ylliX - Online Advertising Network
၆ ရက်တာ ထိုးစစ်ဆင်ပြီး မတ္တရာအနောက်ခြမ်းကို စစ်ကောင်စီ ပြန်သိမ်း - Myanmar Now

၆ ရက်တာ ထိုးစစ်ဆင်ပြီး မတ္တရာအနောက်ခြမ်းကို စစ်ကောင်စီ ပြန်သိမ်း – Myanmar Now


၆ ရက်တာ ထိုးစစ်အတွင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းရှိ တော်လှန်ရေးတပ်ဖွဲ့များ စခန်း ဆုတ်ခွာပေးလိုက်ရပြီးနောက် စစ်ကောင်စီတပ်က နယ်မြေထိန်းချုပ်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ် များက ပြောကြသည်။

ထိုးစစ်တွင် စစ်ကောင်စီတပ်က လက်နက်မျိုးစုံ အသုံးပြုခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များနှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။

“မန္တလေးနဲ့ မတ္တရာကြားကတော့ အကုန်ဆုတ်ပေးလိုက်ရပြီ။ သူတို့(စစ်ကောင်စီ) သိမ်းပိုက်သွားပြီ။ သူတို့က စစ်ကြောင်းထိုးတာအပြင် လေကြောင်းတိုက်ခိုက်မှုတွေလုပ်တယ်။ လက်နက်ကြီးတွေလည်း ဘက်ပေါင်းစုံက ညှပ်ပစ်တယ်။ ဓာတုလက်နက်တွေနဲ့ပါ တိုက်ခိုက်တယ်။ အဆိပ်ငွေ့တွေ ကြဲချတယ်”ဟု ၎င်းက ဆိုသည်။

အခြားတိုက်ပွဲများကဲ့သို့ပင် မတ္တရာမြို့နယ်ထိုးစစ်နှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင််း မရှိပေ။

နိုဝင်ဘာ ၁၇၊ နံနက် ၃ နာရီမှ စတင်ကာ စစ်ကောင်စီတပ်သည် မတ္တရာနှင့် မန္တလေးမြို့ ဘက်မှ လာသော စစ်အင်အား ၂၀၀ ကျော်ဖြင့်  စစ်ကြောင်း ၂ ကြောင်း ခွဲကာ စတင် ထိုးစစ်ဆင်ခဲ့သည်။ ထိုနေ့က ထိုးစစ်တွင် စစ်သင်္ဘောနှစ်စီးပါဝင်သည့် ရေတပ်၏ ပစ်ကူ၊ လေတပ်၏ တိုက်ခိုက်မှုတို့ ပါဝင်သည်ဟု သိရသည်။

မန္တလေးဘက်မှ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသော စစ်သင်္ဘောနှစ်စီးကို ယခုလ ၁၇ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့) 

စက်တင်ဘာလကတည်းက မန္တလေးမြို့မြောက်ဘက် ၅ မိုင်ခန့်အကွာမှ ဧရာဝတီ မြစ်ကမ်းဘေး မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာကို  စစ်တပ် စီးနင်းခဲ့၍ ကာကွယ်ရေးအဖွဲ့များက စခန်း ဆုတ်ပေးထားရသည်။ 

မန္တလေးမြို့မှ လာသည့် အင်အား ၇၀ ဝန်းကျင်ပါစစ်ကြောင်းက သုံးဆယ်ပေးကျေးရွာ မြောက်ဘက် သဖန်းဒေါက်ရွာနှင့် ဆောက်ခြုံပေါက်ရွာတို့ကို တိုက်ခိုက်ခဲ့သလို  မတ္တရာမြို့ပေါ်မှ အင်အား ၁၅၀ ကျော် ပါသည့်စစ်ကြောင်းကလည်း မတ္တရာအနောက်မြောက်ဘက် ကျေးရွာများကို စီးနင်းတိုက်ခိုက်ခဲ့ကြသည်။

ထိုးစစ်အတွင်း တိုက်ခိုက်ခံရသောကျေးရွာများသည် ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မြစ်နှင့်ကပ်လျက် ရွာများဖြစ်ပြီး တော်လှန်ရေးအဖွဲ့များ အဝင်အထွက်ရှိသော ကျေးရွာများဖြစ်ကြသည်။

အဆိုပါ မြစ်ကြောင်းတစ်လျှောက်တိုက်ပွဲများအတွင်း လေတပ်တိုက်ခိုက်မှုကြောင့် စိန်ပန်းကုန်းကျေးရွာ အနောက်ဖက် မြေနုကျွန်းပေါ်တွင် နေထိုင်သော အသက် ၃၀ ကျော်အရွယ်နှင့် ၅၀ ကျော်အရွယ် အမျိုးသား ၂ ဦး သေဆုံးသည်၊ ကလေးတစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာရသည်ဟု ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) ပြင်ဦးလွင်ခရိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်းပေါ်က တောင်သူလုပ်တဲ့ တဲတွေပေါ်ကိုကြဲလိုက်တာဗျ။ အဲဒီမှာ ပြည်သူ၂ ဦး သေသွားတယ်။ 

သူတို့ (စစ်ကောင်စီ) ဘက်က ဓာတုလက်နက်တွေသုံးပြီးလည်း တိုက်ခိုက်တယ်။ ဗုံးတွေသုံးတဲ့အတွက် ကျွန်တော်တို့မှာ တော်တော်ဒုက္ခရောက်တယ်ဗျ”ဟု ၎င်းက ဆိုသည်။

မတ္တရာအနောက်ခြမ်းတွင် စခန်းများ စွန့်ကာ ဆုတ်ခွာပေးလိုက်ရသည့်အခြေအနေ ဟု ၎င်းက ဆက်ပြော သည်။

“ကျွန်တော်တို့စခန်းတွေ ဆုတ်ခွာပေးလိုက်ရတာ မှန်ပါတယ်။ ဒါပေမယ့် Plan တစ်ခုအနေနဲ့ ဆုတ်လိုက် တာပါ။ သူတို့ထိုးစစ်ကြောင့် ဆုတ်ခွာတာမဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

မတ္တရာဒေသသည် မန္တလေးမြို့သို့ တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်နိုင်သည့် လမ်းကြောင်းတစ်ခု ဖြစ်ပြီး စစ်ရေးအရ အချက်အချာကျသလို စစ်ကောင်စီအနေဖြင့်လည်း တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းနယ်များကို ပြန်ထိုးစစ်ဆင်ရန် မတ္တရာဘက်မှ စတင်ထိုးဖောက်ရမည် ဖြစ် သည်။​



စစ်ကောင်စီထိန်းချုပ်ခဲ့သော မြစ်အရှေ့ဘက်ကမ်းမှ ကျေးရွာများပြမြေပုံ။

မတ္တရာအနောက်ခြမ်းကို လက်လွှတ်လိုက်ရခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ထိခိုက်မှု များနိုင်သည်၊ စစ်ကောင်စီက မတ္တရာဘက်မှ ပိတ်ဆို့ဖြတ်တောက်လိုက်ပါက အထက်ဘက်ရှိ တော်လှန်ရေး တပ်ဖွဲ့များ ရုန်းကန်ရမည့် အခြေအနေဖြစ်နေသည်ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့်နီးစပ်သည့် အထက်ပါ စစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။ 

“စစ်ရေးအရတော့ မတ္တရာသိမ်းဖို့လုပ်ထားတာနဲ့ မန္တလေး ဖြတ်တောက်ထားတာတွေ ခွာပေးလိုက်ရတော့ တော်လှန်ရေးအတွက် အများကြီးထိခိုက်ပါတယ်။ မတ္တရာဆိုတာ မန္တလေးကို အနီးကပ် ဖိအားပေးနိုင် သလို ရှမ်းပြည်တက်တဲ့လမ်းဆုံ၊ ကချင်ပြည်သွားတဲ့ လမ်းဆုံ၊ အညာဒေသကူးတဲ့လမ်းဆုံပါ။ လူ့ခန္ဓာကိုယ်လိုဆို မတ္တရာက ခေါင်း ၊ မန္တလေးက ခန္ဓာကိုယ်ပဲ” ဟု ဆိုသည်။ 

“ စစ်ကောင်စီက မတ္တရာကနေသာ ဖြတ်လေးဖြတ်စစ်ဆင်ရေးလုပ်ရင် အညာ PDF တွေ ရုန်းကန်ရမယ် ။ မိုးကုတ်၊ ရှမ်းပြည်၊ ကချင် နေရာတော်တော်များများ ရုန်းကန်ရလိမ့်မယ်။ ကျွန်တော်တော့ မတ္တရာ ကျမယ် ဆိုရင် အိမ်ပြန်မယ်ဆိုတဲ့ မျှော်လင့်ချက် ရိုက်ချိုးခံရသလိုပဲ။ ဘာမှကို လုပ်ချင်ကိုင်ချင်စိတ် ရှိတော့မှာ မဟုတ်ဘူး”  

မတ္တရာ အနောက်ဘက်ခြမ်းကို ထိန်းချုပ်လိုက်ပြီဖြစ်သော စစ်ကောင်စီသည်  ယမန်နေ့ နေ့လယ်ပိုင်းမှ စကာ မြစ်အနောက်ဖက် မင်းကွန်းဒေသကိုလည်း စစ်ကြောင်းထိုးကာ ကျေးရွာများကိုမီးရှို့နေသဖြင့် ဒေသခံများ ထွက်ပြေးနေကြရကြောင်း သိရှိရသည်။

လက်ရှိတွင် မတ္တရာအနောက်ခြမ်း ကျေးရွာများဖြစ်သော ဆောက်ခြုံပေါက်၊ သမင်ခြံ၊ ဟင်္သာကုန်း၊ သူဌေးကုန်း၊ ထန်းခြောက်ပင်၊ မရိုးကုန်း၊ ရွှေဘိုးကြီး စသည့် ကျေးရွာများအပါအဝင် ရွာ ၂၀ ထက်မနည်း မီးရှို့ခံရပြီး မတ္တရာအနောက်ခြမ်း ဒေသခံ တစ်သောင်းနီးပါး ထွက်ပြေးနေရသည်။

စစ်ကိုင်းမြို့နယ်အတွင်း စစ်ရှောင်အရေးကူညီနေသူ ဒေသခံ အမျိုးသားတစ်ဦးက မတ္တရာဘက်မှ တိမ်းရှောင်လာသူ အများအပြား ၎င်းတို့ထံတွင် ရောက်နေသည်ဟု ပြောသည်။

“ကျွန်တော်တို့နေရာတစ်ခုတည်းမှာကိုက မတ္တရာအနောက်ခြမ်းကထွက်ပြေးလာသူ စစ်ရှောင်၂၀၀၀ လောက် ရှိတယ်ဗျ” ဟု အထက်ပါ စစ်ကိုင်းဒေသခံက ပြောသည်။

“ပြန်မတိုက်နိုင်ရင်တော့ ပြည်သူတွေတော့ ပြန်နေဖို့မလွယ်တော့ဘူး။ နေလို့မရတော့အောင်လည်း ရွာတွေ ကို မီးတိုက်နေကြတယ်”

မတ္တရာမြို့နယ် အနောက်ခြမ်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ  အခြေစိုက်ထားသည်၊ မြို့နယ်အရှေ့ခြမ်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) က စစ်ရေးလှုပ်ရှားကာ ထိုအဖွဲ့များအားလုံးသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ် များ ဖြစ်ကြသည်။

ယခုနှစ် ဇွန်၂၅ မှ စတင်ကာ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယအကျော့တွင် MDY-PDF နှင့် မဟာမိတ်တပ်များ က မတ္တရာ ဒေသအတွင်းထိုးစစ်ဆင်ခဲ့ပြီး စစ်စခန်း ၃၂ ခု သိမ်းပိုက်ကာ မြို့နယ်အရှေ့ခြမ်းကို ထိန်းချုပ် ထားသည်။

အလားတူ ပုသိမ်ကြီးမြို့နယ်အတွင်း တရုတ် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သော Alpha ဘိလပ်မြေစက်ရုံ၊ စစ်ကောင်စီ၏ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ပိုင်ဆိုင်သည့် ဖယောင်းတောင်ရွှေတွင်းတို့အပါအဝင် စစ်စခန်း ၃ခုကို MDY-PDF က သိမ်းပိုက်ထားသည်။

“အရှေ့ပိုင်းကို MDY-PDF က သိမ်းထားတယ်။ သူတို့(စစ်ကောင်စီ)က ကတ္တရာလမ်းမကြီးကိုတောင် မကျော်ရဲဘူး။ Alpha ဘိလပ်မြေစက်ရုံစခန်းအပါအဝင် အရှေ့ပိုင်းစခန်းတွေ အကုန်လုံးကို MDY-PDF က သိမ်းပိုက်ထားတယ်။ လက်ရှိတော့ အရှေ့ပိုင်းမှာက တိုက်ပွဲတွေရပ်နေတယ်”ဟု အသက် ၆၀ အရွယ် မတ္တရာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

MDY-PDF ထိန်းချုပ်သော စဉ့်ကူးဒေသအတွင်း သွားလာနေသူတချို့ကို စက်တင်ဘာလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- မိုးဦး/Myanmar Now)





Source link

Leave a Reply

Your email address will not be published. Required fields are marked *