Miss Grand Myanmar အလှမယ် သဲစုညိမ်းရဲ့ အနုပညာကြေးနဲ့ လူအယောက် ၄၅၀ စာ ထမင်းဟင်း လှူဒါန်းခြင်းကို ယနေ့ နိုဝင်ဘာ ၂၄ ရက် နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် (၉၃)ရပ်ကွက်မှာ ပြုလုပ်ခဲ့ပါတယ်။
“သဲသဲတို့က အရင်ပြောထားသလိုပဲ ရရှိလာတဲ့ ကိုယ့်အနုပညာကြေးထဲက လူအယောက် ၄၅၀ စာ ထမင်းနဲ့ ဟင်းလှူ ဖြစ်တာပါ။ ဒီလို လိုအပ်တာတွေကို လှူဒါန်းခွင့်တွေ ဆက်တိုက်ဆိုသလို လှူဒါန်းခွင့်ရလို့လည်း ပီတိဖြစ်ရပါတယ်။ ခုလည်း သဲသဲ ညက တစ်ညလုံးမအိပ်ရသေးဘူးလို့ ပြောလို့ရတယ်။ ခုကလည်း ရူတင်ကနေ ဒီအလှူလေးကို တန်းလာလှူဖြစ်တာပါ။ ဆရာထူးက ကိုယ့်အဖေလို ဆရာလို အကိုတစ်ယောက်လိုလည်း ဖြစ်နေပါပြီ။ ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်”လို့ အလှမယ် သဲစုညိမ်းက ပြောပါတယ်။
အဆိုပါ လှူဒါန်းမှုတွေကိုတော့ ပရဟိတကိုထွန်းမင်း စီစဉ်ဆောင်ရွက်မှုနဲ့အတူ ထူးအံ့လွင်၊ အလှမယ်သဲစုညိမ်းတို့က ထမင်း၊ ငါးဖယ်ဟင်း၊ ငံပြာရည်ကြော်၊ တို့စရာအစုံနဲ့ လူအယောက် ၄၅၀ စာကို လှူဒါန်းခဲ့ပါတယ်။ သူတို့က ရရှိလာတဲ့ အနုပညာကြေးတွေကို စုပြီးလည်း အပတ်စဉ် လှူဒါန်းသွားမယ်လို့ သိရပါတယ်။ သဲစုညိမ်းကတော့ နာမည်ကြီး ထုတ်လုပ်ရေး တိုက် ၅တိုက်နဲ့ စာချုပ်ထားပြီး ဇာတ်ကား ၂၅ကားရိုက်ကူးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။