ရခိုင်ပြည်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ရှိရာ အမ်းမြို့နယ်မှာ ဒီကနေ့ နိုဝင်ဘာလ ၂၆ ရက်အထိ အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ ရှစ်လကြာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ CJ Platform ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က စစ်မှုထမ်းသင်တန်းဆင်းတပ်သားသစ်တွေကို အဓိကအင်အားဖြည့် ပြန်လည်ခုခံနေတာကြောင့် ထွက်ပြေး၊ သေဆုံးမှုများပြားပြီး စခန်းဆုတ်ခွာထွက်ပြေးမှုတွေရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။
“စစ်တပ်က စစ်ကူအင်အားလည်းရသလိုပို့နေတယ်။ စစ်မှုထမ်းတွေများနေတော့ ကျတာများတယ်။ ပို့မလောက်ဘူး။ ပြေးတာနဲ့ သေတာနဲ့။ ချောင်းမှာလည်း စစ်သားတွေတောင်မက သူတို့မိသားစုတွေပါ ထွက်ပြေးရင်းသေကြတာတွေရှိတယ်” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း အမ်းဘက်ကို စစ်ကူလာတဲ့စစ်ကြောင်းကို AA ဘက်က အမ်းရိုးမအနီး ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူများပြားပြီး စစ်ကား နှစ်စီး မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
လက်ရှိ စစ်ကောင်စီအနေနဲ့ နပခဌာနချုပ်ကို AA လက်ထဲ မကျရောက်စေရေး ပြန်လည်ခုခံဖို့အတွက် အမ်း-ပဒါန်းကားလမ်းကို အဓိကအသုံးပြုပြီး စစ်ကူအင်အားဖြည့်တင်းနေပါတယ်။
အဲဒီလမ်းကနေ ဝင်ရောက်လာတဲ့ အင်အားရာချီပါစစ်ကြောင်းကို ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၂ ရက်နေ့မှာ AA က ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများပြားခဲ့တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
“စစ်တပ်တွင်းမှာက အသေအပျောက်တွေများနေတော့ အမိန့်နာခံမှုတွေလည်း သိပ်မရှိကြတော့ဘူးလို့ ပြောတယ်။ ဒါကြောင့် စစ်ဗိုလ်တွေက ထွက်ပြေးရင်ပစ်သတ်ဖို့တောင် အမိန့်ပေးထားကြတာ။ ပြောရရင်တော့ တပ်တွင်းအဆင်မပြေမှုတွေကပိုများလာတာပေါ့” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အလားတူ နိုဝင်ဘာလ ၂၀ ရက်နေ့ကလည်း အမ်း-ပဒါန်း ကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်ကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway)တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ကိုးဦးသေဆုံးခဲ့တယ်လို့ PRA-Magway က ထုတ်ပြန်ထားပါတယ်။
လက်ရှိ အမ်းမြို့ပေါ်ရှိ စစ်ကောင်စီရဲ့ မြို့မရဲစခန်းကို AA က သိမ်းပိုက်ရရှိထားပြီး မြို့အနီးပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
အမ်းမြို့နယ်က စစ်ကောင်စီရဲ့ တောဟိန်းတောင်ဗျူဟာကို ဒီနှစ် မတ်လ ၂၄ ရက်နေ့မှာ AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အမ်းမြို့သိမ်းတိုက်ပွဲကို စတင်ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိ မြို့သိမ်းတိုက်ပွဲ ရှစ်လအတွင်း တောဟိန်းတောင်ဗျူဟာအပါအဝင် စစ်ကောင်စီရဲ့တပ်စခန်း ၁၁ ခုကို AA က သိမ်းပိုက်ရရှိထားပြီလို့ ထုတ်ပြန်ထားပါတယ်။
ကျန်ရှိနေတဲ့ နပခဌာနချုပ်နဲ့ တပ်စခန်းတွေကို သိမ်းပိုက်နိုင်ဖို့ AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။
ဓာတ်ပုံ- ULA/AA
ပုံစာ- စစ်မြေပြင်တစ်နေရာက AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်