေဦးက ယနေ့ နိုဝင်ဘာ ၂၆ တွင် Myanmar Now ကို ပြောသည်။
“လက်ရှိအခြေအနေကတော့ ကျွန်မတို့ရဲ့ သဘောထားကို ထုတ်ပြန်တဲ့အဆင့်ပဲရှိပါသေးတယ်။ စစ်ကောင်စီဘက်ကလည်း အကြောင်းပြန်တာမျိုးတွေလည်း မတွေ့ရသေးဘူး၊ ပြီးတော့ လက်ရှိ ကျွန်မတို့ PSLF/TNLA ခေါင်းဆောင် တွေလည်း တရုတ်အစိုးရနဲ့ တွေ့ဆုံတာမျိုးတွေလည်း မရှိသေးပါဘူး”
တွေ့ဆုံဆွေးနွေးမှုအတွက်လည်း ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေပြီး ဆွေးနွေးပွဲမှ မည်သည့်ရလဒ်မျိုး ရသည်ဖြစ်စေ ပြည်သူများ၏ လုံခြုံရေးအတွက် ဝန်ဆောင်မှုကောင်းများကို နည်းလမ်းရှာပြီး TNLA က ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှ စတင်သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်ဒေသတစ်ခုလုံးအပြင် တအာင်းဒေသနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော် လားရှိုးကိုပါ စစ်ကောင်စီက လက်လွှတ်လိုက် ရပြီး မူဆယ်၊ မိုင်းရယ်၊ တန့်ယန်းသာ ကျန်သည်။
ထိုအခြေအနေ၌ စစ်ကောင်စီသည် ယခုနှစ် စက်တင်ဘာမှ စတင်ကာ ဆုံးရှုံးနယ်မြေများကို လေကြောင်း မှ နေ့စဉ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူသေဆုံးမှုများ၊ အဆောက်အအုံ ထိခိုက်ပျက်စီးမှုများ ဖြစ် ပေါ်နေသည်။ ထိုနယ်မြေများ သာမက မြန်မာပြည်အလယ်ပိုင်းကိုပါ ဗုံးများကြဲနေ၍ လေကြောင်းတိုက် ခိုက်မှုအများဆုံး ကာလများဟုပင် ပြောနိုင်သည်။
Myanmar Now ၏ စာရင်းများအရ လေတပ် တိုက်ခိုက်မှုကြောင့် စက်တင်ဘာလအတွင်း သေဆုံးသူ အရပ်သား ၉၃ ဦး ထက်မနည်း ရှိသည်။
အထူးသဖြင့် ၁၂ မြို့အထိ တိုက်ခိုက်သိမ်းပိုက်နေသော TNLA ထိန်းချုပ်နယ်မြေများကို ဆက်တိုက် ဗုံးကြဲ နေသလို တရုတ်အကူအညီဖြင့် ဖိအားပေးရန် ကြိုးပမ်းနေရာ ထိုသို့ဆွေးနွေးရန် သဘောထား ထွက်ပေါ် လာခြင်းဖြစ်သည်။
TNLA ၏ ထုတ်ပြန်ချက်သည် ညီနောင်မဟာမိတ်သုံးဖွဲ့မှ အဖွဲ့ဝင်များဖြစ်သည့် ကိုးကန့်တပ်(MNDAA)၊ အာရက္ခ တပ်တော် (AA)တို့နှင့် သက်ဆိုင်ခြင်းမရှိဘဲ သီးခြားထုတ်ပြန်ချက်ဖြစ်သည်ဟု TNLA ဘက်က ပြောသည်။
TNLA ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ဒေသခံပြည်သူများ မှာ ဆိုးရွားစွာခံစားနေရသောကြောင့် လူထုကို ငဲ့ညှာထောက်ထားခြင်း၊ နယ်စပ်တည်ငြိမ်ရေးအတွက် ကြိုးပမ်းနေသည့် တရုတ်၏ ကြားဝင်စေ့စပ်မှုတို့ကြောင့် စစ်ကောင်စီနှင့် ဆွေးနွေးအဖြေရှာမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
အထူးသဖြင့် TNLA ထိန်းချုုပ်သည့် နောင်ချို၊ ကွတ်ခိုင်၊ နမ့်ဆန်၊ သီပေါ၊ မိုင်းငေါ့၊ နမ့်ခမ်း၊ နမ္မတူမြို့များ လေကြောင်းမှ အပြင်းအထန်ဗုံးကြဲခံထားရပြီး ကလေးများ၊ သက်ကြီးရွယ်အိုများအပါအဝင် လူဆယ်ချီ သေဆုံးခဲ့ရသည်။
TNLA ၏ ကမ်းလှမ်းချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် ထွက်မလာသေးကြောင်း တွေ့ရသည်။
ယခုလဆန်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ သွားရောက် မဲခေါင်နိုင်ငံများအစည်းအဝေး သွားတက်ချိန်၌ တရုတ် ဝန်ကြီးချုပ် Mr. Li Qiang နှင့် တွေ့ဆုံခဲ့သည်။
၎င်းက တိုင်းရင်းသားလက်နက်ကိုင်များသည် ယာယီအပစ်ရပ် သဘောတူညီချက် ချိုးဖောက်ခဲ့ကြောင်း၊ MNDAA, TNLA နှင့် AA တို့က ၂၀၂၂ ခုနှစ်၊ ဧပြီလ ငြိမ်းချမ်းရေးကမ်းလှမ်း ချက်ကို ငြင်းပယ်ခဲ့ကြောင်း ပြောခဲ့သည်။
ထိုသုံးဖွဲ့ထံမှ ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ် သားသည့် လုပ်ဆောင်ချက်ပြသလာမှသာလျှင် စစ်ကောင်စီက ဆွေးနွေးမှုကို ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်းလည်း ထည့်သွင်းပြော ဆိုခဲ့သည်။
တရုတ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် ကူညီသွားမည်ဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခများကို အကြမ်းဖက်သည့်နည်းဖြင့် ပြန်လည်မဖြေရှင်းဘဲ နိုင်ငံရေးအရ ဖြေရှင်း နိုင်ရေး ဖိတ်ခေါ် ဆောင်ရွက်ခဲ့မှုများကိုလည်း ချီးကျူးမိပါကြောင်း ပြောဆိုထားသည်။
အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းတည်ငြိမ်ရေးနှင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များသည် အစိုးရ၏ စီမံခန့်ခွဲမှု အောက်တွင် ရှိရမည်ဖြစ်ကြောင်း ပါရှိသည်။ လက်ရှိတွင် မူဆယ်မြို့မှအပ တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့အများစုသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ထိန်းချုပ်မှုအောက် ကျရောက်နေသည်။ မူဆယ်တွင်လည်း စစ်ကောင်စီ လက်လွှတ်ထားရသည့်နယ်မြေများ ရှိနေသည်။
ထို့နောက် တရုတ်၏ ထောက်ခံမှု ရခဲ့သော စစ်ခေါင်းဆောင်၏ အပြန်ခရီးတွင် မြောက်ပိုင်း ၃ ဖွဲ့နယ်မြေ များသာမက စစ်ကိုင်း၊ မန္တလေးကဲ့သို့သော အလယ်ပိုင်းဒေသများပါ ဆက်တိုက်ဗုံးကြဲလာကာ ထိုးစစ်များ ပြန်စတင်ရန် ကြိုးပမ်း လာသည်ကို တွေ့ရသည်။
တရုတ်နိုင်ငံဘက်ကလည်း နယ်စပ်များကို ပိတ်ကာ စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းများကို ညီနောင် မဟာမိတ်သုံးဖွဲ့ နယ်မြေများထံ မရောက်ရေး ကန့်သတ်လာသည်။
မြောက်ပိုင်းအဖွဲ့ဝင် MNDAA နှင့် AA
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့ကို သိမ်းပိုက်ထားသည့် MNDAA ခေါင်းဆောင် ဖုန်တာရွှင်သည်လည်း တရုတ်နိုင်ငံတွင် အကျယ်ချုပ် ထိန်းသိမ်းခံထားရပြီး လားရှိုးမြို့မှ ဆုတ်ခွာရန်၊ တိုက်ပွဲများရပ်တန့်ပေးရန် ဖိအားပေးခံနေရသည်ဟု Myanmar Now ၏ သတင်းရင်းမြစ်တချို့ထံက သိရသည်။
သို့သော် လားရှိုးတွင် MNDAA ဆက်ရှိနေဆဲဖြစ်ပြီး လေတပ်က ရှမ်းပြည်မြောက်ပိုင်း မြို့တော်ကို နေ့စဉ် နီးပါး ဗုံးကြဲ ဖျက်ဆီးနေသည်။
တရုတ်နယ်စပ်ကို အားပြုနေရသည့် MNDAA နှင့် TNLA တို့ ဖိအားများခံနေရသော်လည်း မြန်မာပြည်အနောက်ပိုင်း ဘဂ်လားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယတို့နှင့် နယ်နမိတ်ထိစပ်နေသည့် AA ၏ မြို့သိမ်းတိုက်ပွဲများမှာ ဆက်လက်အားကောင်းနေဆဲဖြစ်သည်။
အခြားနှစ်ဖွဲ့နှင့် မတူခြားနားစွာ AA က တရုတ်ဖိအားကို ရှောင်လွှဲနိုင်မည်ဟု ရခိုင် စစ်ရေးနိုင်ငံရေး လေ့လာ သုံးသပ်သူ မြေပုံမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ဆိုသည်။
“ TNLA, MNDAA တို့က မလွှဲသာလို့ တရုတ်ဖိအားကို လိုက်ပါဆောင်ရွက်ရရင်တောင် AA အတွက်ကတော့ လိုက်နာမယ့်အခြေအနေမရှိပါဘူး။ သူ့ရဲ့ စစ်ရေးနိုင်ငံရေး ရည်မှန်းချက်မပြည့်သမျှ သူ့သဘောကို သူ ဆောင်နေပါလိမ့်မယ် တရုတ်အနေနဲ့ ဖိအားပေးလို့လည်း မထိရောက်နိုင်ပါဘူး” ဦးဖေသန်းက ပြောသည်။
“AA မလိုက်နာလို့လည်း တရုတ်က ဘယ်လိုမှ အရေးယူနိုင်မှာ မဟုတ်ပါဘူး”
ရခိုင်ပြည်နယ်အတွင်း မောင်တော၊ တောင်ကုတ်၊ ဂွနှင့် အမ်းမြို့တို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း အမ်းမြို့ကို လက်မလွှတ်ရရေး စစ်ကူများပို့ကာ အပြင်းအထန် ခုခံနေသည်။
ရခိုင်ပြည်နယ်တွင် တရုတ်စီမံကိန်းများရှိသလို နိုင်ငံအလယ်ပိုင်းကို တရုတ်က ကန့်လတ်ဖြတ်တည်ဆောက် အသုံးခွင့် ရနေသည့် ရေနံပိုက်လိုင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတို့သည် ရခိုင်ပြည်နယ်မှ အစပြုခြင်း ဖြစ်သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ မာန်အောင်ကျောက်ဖြူ တို့မှလွဲပြီး ကျန်မြို့များအားလုံးကို AA က အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း အသီးသီး ထိန်းချုပ်ထားပြီးဖြစ်သည်။
ရခိုင်မြို့များကိုလည်း လေတပ်က ဗုံးကြဲနေသဖြင့် အရပ်သား အများအပြား သေဆုံးနေရာ ထိုအထဲတွင် စစ်သုံ့ပန်းများလည်း ပါဝင်သည်။
ယခုနှစ် စက်တင်ဘာ ၂၅ နှင့်၂၆ ရက်တို့တွင် စစ်ကောင်စီလေတပ်က ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် မြေပုံ မြို့နယ် ကမ်းထောင်းကြီးမြို့တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အတွင်းမှာပင် စစ်ဘေးရှောင်များ အပါအဝင် အရပ်သား ၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိသွားကြသည်။
၂၀၂၃ အောက်တိုဘာမှ ယနေ့အထိ “ ၁၀၂၇ စစ်ဆင်ရေး” အတွင်း ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ၊ မိုးမိတ်၊ ကျောက်မဲ၊ နောင်ချို၊ သီပေါမြို့နှင့် မန္တလေးတိုင်းမှ မိုးကုတ်မြို့ တို့ကို TNLA က ရရှိခဲ့သည်။
ကိုးကန့်တပ် MNDAA အနေဖြင့် ကိုးကန့်ဒေသတွင်းရှိ မြို့နယ်များအားလုံးအပြင် သိန္နီမြို့နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း၏ မြို့တော် လားရှိုးမြို့ကိုပါ သိမ်းပိုက်ထားပြီး ၎င်းသိမ်းထားသည့် ဟိုပန်နှင့် ပန်လုံ နှစ်မြို့ ကို “ဝ” တပ်ဖွဲ့ UWSA ထံ လွှဲပြောင်းပေးခဲ့သည်။