ylliX - Online Advertising Network
အသက်အငယ်ဆုံး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် အမျိုးသမီး

အသက်အငယ်ဆုံး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် အမျိုးသမီး


ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တစ်ဦးကို ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီဆုနဲ့ပတ်သက်ပြီး ရင်းနှီးနေကြမယ်ထင်ပါတယ်။ ဒီ နိုဘယ်လ်ဆုဟာ နယ်ပယ်အသီးသီးမှာရှိတဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့သူတွေ၊ အများအကျိုးအတွက် ဦးစီးဦးဆောင်ပြုပြီး တိုးတက်ရာလမ်း ဖော်ဆောင်ပေးတဲ့သူတွေကို ပေးအပ်တဲ့ ဆုတစ်ခုဖြစ်တာနဲ့အညီ ဆုရရှိသူအဖို့လည်း အတော်လေးကိုမှ ဂုဏ်သိက္ခာ တိုးစေပါတယ်။ မာလာလာယူဆွတ်ဇိုင်ဆိုတဲ့ အမျိုးသမီးငယ်လေးကတော့ ဒီလို အဖိုးထိုက်တန်လှတဲ့ဆုကို အသက် ၁၇ နှစ်အရွယ်မှာတင် ချီးမြှင့်ခံခဲ့ရပါတယ်။

 

ဒီကနေ့ “သိစေချင်လို့” အစီအစဉ်မှာတော့ ကမ္ဘာ့အသက်အငယ်ဆုံး နိုဘယ်လ်ဆုရှင်အမျိုးသမီး မာလာလာယူဆွတ်ဇိုင်ရဲ့ ကလေးသူငယ်ပညာရေးဆိုင်ရာ အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားမှုတွေနဲ့ အခက်အခဲတွေ ကျော်ဖြတ်နိုင်ခဲ့ပုံအကြောင်းကို ဖော်ပြပေးသွားပါမယ်။

 

“ငယ်ဘဝနဲ့ တက်ကြွလှုပ်ရှားမှုအစပြုရာ”

 

မာလာလာကို ပါကစ္စတန်လို အမျိုးသမီးအခွင့်အရေး အပြည့်အဝ မရရှိတဲ့နိုင်ငံရဲ့ ဆွက်,တောင်ကြားက ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့ပါတယ်။ ဒါပေမဲ့ သူမ ဖခင်ဟာ ပညာတတ် ကျောင်းဆရာတစ်ဦးဖြစ်တာနဲ့အညီ မာလာလာရဲ့ ပညာရေးကို အဘက်ဘက်ကနေ ပံ့ပိုးပေးခဲ့ပါတယ်။

 

ဒါကြောင့် မာလာလာဟာလည်း ပညာလိုလားသူ အမျိုးသမီးငယ်အဖြစ် ကြီးပြင်းလာခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်၊ မာလာလာ အသက် ၁၀ နှစ်အရောက်မှာတော့ သူမဘဝရဲ့ ပထမဆုံး အလှည့်အပြောင်းတစ်ခုအနေနဲ့ သူမနေထိုင်ရာရွာလေးက တာလီဘန်တွေရဲ့ အုပ်စိုးမှုအောက် ရောက်ရှိသွားပါတယ်။

 

ဒီလိုနဲ့ပဲ အမျိုးသမီးတွေအနေနဲ့ သီချင်းဆိုခွင့်မရှိ၊ ရုပ်မြင်သံကြားကြည့်ရှုခွင့် မရှိတာနဲ့ ကျောင်းတက်ခွင့်မရှိတာ အစရှိတဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ မာလာလာကတော့ ငြိမ်ခံနေမယ့်အစား တင်းကျပ်တဲ့ မူဝါဒတွေကို တွန်းလှန်ဖို့အတွက် ရွေးချယ်ခဲ့ပါတယ်။

 

“အသက် ၁၁ နှစ်အရွယ်မှာ အသက်ဘေးနဲ့ ရင်ဆိုင်ခဲ့ရ”

 

မာလာလာဟာ အသက် ၁၁ နှစ်အရွယ်မှာတင် တာလီဘန်တွေအုပ်စိုးမှုအောက်က အမျိုးသမီးတွေရဲ့ ခက်ခဲတဲ့နေ့စဉ်ဘဝနဲ့ အခြေအနေတွေအကြောင်းကို ဘလော့ဂ်ပိုစ့်တွေ ရေးသားခဲ့ပြီး BBC သတင်းဌာနနဲ့ စတင်ချိတ်ဆက်နိုင်ခဲ့ပါတယ်။ မာလာလာရဲ့ ရဲရင့်မှုနဲ့ ထူးချွန်ပြောင်မြောက်မှုတွေက စကား‌လုံးတွေ၊ စာတွေကနေတစ်ဆင့် ကမ္ဘာတစ်ဝန်းက ဖိနှိပ်ခံအမျိုးသမီးတွေဆီကို ရောက်ရှိခဲ့ပါတယ်။

 

ဒီလိုနဲ့ နိုင်ငံတကာက သိလာပြီး အခြေခံပညာသင်ကြားခွင့်ကအစ လူ့အခွင့်အရေးဆုံးရှုံးနေတဲ့ အမျိုးသမီးတွေရဲ့ ဘဝအကျပ်အတည်းတွေကို မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။ အဲဒီနောက် မာလာလာဟာ တစ်စထက် တစ်စ ထင်ပေါ်ကျော်ကြားလာပြီး တာလီဘန်တွေအတွက်တော့ ဆူးငြောင့်တစ်ခု ဖြစ်လာခဲ့ပါတယ်။

 

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလရဲ့ နေ့တစ်နေ့မှာ မာလာလာဟာ ပုံမှန်နေ့ရက်တွေမှာလိုပဲ ကျောင်းကနေအိမ်အပြန် ဘတ်စ်စကားပေါ်မှာ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ အရင်နေ့တွေနဲ့ မတူညီတာက မျက်နှာဖုံးစွပ် သေနတ်သမားတစ်ဦးက ယူဆွတ်ဇိုင်ဆိုတာဘယ်သူလဲမေးပြီး မာလာလာရဲ့ ခေါင်း (ဘယ်ဘက်ခြမ်း)နဲ့ လည်ပင်းကို ကျည်ဆန်တွေ ပစ်သွင်းသွားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ ဘတ်စ်ကားပေါ်ပါလာတဲ့ တခြားမိန်းကလေးနှစ်ဦးပါ ဒဏ်ရာရ ထိခိုက်ခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ မာလာလာက တပ်ဆေးရုံကို အချိန်မီရောက်ရှိသွားနိုင်ပြီး အရေးပေါ်ကုသမှု ခံယူနိုင်ခဲ့ပါတယ်။

 

အဲဒီလို အပစ်ခတ်ခံရ‌မှုကြောင့် ထိခိုက်ခဲ့ပေမဲ့ အင်္ဂလန်နိုင်ငံကို ပြောင်းရွှေ့ပြီး စနစ်တကျ ကုသမှုခံယူနိုင်ခဲ့တာကြောင့် ဦးနှောက်စွမ်းဆောင်ရည်ကို ထိခိုက်မှုမရှိဘဲ သက်သာပျောက်ကင်းလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အသက်အန္တရာယ်စိုးရိမ်ရမှုကြောင့် အင်္ဂလန်နိုင်ငံ၊ ဘာမင်ဟမ်မြို့မှာပဲ မိသားစုလိုက် ပြောင်းရွှေ့ အချေချ နေထိုင်လိုက်ကြပါတယ်။

 

အင်္ဂလန်နိုင်ငံရဲ့ ပညာရေးစနစ်အရ အထက်တန်းပညာရေး ပြီးဆုံးပြီးနောက်မှာလည်း အောက်စ်ဖို့ဒ်တက္ကသိုလ်မှာ ဒဿနိကဗေဒ၊ နိုင်ငံရေးနဲ့ စီးပွားရေး(PPE)ကို ဆက်လက်လေ့လာခဲ့ပြီး မွေးရပ်မြေက အမျိုးသမီးငယ်တွေ ပညာသင်ကြားနိုင်ဖို့အရေး ဆက်လက်ကြိုးပမ်းခဲ့ပါတယ်။

 

“ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုခံရမှု”

 

ဒီလို အသက်အန္တရာယ်နဲ့ ကြုံတွေ့ရပြီးချိန်မှာတောင်‌ နောက်တွန့်မသွားဘဲ ပိုပြီးပြင်းပြတဲ့အရှိန်အဟုန်နဲ့ စွမ်းဆောင်ခဲ့တာတွေကြောင့် ၂၀၁၄ ခုနှစ်၊ မာလာလာ အသက် ၁၇ နှစ်အရောက်မှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ချီးမြှင့်ခံရပြီး ကမ္ဘာ့အသက်အငယ်ဆုံး နိုဘယ်လ်ဆုရှင် အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့ပါတယ်။

 

နိုဘယ်လ်ဆုဆိုတာဟာ ကမ္ဘာတစ်ဝန်းကလူတွေ စိတ်ဝင်စား အာရုံစိုက်တဲ့ ဆုဖြစ်တာနဲ့အညီ မာလာလာရဲ့ အကြောင်းဟာလည်း ပိုကျော်ကြားလာပြီး တက်ကြွလှုပ်ရှားမှုတွေကိုလည်း အရှိန်မြှင့်တင်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဆယ်ကျော်သက်အရွယ်မှာတင် ဂုဏ်သိက္ခာကြီးမားတဲ့ ဆုပေါင်းများစွာကို ထပ်မံဆွတ်ခူးနိုင်ခဲ့ပြီး  စွမ်းရည်အပြည့်နဲ့ အမျိုးသမီးငယ်တစ်ဦးဖြစ်လာခဲ့ပါတယ်။

 

နောက်ပြီး အမျိုးသမီးငယ်တွေ ပညာသင်ကြားနိုင်ရေးနဲ့ ကလေးသူငယ်ပညာရေးဆိုင်ရာ နယ်ပယ်အတွက် ထောက်ပံ့နိုင်ဖို့ရည်ရွယ်ပြီး ဖခင်နဲ့အတူ မာလာလာဖောင်ဒေးရှင်းကို ထူထောင်ခဲ့ပါတယ်။ လက်ရှိမှာ မာလာလာဟာ လူ့အခွင့်အရေး၊ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ ပညာသင်ကြားနိုင်ရေးနဲ့ ဆက်စပ်တဲ့ စာအုပ်တွေကိုလည်း ရေးသားခဲ့သလို ရုပ်ရှင်ဇာတ်လမ်းထုတ်လုပ်ရေးတွေကနေတစ်ဆင့်ပါ ပြည်သူလူထုကို အသိပေးဖို့ မားမားမတ်မတ်ရပ်တည်ရင်း စွမ်းဆောင်နေဆဲပါ။

 

မာလာလာယူဆွတ်ဇိုင်က ပညာရေးဟာ အကြမ်းဖက်ဖိနှိပ်ခံရမှုတွေကို တွန်းလှန်နိုင်ပြီး ပိုမိုငြိမ်းချမ်းတဲ့ ကမ္ဘာကြီးအဖြစ် ပြောင်းလဲနိုင်စွမ်းရှိကြောင်း ယုံကြည်သူတစ်ဦးပါ။ ဒီလို ယုံကြည်နေလို့လည်း ရှေ့ဆောင်ဦးရွက်ပြုပြီး ယုံကြည်ရာပန်းတိုင်ဆီ ရဲရဲဝံ့ဝံ့လျှောက်လှမ်းနိုင်နေသူအဖြစ် ရပ်တည်နေတာပါ။ မာလာလာ ပြောခဲ့ဖူးတာ ရှိပါတယ်။

 

“တစ်ကမ္ဘာလုံးက နှုတ်ဆိတ်နေကြချိန်မျိုးမှာ‌ အသံလှိုင်းလေးတစ်ခုရဲ့ အင်အားဟာ စွမ်းအင်ကြီးမားလာနိုင်ပါတယ်” တဲ့။

 

ဒါကြောင့် စာဖတ်သူတို့အနေနဲ့လည်း မာလာလာရဲ့ ယုံကြည်ချက်နဲ့ ရှေ့ဆက်ပုံတွေကို ဖတ်ရှုပြီးနောက် အခွင့်အရေးအတွက် ထုတ်ဖော်ပြောကြားဖို့ ခွန်အားသတ္တိတွေ ရရှိနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ရင်း နောက်အပတ်ရဲ့ “သိစေချင်လို့” အစီအစဉ်မှာ ပြန်လည်ဆုံတွေ့ကြပါမယ်။

 

ကိုးကား

The Nobel Peace Prize 2014. (n.d.). NobelPrize.org. https://www.nobelprize.org/prizes/peace/2014/yousafzai/biographical/

Malala Fund. (n.d.). Malala’s Story | Malala Fund. https://malala.org/malalas-story

Blumberg, N. (2024, November 20). Malala Yousafzai | Biography, Nobel Prize, & Facts. Encyclopedia Britannica. https://www.britannica.com/biography/Malala-Yousafzai

Piccotti, T. (2023, November 29). Malala Yousafzai. Biography. https://www.biography.com/activists/malala-yousafzai

 

ဓာတ်ပုံ – Hamari Web

 

 

 

 



Source link

Leave a Reply

Your email address will not be published. Required fields are marked *