ylliX - Online Advertising Network
ငဖဲက ချင်းရွာ ရွာလုံးကျွတ်မီးရှို့ခံရလို့ ဒေသခံ ၄၀၀ လောက် တောတောင်တွေထဲ တိမ်းရှောင်နေရ

ငဖဲက ချင်းရွာ ရွာလုံးကျွတ်မီးရှို့ခံရလို့ ဒေသခံ ၄၀၀ လောက် တောတောင်တွေထဲ တိမ်းရှောင်နေရ





မကွေးတိုင်း၊ ငဖဲမြို့နယ်က ချင်းလူမျိုးတွေနေထိုင်တဲ့ ဘုံးဘောကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၃ ရက်နေ့က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံ ၄၀၀ လောက် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အဲဒီနေ့ မနက် ၁၁ နာရီခန့်မှာ ဘုံးဘောနဲ့ ကျွဲတလင်းကျေးရွာတွေအနီး အရှိုချင်းကာကွယ်ရေးတပ်(ACDF)မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပွားပြီးနောက် အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ဘုံးဘောကျေးရွာကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်မီးရှို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

“ရွာထဲမှာ မီးလောင်နေတာကို အဝေးကနေ မြင်ရတယ်။ တစ်နေကုန် ညဘက်အထိ မီးလောင်နေတုန်းပါ။ အိမ်တွေက တစ်အိမ်နဲ့ တစ်အိမ် ကပ်လျက်ဆိုတော့ မီးကူးဖို့ပိုလွယ်သွားတယ်။ ရွာသားတွေကလည်း အားလုံးထွက်ပြေးကြတော့ မီးငြိမ်းမယ့်လူလည်း မရှိဘူး” လို့ အသက် ၂၇ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

လက်ရှိ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းတွေက အင်အား ၁၀၀ ခန့်နဲ့ ဘုံးဘောကျေးရွာမှာ တပ်စွဲထားပြီး ကျေးရွာဘေးပတ်လည်မှာလည်း မြေမြှုပ်မိုင်းတွေထောင်ထားတယ်လို့ သိရပါတယ်။

 

ဒါကြောင့် ဘုံးဘောကျေးရွာက ဒေသခံ ၄၀၀ ခန့်ဟာ ကျေးရွာအနီးအနားရှိ တောတောင်နဲ့ တောင်ယာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ် စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

 

“အခုလောလောဆယ် တခြားရွာသားတွေပေးတဲ့ ဆန်တွေနဲ့ စားသောက်နေရပါတယ်။ ထွက်ပြေးတုန်းက အဝတ်အစားပါမလာကြတဲ့အတွက် အနွေးထည်တွေ လိုတယ်။ အများစုက ကလေးတွေများနေတယ်။ ရွာထဲမှာလည်း စစ်သားတွေရှိနေသေးတော့ ဘယ်တော့ ရွာပြန်လို့ရမလဲဆိုတာ မသိရဘူး။ အိမ်တွေလည်း မကျန်တော့ဘူး” လို့ အသက် ၅၀ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

 

ဘုံးဘောကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ကလည်း ပထမဆုံးဝင်ရောက်စီးနင်းခဲ့ပြီး အရပ်သားနေအိမ် ရှစ်လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

 

နိုဝင်ဘာလ ၂၃ ရက်နေ့ကဖြစ်ပွားတဲ့ ကျွဲတလင်းရွာတိုက်ပွဲနဲ့ပတ်သက်ပြီး ACDF ပြန်ကြားရေးဘက်ကို CJ Platform က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အသေးအစိတ်ကို ထုတ်ပြန်သွားမယ်လို့ပဲ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံ – နေအိမ်မီးရှို့ခံရတဲ့ ဘုံးဘောရွာကို တွေ့မြင်ရစဥ်

 

 

 





Source link

Leave a Reply

Your email address will not be published. Required fields are marked *