ကျော်ထက်ဇော်
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် မကြာမီကျင်းပတော့မည့် အမျိုးသားအားကစားပွဲတော်သည် ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနများမှ အားကစားအသင်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားအသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည့် အမျိုးသားအဆင့် အားကစားပွဲတော်ကြီးဖြစ်သည်။
မြန်မာနိုင်ငံတွင် အမျိုးသားအားကစားပွဲတော်ကို ပထမဆုံးအကြိမ်အဖြစ် ၁၉၉၂ ခုနှစ်က ရန်ကုန်မြို့၌ မေလ ၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့သည်။ အားကစားပြိုင်ပွဲများကို
(၁) ဝန်ကြီးဌာနများအဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်၊
(၂) တပ်မတော်(ကြည်း၊ ရေ၊ လေ)၊ တိုင်း/တပ်မ ဌာနချုပ်များ၊ တက္ကသိုလ် (အထက်/ အောက် မြန်မာပြည်) အဆင့်နှင့်
(၃) တိုင်းနှင့် ပြည်နယ် အခြေခံကျောင်းသားအဆင့်ဟူ၍ အဆင့်သုံးဆင့်ခွဲကာ ကျင်းပခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲအရပ်ရပ်တွင် အားကစားနည်း ၂၂ မျိုး ထည့်သွင်းကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း ၇၂ သင်း၊ ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း ၁၀၁၂၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အမျိုးသားအားကစားပွဲတော်ကို မူလက နှစ်နှစ်တစ်ကြိမ်ကျင်းပရန် ရည်ရွယ်ခဲ့သည့်အတိုင်း ဒုတိယအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၁၉၉၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ ရန်ကုန်မြို့၌ပင် ကျင်းပခဲ့သည်။ ဒုတိယအကြိမ်တွင် ဝန်ကြီးဌာနများအဆင့်၊ တိုင်းနှင့် ပြည်နယ်အဆင့်ဟူ၍ အဆင့်နှစ်ဆင့်သာ ခွဲခြားလျက် အားကစားနည်း ၂၄ မျိုးတွင် ပြိုင်ပွဲဝင် အသင်းပေါင်း ၄၀၊ ပြိုင်ပွဲဝင် အားကစားသမား ၈၇၀၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
တတိယအကြိမ် အမျိုးသားအားကစားပွဲတော်ကို ငါးနှစ်ခြားလျက် ၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့တွင် သီတင်းနှစ်ပတ်ကြာကျင်းပခဲ့သည်။ ပြိုင်ပွဲကို ဝန်ကြီးဌာနများအဆင့်၊ တိုင်းနှင့် ပြည်နယ်၊ တက္ကသိုလ်များ (အထက်/ အောက်) ဟူ၍ အဆင့်နှစ်ဆင့်ခွဲကျင်းပခဲ့ပြီး အားကစားနည်း ၂၉ မျိုး၌ ပြိုင်ပွဲဝင်အသင်း ၅၅ သင်းမှ ပြိုင်ပွဲဝင်အားကစားသမား ၁၁၃၇၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အားကစားနည်း ၂၇ မျိုးနှင့် မသန်စွမ်းအားကစားနည်း လေးမျိုး
တတိယအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပပြီး ၁၈ နှစ်ခန့်ကြာ ဆက်လက်မကျင်းပဖြစ်တော့ဘဲ စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲ တော်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ကျင်းပခဲ့သည်။ ထိုစဉ်က တိုင်းဒေသကြီးနှင့် ပြည်နယ်အလွတ်တန်းအဆင့် တစ်မျိုးတည်းကိုသာ အားကစားနည်း ၂၇ မျိုးနှင့် မသန်စွမ်းအားကစား နည်းလေးမျိုး ထည့်သွင်းကျင်းပနိုင်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်း ၁၅ သင်း၊ ပြိုင်ပွဲဝင်အားကစားသမား ၄၃၆၁ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်၏ ထူးခြားချက်မှာ ပြိုင်ပွဲ၏ ပွဲစဉ်အချို့ကို ထိုနှစ်ဇန်နဝါရီလ ၈ ရက်နေ့ကတည်းကပင် စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး၊ နိုင်ငံတကာအဆင့်ပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို ပြန်လည်ဖွဲ့စည်းကာ ဘက်ပေါင်းစုံမှ အားပေးမြှင့်တင်ဆောင်ရွက်ခဲ့သည့်အလျောက် နိုင်ငံတကာပြိုင်ပွဲများတွင် အထိုက်အလျောက်အောင်မြင်မှုများ ပြန်လည်ရရှိလာခဲ့ပြီဖြစ်သလို နိုင်ငံတကာအဆင့် ပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကိုလည်း ဆုကြေးငွေများ ထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြှင့်ခဲ့ရုံသာမက တစ်ချိန်က နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားဟောင်းကြီးများကိုလည်း လစဉ်ထောက်ပံ့ကြေးများ၊ ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ပေးအပ်ခဲ့ပြီးဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ “အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များနှင့် အမျိုးသားရေး စရိုက်လက္ခဏာတို့ကို ရှင်သန်ထက်မြက်စေပြီး တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်ရေးကိုလည်း ဖြစ်ပေါ်စေနိုင်သည့်အတွက် အားကစားနှင့်ပတ်သက်ပါက အားပေးဆောင်ရွက်ရမည်” ဆိုသည့် လမ်းညွှန်ချက်နှင့်အညီ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ နေပြည်တော်၌ နိုင်ငံတော်အဆင့် ခမ်းခမ်းနားနားပြန်လည်ကျင်းပမည်ဖြစ်သည်။
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်ကို –
(၁) နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားရေး၊
(၂) ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာ ပြိုင်ပွဲများတွင် အားကစားအဆင့်အတန်း မြင့်မားရေးနှင့် အောင်မြင်မှုရှိစွာ ယှဉ်ပြိုင်နိုင်ရေး၊
(၃) နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် အလားအလာရှိသည့် လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေး၊
(၄) ပြည်နယ်၊ တိုင်းဒေသကြီးများနှင့် ဝန်ကြီးဌာနများအကြား အချင်းချင်းချစ်ကြည်ရင်းနှီး မှုရှိစေရေး၊
(၅) အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရေးနှင့် ပြည်သူတစ်ရပ်လုံး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရေးဆိုသည့် ရည်ရွယ်ချက် (၅) ရပ်နှင့်အညီ ကျင်းပသွားမည်ဖြစ်သည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့်၌ ပြေးခုန်ပစ် (အမျိုးသား/ အမျိုး သမီး)၊ ဘောလုံး(အမျိုးသား)၊ ဖူဆယ်(အမျိုးသား)၊ ဂေါက်သီး (အမျိုးသား)၊ ပိုက်ကျော်ခြင်း (အမျိုးသား) နှင့် ဘော်လီဘော (အမျိုးသား) ပြိုင်ပွဲဟူ၍ အားကစားနည်းခြောက်မျိုး ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်တွင် ပြေးခုန်ပစ် (အမျိုးသား/ အမျိုးသမီး)၊ ဘတ်စကက်ဘော(အမျိုးသား)၊ ကြက်တောင် (အမျိုးသား/အမျိုးသမီး)၊ ဘိလိယက်/စနူကာ (အမျိုးသား)၊ လက်ဝှေ့(အမျိုးသား)၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု (အမျိုးသား/ အမျိုးသမီး)၊ ခရစ်ကက် (အမျိုးသား)၊ ဘောလုံး (အမျိုးသား/ အမျိုးသမီး)၊ ဖူဆယ် (အမျိုးသား/ အမျိုးသမီး)၊ ဂေါက်သီး (အမျိုးသား)၊ ဂျူဒို (အမျိုးသား/ အမျိုးသမီး)၊ ကရာတေး(အမျိုးသား/ အမျိုးသမီး)၊ ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး)၊ ရေကူး (အမျိုးသား/ အမျိုး သမီး)၊ စားပွဲတင်တင်းနစ်(အမျိုးသား/အမျိုးသမီး)၊ တိုက်ကွမ်ဒို (အမျိုးသား/ အမျိုးသမီး)၊ တင်းနစ် (အမျိုးသား)၊ ရိုးရာခြင်းလုံး (အမျိုးသား/ အမျိုးသမီး)၊ မြန်မာ့သိုင်း (အမျိုးသား/အမျိုးသမီး)၊ ဘော်လီဘော (အမျိုးသား/ အမျိုးသမီး)၊ ဗိုဗီနမ် (အမျိုးသား/ အမျိုးသမီး)၊ အလေးမ (အမျိုးသား/ အမျိုးသမီး)၊ ဝူရှူး(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲဟူ၍ အားကစားနည်း ၂၃ မျိုး ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း ၁၂၀၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ရန် လျာထားလျက်ရှိကြောင်း သိရသည်။
ဝန်ကြီးဌာနအဆင့် အားကစားနည်းခြောက်နည်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်း ၂၃ နည်းနှင့် မသန်စွမ်းအားကစားနည်းလေးနည်းတို့ဖြင့် ကျင်းပသွားမည်ဖြစ်ရာ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပြန်ကြားရေးဝန်ကြီးဌာနက ဂေါက်သီးရိုက် (အလွတ်တန်း)၊ ပိုက်ကျော်ခြင်း (အမျိုးသား)၊ ဘောလုံး (အမျိုးသား)၊ ပြေးခုန်ပစ် (အမျိုးသား၊ အမျိုးသမီး)၊ ဘော်လီဘော (အမျိုးသား) နှင့် ဖူဆယ် (ဘောလုံး) (အမျိုးသား)တို့တွင် အုပ်ချုပ်သူ၊ နည်းပြနှင့် ပြိုင်ပွဲဝင်အားကစားသမားများ စုစုပေါင်း ၁၁၄ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေးသာမက တစ်နိုင်ငံလုံးမှ ပြည်သူများနှင့် နိုင်ငံတကာမှ လာရောက်အားပေးကြည့်ရှုနိုင် ရန် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီတို့က စနစ်တကျစီစဉ်ဆောင်ရွက်လျက်ရှိသည်ကိုလည်း မီဒီယာများမှတစ်ဆင့် ပြည်သူများ သိရှိနေကြပြီးဖြစ်သလို ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလံများနှင့် အမျိုးသားအားကစား ပွဲတော်အလံကို Free Fall ဖြင့် ကွင်းအတွင်း သယ်ဆောင်ခြင်း၊ ကျောင်းသား ကျောင်းသူများ၏ သရုပ်ဖော်အကအလှများနှင့်အတူ ဖျော်ဖြေရေးအစီအစဉ်များ၊ နည်းပညာပိုင်းဆိုင်ရာ ပြကွက်များနှင့် ဖွင့်ပွဲ၊ ပိတ်ပွဲအထိမ်းအမှတ် မီးရှူး၊ မီးပန်းများ အလှဆင်ပစ်ဖောက်ခြင်းအစီအစဉ်များအပါအဝင် နိုင်ငံတော်အဆင့်နှင့်အညီ စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ကို တွေ့ရသည်။
၂၀၁၅ ခုနှစ် စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးက ပထမ၊ မန္တလေးတိုင်းဒေသကြီးက ဒုတိယ၊ ပဲခူးတိုင်းဒေသကြီးက တတိယစသည်ဖြင့် ဆုတံဆိပ်များ အသီးသီးဆွတ်ခူးရရှိသွားခဲ့ရာ ယခုကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်လည်း အောင်မြင်မှုရရှိခဲ့ကြသည့် အသင်းကြီးများက ဆက်လက်အောင်မြင်မှုရရှိရေး၊ အောင်မြင်မှုမရရှိခဲ့သေးသည့် အထူးသဖြင့် ပြည်နယ်အသင်းများကလည်း ယခုတစ်ကြိမ်တွင် အောင်မြင်မှုရရှိရေးအတွက် ကြိုတင်ပြင်ဆင်၍ စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်း၊ နိုင်ငံတော်ကလည်း အားကစားထူးချွန်သူများအား ဆုတံဆိပ်၊ ဆုချီးမြှင့်ငွေများဖြင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ရုံသာမက ဝန်ထမ်းဖြစ်ပါက ရာထူးအဆင့်တိုးမြှင့်ပေးခြင်း၊ ဝန်ထမ်းမဟုတ်ဘဲ အလုပ်အကိုင်လိုအပ်သူဖြစ်ပါက အလုပ်ခန့်ထားပေးခြင်းများဖြင့် ထပ်ဆင့်ချီးမြှင့်မှုများ ပြုလုပ်ပေးမည်ဖြစ်ပေရာ နိုင်ငံတစ်ဝန်းမှ အားကစားဝါသနာရှင်များ၊ အားကစားသမားများသာမက ဝန်ကြီးဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်း၊ ဝန်ထမ်းများပါ ပါဝင်ယှဉ်ပြိုင်ကြရင်း မိမိတို့၏ အားကစားအရည်အချင်းကို မြှင့်တင်ပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။
ရည်ညွှန်း –
(၁) နေ့စဉ်ထုတ်သတင်းစာများ
(၂) Wikipedia