(မိုးမခ) နိုဝင်ဘာ ၂၅ ၊ ၂၀၂၄
‘ရွာတကာ့ ဖင်၊ ဘုတလင်’
‘ဝင်သာဝင်လေ မအိပ်လေနဲ့’
‘အိပ်သာအိပ်လေ မမှိတ်စေနဲ့’။
‘ဘုတလင်’မှ မောင်ဘဦးတယောက် ပြေးရပြန်ပါပြီ။ မပြေးလို့က မဖြစ်။ စခ,ရခ,ပခအဖွဲ့တို့ စစ်ကြောင်းထိုး ဝင်လာသောကြောင့် ဖြစ်သည်။ နမခ-ခွေးခြံမှ ထွက်လာသော စခ,ရခ,ပခများသည် လူမဟုတ်ကြ။ လူစိတ် မရှိကြ။ ကလေးသော လူကြီးသော၊ လူအိုသော ဂီလာနသော၊ ရဟန်းသော သာမဏေသော၊ နားမလည်။ ဘဇာကိုမျှ မရှောင်။ သတ်သည်။ ဖြတ်သည်။ လုယက်သည်။ မီးရှို့သည်။ မုဒိမ်းကျင့်သည်။ လူတံတိုင်း လုပ်သည်။ ပေါ်တာဆွဲသည်။ သဟာမျိုးတွေချည်း အကုန်လုပ်လေရာ၊ အဝတ်တထည် ကိုယ်တစ်ခု၊ အဆင်သင့် ပြုလုပ်ထားနှင့်သော၊ ရှိစုမဲ့စု တနိုင်တပိုင်အထုပ်လေးကို ဆွဲယူသမှူပြုကာ ပြေးရပါလေ၏။ စစ်ခွေးတို့ကား မုဒိန်းကျင့်တာတောင် ဖမ်းဆီးထားသူ လူအများရှေ့၊ ကာမပိုင်လင်သားရှေ့ ‘…မင်းမိန်းမကို မုဒိန်းကျင့်မလို့…”ဟု ပြောဆိုကာ ခေါ်အသွားခံရသည်။ နှိပ်စက် သတ်ဖြတ်တာတောင် ရိုးရိုးမဟုတ်။ အလောင်းပင် ကောင်းကောင်းမသေရ။ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်ကာ ဝင်းထရံ၌ ချိတ်ဆွဲထားခဲ့ကြသည်။ အမျိုးသမီးများကို မုဒိမ်းကျင့်ပြီး အင်္ဂါထဲ၌ ပလတ်စတစ်ဘူး ထည့်သွင်းကာ သတ်ဖြတ်ခဲ့ကြသည်။ အမျိုးသားများကို ခေါင်းဖြတ်သတ်၍ ငယ်ပါကို ဖြတ်ကာ ပါးစပ်မှာ တပ်ထားခဲ့ကြသည်။ မပြေးနိုင်လို့ မပြေးဘဲ စခတွေနှင့် တွေ့သွားလို့ကတော့၊ ‘မောင်ဘဦး၏ ငယ်ပါ – မောင်ဘဦးခေါင်းပြတ်ကြီးမှာ ဆေးလိပ်အဖွာ ခံနေရချည့်’။
နေနှင့်ဦးပေါ့ ပခ,ရခ,စခ အမျိုးစုတ် အမျိုးယုတ်တွေ။ ‘ဝင်ခဲ့လေ- အိပ်ရဲရင် အိပ်ကြည့်။ အိပ်လေ- မှိတ်ရဲရင် မှိတ်ကြည့်’။ ဆိုရိုး အရှိသားကိုမှ မကြားဘူးလေရော့သလား။ ဒို့နယ်ကို ဝင်ကြည့်၊ အိပ်ကြည့်၊ မှိတ်ကြည့်။ အညာသူအညာသားအကြောင်း ကောင်းကောင်းကြီး သိသွားစေရမယ်။
တကယ်တမ်း ပြေးရပြီဆိုတော့၊ လူအုပ်ထဲ ရောယောင်လိုက်ရင်းက ဘယ်ဝယ်ဘယ်ဆီ ဦးတည်ရမည် မသိ။ တစ်ညအိပ်အကြာ နေအိမ်ပါ မီးထဲပါသွားသည်ဟု ကြားသိရသဖြင့်၊ ရေရှည်အတွက် စဉ်းစားမိသည်။
‘အဂ္ဂ,မဟာ, သေနာပတိ၊ သတိုးသုဓမ္မ, မင်းကြီးမဟာဗန္တုလ’၏ ဒဗယင်း (ဒီပဲယင်း)ဖက် ဆက်ပြေးရရင် ကောင်းလေမလား? မင်းကင်း ကနီ ပုလဲဖက်ဆီပြေးရရင် ကောင်းလေမလား?
ဒဗယင်းဘက်မှာတော့ အမျိုးအဆွေသင်္ဂဟတွေ များပြားလှပေမင့်၊ တလောလေးကမှ ဒဗယင်းအမျိုးတွေ၊ စခ၊ ရခ၊ ပခတွေကြောင့် မောင်ဘဦးတို့ ဘုတလင်ကို ပြေးလာခဲ့ကြသည်မှာ မကြာသေး။ ပြီးတော့ မုံရွာဘက် ဆက်လက်ပြေးကြသည်။ နမခ၏ ရှေ့တည့်တည့်မှ ဖြတ်သန်းရမည် ဖြစ်၍၊ ခရီးတာ တိုသည့် မုံရွာ-ဘုတလင် ကားလမ်းမအတိုင်း မပြေးရဲကြဘဲ ချင်းတွင်းမြစ်ဟိုကမ်းအထိ ဖြတ်၊ ခွေးခြံနမခကို ကွေ့ကာပတ်ကာ ချင်းတွင်းမြစ်ကို တဖန်ပြန်လည်ဖြတ်ပြီးမှ မုံရွာသို့ ဝင်ကြရသည်တဲ့။ သည်တော့ ဒဗယင်းဆီကို ပြေးလို့မဖြစ်။ သူတို့မှ ပြေးနေကြရသည်လေ။
မင်းကင်းဘက်ကော…? ဝေးလှသည်။ ပြီးတော့ ဖွတ်ပျူရွာတွေ များလှသည်။ သမတဦးသိန်းစိန်လက်ထက် ကြားဖြတ်ရွေးကောက်ပွဲ တုန်းက ပင်နီတွေနိုင်ပေသိ၊ သမ္မတကြီး ဦးထင်ကျော်- ဦးဝင်းမြင့် လက်ထက် ရွေးကောက်ပွဲကျတော့ မင်းကင်းပင်နီ မဲရှုံးပြီး ဖွတ်မောင်မြင့် အနိုင်ရသွားသည်။ ဖွတ်စိမ်းတွေ များသည့်သဘော။ သို့မဟုတ် မိမိ၏ ၅-နှစ်တာ မဲတစ်ပြားကို ခြင်္သေ့တံဆိပ်ပါ အစိမ်းရောင် ထီးတစ်လက်၊ တစ်ရက်တာ နေ့တွက်လုပ်ခနှင့် လဲသည့်သူတွေ ပေါများလှသည့် သဘော။ သို့တည်းမဟုတ် အများပြည်သူကောင်းစားရေး တကယ်လုပ်မည့် အဖွဲ့အစည်းကို မရွေးချယ်တတ်သည့် သဘော။
ကနီ၊ ပုလဲကို ပြေးရရင်ကော… ပုလဲကလည်း တီကောင် ဆိုလား၊ နဂါး ဆိုလား။ နယ်ကတော့ ကောင်းသလိုလို ပေသိ၊ သူကလည်း ‘နုကြည်’, ‘စီအိုစီ’အောက် မဝင်ချင်ဟု ဆိုထားလေရာ ရေရှည်အတွက် စိတ်ချမရ။
‘အစိုးရတစ်ရပ်၏ လက်အောက် မဝင်ချင်’သည့် စကစလို ခွေးမျိုးကို နယ်စပ်ဒေသ ‘အီးအေအို’လို အဖွဲ့တွေ အပါအဝင် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးကပင် တော်လှန်နေကြပါသည် ဆိုမှ…၊ စေ့စပ်လက်တွဲ မလုပ်ချင်ကြဘဲ ဆက်လက်သွားနေသည်ကိုက နည်းနည်းမျှသာ မဟုတ်၊ အများကြီး လွဲမှား၍ နေလေပြီ။ ဘုတလင် မြို့နယ်ထဲက မောင်းထောင်ရွာအမည်ပါသည့် ဆိုရိုးစကားပုံနှင့် ခိုင်းနှိုင်းပြောဆိုရပါလျှင်၊ ‘တောင်ငူကလည်း တော် – မောင်းထောင်ကလည်း တော်’၊ ပြည်သူအပေါင်းက ညီညွတ်ဖို့ တိုက်တွန်း နှိုးဆော်နေကြပေသိ၊ မတော်နှိုင်ကြ။ ဆိုရိုးစကားပုံထဲက တောင်ငူ မောင်းထောင်၊ မင်းသားနှင့် ဘုန်းကြီးပြဿနာ၌ မင်းသားက ရှိခိုးတောင်းပန်ပြ၊ ဘုန်းကြီးကလည်း သူ့အမှားသူ ထောက်ကာပြဖြင့် ညီညွတ်သွားကြပေသိ၊ မောင်ဘဦးတို့ အညာတလရအဖွဲ့တို့ကား တဖွဲ့နှင့်တဖွဲ့ ‘သွားဖြဲပြ’နေကြဆဲ။
‘အစိုးရတစ်ရပ်၏ လက်အောက် မဝင်လို’သည့် အဖွဲ့ကိုတော့ စိတ်ချ၍ မရရေးချ မရ။ မသကာ ပုလဲဆီ ခွေးစစ်ကြောင်း ထိုးလာခဲ့ပါလျှင် စီအိုစီအောက် အချိတ်အဆက်မရှိဘဲ ပတ်ဝန်းကျင် မြို့နယ်တွေနှင့် ဘယ်လိုလက်တွဲ၍ ဘယ်လိုခုခံမည် မသိ။ သည်တော့ ပုလဲဘက် ပြေးလျှင်၊ ဟိုဆီ ထပ်ရွှေ့ရ၊ သည်ဆီ ထပ်ပြောင်းရ၊ မောင်ဘဦးတယောက် ’ဟိုအကောင် နေရာမရသလို’ ဖြစ်လိမ့်မည်။
မိမိတို့အညာဒေသ၊ ဗိုလ်သခင်ဆရာတွေက များလှသည်။ ကချင်တို့ ရခိုင်တို့မှာလို တစ်ခုတည်းသော အဖွဲ့အစည်း၏အောက်၊ တစ်ခုတည်း သီးသန့်လက်နက်ကိုင်အဖွဲ့များ မဟုတ်ကြ။ ကချင်၊ ရခိုင်တို့ကတော့ ရှင်းသည်။ အဘယ်မစ်ရှင် အဘယ်အော်ပရေးရှင်းဖြစ်ဖြစ်၊ သတင်းထုတ်ပြန်သည်က အစ၊ တစ်ဦးတည်း တစ်ဖွဲ့တည်းက သာ။ ငြိမ်တိမ်း။ အသံဗလံ လုံမှလုံ။
ရွှေညာမှာတော့၊ သူတို့လို မဟုတ်ကြ။ အမ်အိုဒီအောက် ဖြစ်ကြပါသော်ငြား၊ ‘ဤမစ်ရှင်သည်ကား ဤအဖွဲ့မှ လက်စွမ်းပြခြင်းသာ ဖြစ်ပါသည်’၊ ‘ထိုမစ်ရှင်ကတော့ ထိုအဖွဲ့က ခြေစွမ်းပြခြင်း ဖြစ်ပါသည်’။ ခွဲခွဲခြားခြား ကြေညာမောင်းခတ်ကြသည်။ ပြီးတော့ လှူကြပါဦးပေါ့။ သည်အတွက် ခြေသံလုံဖို့ သိပ်မလွယ်လှ။ ထားပါတော့။ မအလအုပ်စုကို ကျကျနန ဖြုတ်ပြုရဖို့သာ လိုရင်း။
သည်လိုနှင့် ပြေးရင်းလွှားရင်း စဉ်းစားရင်းဖြင့် မုံရွာ-အလုံသို့ သုတ်ခြေတင် ခြေဦးလှည့်ခဲ့ရတော့သည်။
“… ကျောက္ကာလမ်း ရန်ကင်းမီးပွိုင့်နားက ရန်ကင်းကျောင်းနား ပစ်ခတ်မှူ ဖြစ်နေသတဲ့ဗျ။ အခန့်မရှိပဲ ဟိုသွားသည်သွား သိပ်မလုပ်ကြနဲ့ဗျ…။”
ရောက်လို့မှ တစ်လမပြည့်သေး။ ဟိုဟာလေးပြေးဝယ် သည်ဟာလေးပြေးဝယ်၊ ရွာကမသယ်နိုင်ခဲ့တာတွေ ထွက်ဝယ်မည်အလုပ်၊ အိမ်နီးနားချင်း မိတ်ဆွေများက သတိပေးရှာသည်။
“…ဘုန်းစိုးရပ်ကွက် ဆိုလား။ သန်းကောင်စာရင်းကောက်တုန်းက အဲသည် ‘ရန်ကင်းကျောင်းတိုက်’ဆိုတဲ့ စာလုံးအဝါနဲ့ ကားပေါ်က ဘုန်းကြီးတပါး တဲ့ဗျာ…။ ဘာမဆိုင်ညာမဆိုင် သန်းခေါင်စာရင်း လိုက်ကောက်တဲ့သူတွေသွားရာ ပေ ၈၀ လမ်းပေါ် ကားခဏခဏ ရပ်ရပ်ပြီး လိုက်ပေးသတဲ့။ လိုက်ပြီး စောင့်ရှောက်ပေးတာများလား မသိပါဘူးဗျာ…။”
“…ပုလဲကို နဂအဖွဲ့က သိမ်းလိုက်ပြီတဲ့ ရှင့်…။”
“…ပုလဲကို ဗုံးကြဲနေပြန်ပြီတဲ့ဗျို့…။”
“…ပုလဲကနေ ဟိုနဂအဖွဲ့တွေ ဆုတ်ပေးရသယ် ကြားသယ်။ စစ်ရှောင်ရွာတွေ အများကြီးပဲတဲ့။ ‘အမ်အိုဒီ’က စစ်ရှောင်ပြည်သူတွေကို ကာကွယ်ပေးရင်း စကစကို ခုခံနေရသာတဲ့ ဗျ…။”
“…လွင်ပြင်ကျယ် သတ်ကွင်း မဟုတ်တဲ့ ပင်လယ်ဘူး သိမ်းနိုင်ဖို့ကိုတောင် ၅ ခါလောက် ကြိုးစားခဲ့ရတာလေဗျာ။ ဒါနော်… အုပ်ချုပ်ရေးအတွက် ရေရှည်အစီအမံတွေ ပါပြီးသား။ သေသေချာချာ ‘ပလန်’ချပြီးသား။ ဒါတောင် စစ်ဆင်ရေးအစ-အဆုံး ရက် ၅၀ ကျော်ကြာ တိုက်ကြရတာတဲ့ဗျ…။”
ဟုတ်သည်။ လက်နက်ကြီးပစ်ကူတွေ အပါအဝင်၊ လေကြောင်းကနေ အကြိမ်ပေါင်းရာချီ ဗုံးအလုံးပေါင်း ၅၀၀၀ လောက် ကြဲတာကို ကြံ့ကြံ့ခံ တိုက်ခိုက်ခဲ့ကြရသည့် ပင်လယ်ဘူး မြို့သိမ်းတိုက်ပွဲလိုမျိုးကိုပင် ‘အမ်အိုဒီ’မှ အင်အားထောင်ချီစုဖွဲ့ပြီး စနစ်တကျ တာဝန်ခွဲဝေကာ၊ ထုနဲ့ထည်နဲ့ စစ်ဆင်၍ မြို့ကို အပြီးအပိုင် သိမ်းပိုက်နိုင်ရေး လုပ်ခဲ့ကြရသည်။ ပြောက်ကျားတိုက်ပွဲတွေလို နာရီပိုင်းရက်ပိုင်း သိမ်းပြီးရင် ဆုတ်သွားဖို့ စီမံတာမျိုး မဟုတ်။
ပင်လယ်ဘူးတွင် စခတပ်ရင်း ၁၁ ရင်း၊ အင်အား ၈၀၀ မှ ၁၀၀၀၊ ‘ဒီဝီဇံ’တပ်မ တစ်ခုစာအင်အားကို အမ်အိုဒီ-ပီဒီအက်တို့က ဇွဲနဘဲကြီးစွာ ဖြိုဖျက်နိုင်ခဲ့သည်။ စခသုံ့ပန်း ၁၀၀ လောက် လက်နက်ချကြပြီး၊ လက်နက် ၄၀၀ ကျော် ရခဲ့ကာ၊ ‘အမ်အိုဒီ-ပီဒီအက်’တို့အဖို့ သမိုင်းတွင်ရစ်မည့် မြို့သိမ်းတိုက်ပွဲကြီး ဖြစ်ခဲ့သည်။
ပုလဲသည်ကား လွင်ပြင်ကျယ်။ မုံရွာနမခနှင့် မိုင် ၃-၄၀ ပဲ လှမ်းတော့သည်။ ပင်လယ်ဘူးလို ငကုန်းငကျင်း ဆုတ်လမ်းတက်လမ်း လွယ်သည့်မြို့ မဟုတ်။ နမခမှ မိနစ်အနည်းငယ်အတွင်း ရဟတ်ယာဉ်နှင့် အလွယ်တကူ စစ်ကူပေးနိုင်သည်။ ပြီးတော့ နဂတို့အဖွဲ့က အရှောင်ခိုင်းချိန်ကား ကြက်သွန်ပျိုးချိန်၊ ပဲစိုက်ချိန်၊ နှမ်းရိတ် စပါးရိတ်ချိန်ဆိုတော့၊ ခါတိုင်းလို တရက် နှစ်ရက်လောက် ထင်ပြီး ဘာမှ ယူငင်ပြေးကြမည် မထင်။ မိမိသည်ပင် ဘာကိုမျှ မယူနိုင်။ ကိုယ်လွတ်သာ ရုန်းခဲ့ရသည်။
ပုလဲဘက် စစ်ရှောင်မပြေးလိုသည့် မောင်ဘဦး အတွေး မှန်လေပြီ။
တကယ်တော့ နုကြည်သည် တော်လှန်ရေးကာလ-အစိုးရသက်သက် မျှသာ။ တော်လှန်ရေး ပြီးဆုံးလျှင်တော့ နုကြည် ဆိုတာ မရှိတော့ဘဲ အစိုးရသစ်ပေါ်လာလိမ့်မည်ဟုလည်း တွေးထင်မှန်းဆမိသည် မဟုတ်ပါလော။
“…တန်ဆောင်တိုင် ဖိုလ်ဝင်းပွဲကတော့ တယ်…စည်လှ(အလွန် စည်ကားလှသည်) ဆိုပဲဗျ ။ တောင်ကြီး တန်ဆောင်တိုင်ကလည်း ကြိတ်ကြိတ်တိုး ပဲတဲ့…။”
‘ရွှေလသာ-ဝါဝါဝင်း-ဖိုလ်ဝင်းဘုရားပေါင်း’ဟူ၍ ဆိုရိုးရှိသည့် ဖိုလ်ဝင်းပွဲ (ဖိုလ်ဝင်းတောင်ပွဲတော်)မှာ ဒီတန်ဆောင်မုန်း လပြည့်၌ပင် ဖြစ်သည်။ ဟိုးအတိတ်ကာလတွေဆီက၊ ကျောက်တောင်ကျောက်သားများကို ထွင်းထုထားသည့် အရုဏ်ခံတန်ဆောင်းများ၊ တောင်တက်တောင်ဆင်း လှေကားထစ်များတွင် ကျောက်ပန်းခက်လေးများကို ခွေပတ်ကာ ဦးခေါင်းမှာ ပန်ဆင်ရင်း စကြ နောက်ကြ အော်ဟစ် ပျော်မြူးနေကြသည့် ကာလသား၊ ကာလသမီးငယ်လေးများကို မြင်ယောင်မိသည်။ မိုးညှင်းသမ္ဗုဒ္ဓေဘုရားပွဲသည်လည်း ဒီတန်ဆောင်မုန်းလပြည့်၌ပင် ဖြစ်သည်။
ပြည်သူတချို့၏ အပျော်ကလည်း လွန်လွန်းလှသည်။ စခ၊ ရခ၊ ပခတို့၏ ရက်စက်ယုတ်မာ လူမဆန်မှုများကြောင့် တိုးတိုးတိတ်တိတ် အံကြိတ်ကာ ငိုယိုနေကြသူများ။ မိမိလင်သားကိုပင် မျက်နှာမပြဝံ့ရှာကြသော အမျိုးသမီးများ။ နေစရာ အိမ်မရှိ၊ စားစရာ ဗလာနတ္ထိ၊ မိဘမောင်ဘွား ဆွေမျိုးသားချင်းတို့မှာ အသတ်ခံကြရ၍ လူ့ပြည်၌ မရှိကြတော့သော၊ တကောင်ကြွက် အထီးကျန်နေရရှာသော၊ ဘဝငယ်လေးများကိုပင် ကရုဏာပွား မသနားကြလေတော့။ ပျော်ရက်နိုင်ကြသည်လေ။ ပျော်ရက်နိုင်ကြသူကြီးတွေကိုလည်း သတိပေးသင့်သည်။ “တောင်ငူလည်း တော် – မောင်းထောင်လည်း တော်၊ အပျော်မကြူးကြပါနဲ့ဦး။”
ပြည်သူတွေကလည်း မေ့တတ်ရန်ကော။ သမ္မတဦးသိန်းစိန် လက်ထက်၊ သည်တန်ဆောင်တိုင်ကြီး၌ပင်၊ စိန-ဝမ်ပေါင်နှင့် သမိုင်းဝင် မဟာလယ်တီဝတ္တကမြေနှင့် ပတ်သက်၍၊ သံဃာတော်ကိုပင် မီးလောင်ဗုံးဖြင့် ပစ်ခတ်ခဲ့သည်ကို မေ့သွားကြပြီထင့်။
စကစအနေနှင့် ကလည်း၊ စိနကို ကြောက်လွန်လွန်းရန်ကော။ “တရုပ်ကို ကြောက်ရပါသေးသည်”ဟုပင် သိန်းစိန်ခေတ်က ဝန်ကြီးကိုယ်တိုင် ထုတ်ဖေါ် ပြောခဲ့သေးသည်ပဲ လေ။
“… တန်ဆောင်တိုင် ကြင်စိုးတို့လွှတ်တဲ့ မီးပုံးပျံမှာ ‘လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိတဲ့’။ စာတန်းကြီး ချိတ်ပြီး လွှတ်သတဲ့ တော်။ သည်လောက် ပြည်သူတွေသတ်၊ မီးတွေရှိူ့၊ ဗုံးတွေကြဲတဲ့ ‘ဟဝှာ-လျှက်’ က,များ…။”
တောင်ကြီးတန်ဆောင်တိုင်တွင် ‘လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ’ စာတန်းကို ချိတ်ဆွဲပြခဲ့သည်။ တန်ဆောင်တိုင်မှာ အများပြည်သူကို ဆက်တိုက် ဗုံးတွေကြဲချပြီးကာမှ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” တဲ့လား။ မအံ့သြတော့။ ကြင်စိုး၏ အဘ-အဘိုး-အဘီ-အဘင်၊ လွန်ခဲ့သော သိန်းစိန်လက်ထက် တန်ဆောင်တိုင်တွင် သံဃာတော်ကို မီးလောင်ဗုံးဖြင့် မီးလောင်တိုက် သွင်းခဲ့သေးသည် မဟုတ်ပါလော။ တိပိဋကဓရကိုပင် ထောင်သွင်း အကျဉ်းချ နှိပ်စက်ပြခဲ့ဖူးသည် မဟုတ်ပါလော။ တနေ့ကမှ မိုးကုတ်ကို ဗုံးကြဲလို့ အပူမီးစပင် မငြိမ်းနိုင်သေး၊ မိုးမောက်မှာ ဗုံးထပ်ကြဲသည်။ ကလေးတွေ အပါအဝင် ၉ ယောက် အသက်ဆုံးရှုံးရသည်တဲ့ လေ။ အခါကြီးရက်ကြီးတောင်မှ မရှောင်…။ အခါကြီးရက်ကြီး ဘုန်းကြီးကျောင်းမှ မဟုတ်။ ဗလီ၊ ချပ်ခ်ျ၊ ဝတ်ပြုဆုတောင်းပွဲ၊ ဘာသာစုံ ခံကြရပြီ။ လွန်ခဲ့သည့် နှစ်အနည်းငယ် ခရစ္စမတ်နေ့လိုမျိုးကြီးတုန်းကလည်း ကချင် လိုင်ဇာကို ဗုံးကြဲခဲ့သေးသည် ပဲလေ။
ကြင်စိုး၏ မီးပုံးပျံသည် တာဝတိံသာ အဘိဓမ္မာတရားဟောရာမှ ပြန်ကြွလာသော မြတ်စွာဘုရားကို မှန်းဆရည်မြော် ကြည်ညိုပူဇော်လို၍ မဟုတ်။ ယုတ်ယုတ်မာမာ ပြည်သူကို ခြိမ်းခြောက်လို၍သာ ဖြစ်သည်။ မီးပုံးပျံမှာ စာတန်းထိုး၍ လွှတ်တင်ပြတာသည် တတိုင်းတပြည်လုံးကို ခြိမ်းခြောက်စော်ကားခြင်း ဖြစ်သည်။ တတိုင်းတပြည်လုံးကို ယုတ်မာကောက်ကျစ်စွာ စိန်ခေါ်လိုက်ခြင်းလည်း ဖြစ်သည်။ ဒင်းတို့အမိန့်ကို မနာခံ ဆန့်ကျင်ရင် အကုန်သတ်ပစ်မည်ဟု အဓိပ္ပာယ်ရသည်။ ‘မအိုးလေ-သရိုးကြေ'(မA-,သားရေကြိုး)တွေကတော့ ‘သူရို့ ငတေတွေသာ ကျန်ရစ်ရင်ပြီးရော’ဆိုသည့် အပေါက်၊ ချိုးလေပြီ။
သည်တော့၊ ရန်သူစစ်ခွေးအုပ်စုက ဤသို့ဤနှယ် မိုက်ရိုင်းရမ်းကားစွာ ပြည်သူကို စစ်ကြေငြာနေချိန်တွင်၊ ဘက်ပေါင်းစုံ အဖိနှိပ်အနိုင်ကျင့်ခံ မိမိတို့ပြည်သူတစ်ရပ်လုံးကလည်း သွေးကွဲစကား သွေးခွဲစကားများကို နားမယောင် နားမထောင်၊ အချိန်ဖြုန်းမနေကြပဲ၊ မတရားရမ်းကားသူ စစ်အာဏာရှင်အုပ်စု မျိုးပြုတ်ရေးတစ်ခုတည်းကို ဘုံရည်မှန်းချက် ထားရှိပြီး၊ အချင်းချင်းယိုင်းပင်းကူညီကာ ညီညီညွတ်ညွတ် တက်ညီလက်ညီ ဆန့်ကျင်တော်လှန်တိုက်ခိုက်ကြမှသာ၊ ယခု နွေဦးတော်လှန်ရေးကြီး (ခေါ်) စစ်ခွေးတော်လှန်ရေးကြီး ဆောလျှင်စွာ ပြီးမြောက်အောင်မြင်နှိုင်မည် ဖြစ်ပါသတည်း။
နွေဦးတော်လှန်ရေးကြီး၊ မုချအောင်ရမည်။
သုခိတာ ဟောထ၊
နွေဦးတော်လှန်ရေးကြီးတွင် ဓမ္မဘက်မှ အသုံးတော်ခံ ကပြနေကြသူ အားလုံး၊ ချမ်းသာ ရကြပါစေ။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar