ယနေ့ မြန်မာ့အရေးတွင် အိမ်နီးချင်းအင်အားကြီး တရုတ်အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုသည် ပထဝီနိုင်ငံရေး နှင့် စီးပွားရေး၊ ဒေသတွင်း တရုတ်၏ဩဇာချဲ့ထွင်ရေးနှင့် နယ်နမိတ်ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများကို ၎င်း၏လောင်းရိပ်အောက်တွက်သာ ရှင်သန်စေရေး စသည့် အကြောင်းချင်းရာများက လွှမ်းမိုးထားသည်။
အထူးသဖြင့် မြန်မာစစ်ခေါင်းဆောင်များ စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းများ ကြုံတွေ့နေရ ချိန်၊ ဒေသတွင်းနှင့် ကမ္ဘာ့အသိုက်အဝန်း၏ ပြစ်ပယ်ထားခြင်း ခံထားရချိန်၊ တရုတ်နိုင်ငံ၏ အကူအညီနှင့် အကာအကွယ်ကို အရေးတကြီးရှာဖွေလာခြင်းအပေါ် တရုတ်အစိုးရသည် “မြန်မာအခက်၊ တရုတ်အချက်” ဟု ကောင်းစွာတွက်ချက် အသုံးချပြီး၊ မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာသို့ အတားအဆီးမဲ့ကုန်သွယ်နိုင်ခွင့်၊ မြန်မာ့သယံဇာတများကို စိတ်ကြိုက်ထုတ်ယူသုံးစွဲနိုင်ခွင့် နှင့် တရုတ်နိုင်ငံ၏ မြန်မာပြည်တွင်းမှ အကျိုးစီးပွား များကို ကာကွယ်ရန် အကြောင်းပြချက်ဖြင့် စစ်ရေးအရ စွက်ဖက်နိုင်သော မဟာအခွင်အလမ်းကြီး ရရှိသွားပြီ ဖြစ်သည်။
မြန်မာနိုင်ငံ၏ ကြွယ်ဝလှသော သဘာဝသယံဇာတများကို ယခင် စစ်အစိုးရလက်ထက် ဆယ်စုနှစ် နှစ်ခုကျော် တရုတ်နိုင်ငံက နည်းလမ်းအမျိုးမျိုးဖြင့် စိတ်တိုင်းကျ ထုတ်ယူသုံးစွဲခဲ့ပြီး ဖြစ်သည်ကို မြန်မာပြည်သူများ သိရှိ ထားပြီး ဖြစ်သည်။ သို့သော် ပြန်လည်အစားထိုးမရသော မြန်မာ့သယံဇာတများကို တရုတ်ကုမ္ပဏီများ အထိန်း အကွပ်မဲ့ တူးဖော်ထုတ်ယူပြီး ၎င်းတို့နိုင်ငံသို့ တင်ပို့ရောင်းချခဲ့သော မှတ်တမ်းမှတ်ရာများ ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်များကြီးစိုးသော လက်ထက်တွင် ရှိမနေခဲ့ပါ။
အာဏာသိမ်းပြီးနောက်ပိုင်း အထူးသဖြင့် “၁၀၂၇ စစ်ဆင်ရေး” ကြောင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ဂိတ်များအားလုံးနီးပါး လက်လွှတ်ဆုံးရှုံးခဲ့ရသော စစ်ကောင်စီသည် ကုန်သွယ်ရေးဆိုင်ရာ အချက်အလက်များ ကို ၂၀၂၄ ခုနှစ်လယ်ပိုင်းမှ စတင်၍ အများပြည်သူသို့ မထုတ်ပြန်တော့ပဲ ပိတ်ပင်ခဲ့သည်။
ထိုအပြုအမူက ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ရှုံး၍ ဆုတ်ခွာနေရသော စစ်ကောင်စီနှင့် တရုတ်နိုင်ငံ အကြား ကုန်သွယ်ရေးကို ကြီးကြီးမားမား ထိခိုက်နေကြောင်း ဖော်ပြနေပြီး၊ ထိုအခြေအနေကို ပြည်သူများ မသိ ရှိစေရန် ဖုံးကွယ်ခြင်း ဖြစ်သည်။
ထို့အတူ ကချင်နှင့် ရှမ်းမြောက်တခွင် မြန်မာ-တရုတ်နယ်စပ်တစ်လျှောက်နှင့် မြန်မာပြည်အတွင်းပိုင်းအထိ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ရေးတွင် အကြီးအကျယ် ရင်းနှီးမြုပ်နှံထားသော တရုတ်ကုမ္ပဏီများ ၏ အကျိုးစီးပွားများ အကြီးအကျယ် ထိခိုက်လာပြီ ဟု ယူဆနိုင်ပါသည်။
ထို့ကြောင့် တရုတ်ခေါင်းဆောင်များအတွက် မြန်မာအရေးအပေါ် ပြတ်ပြတ်သားသား မူဝါဒချမှတ်ရတော့မည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့ရာ၊ စစ်တပ်၏ မြန်မာ့နိုင်ငံရေးကို လွတ်လပ်ရေးရချိန်ကတည်းက ပါဝင် ပတ်သက်လာမှုနှင့် စစ်တပ်ပြိုလဲပါက နိုင်ငံပြိုကွဲနိုင်သည်ဟု ယုံကြည်မှုက နောက်ဆုံးတွင် စစ်ရှုံးခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ်ပြု ဆက်ဆံရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ တရုတ်ခေါင်းဆောင်များ၏ အဆိုပါ မူဝါဒ ရွေးချယ်မှုနောက်ကွယ်တွင် မြန်မာနိုင်ငံမှ တရုတ်အကျိုးစီးပွားများ ကာကွယ်ရေးက အဓိက အကြောင်း တရားအဖြစ် ပါဝင်ပတ်သက်နေပါသည်။
ပြည်တွင်းစစ်အကြား တရုတ်၏ မြန်မာ့တွင်းထွက်သယံဇာတ ကုန်သွယ်ရေးအကျိုးစီးပွားဤဆောင်းပါးအတွက် တရုတ်ခေါင်းဆောင်များ၏ မူဝါဒ ရွေးချယ်မှု နောက်ကွယ်မှ မြန်မာနိုင်ငံအတွင်း တရုတ် အကျိုးစီးပွားကို လက်ဆုပ်လက်ကိုင် သက်သေပြနိုင်ရန် ကြိုးပမ်းထားပါသည်။ ထို့ကြောင့် အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာ့တွင်းထွက်သယံဇာတများကို တရုတ်နိုင်ငံက တူးဖော်ထုတ်ယူတင်သွင်းခဲ့သော အခြေအနေ ကို တရုတ်အစိုးရ အကောက်ခွန်ဌာန မှ ထုတ်ပြန်ခဲ့သည့် သွင်းကုန်ဆိုင်ရာအချက်အလက်များထဲမှ ခြေရာခံ ရှာဖွေဖော်ထုတ်ခဲ့ရာ၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ၃နှစ်နှင့် ၉လ ကာလအတွင်း မြန်မာ့ သယံဇာတ ၁၃မျိုး နှင့် သဘာဝ ဓာတ်ငွေ့ သွင်းကုန်တန်ဖိုးများကို ကိန်းဂဏန်းအထောက်အထားများနှင့်တကွ လေ့လာတင်ပြသွားပါမည်။
အထက်ပါ ဇယားတွင် ဖော်ပြထားသော ကိန်းဂဏန်းများသည် စစ်အာဏာသိမ်းပြီးနောက် မြန်မာ-တရုတ် တွင်းထွက်သယံဇာတ ကုန်သွယ်ရေးကို ပုံမှန်ကုန်သွယ်ရေး (Ordinary Trade) နှင့် နယ်စပ်ကုန်သွယ်ရေး (Border Trade) လမ်းနှစ်သွယ်ဖြင့် တရုတ်နိင်ငံက စစ်ကောင်စီအပြင် မြန်မာ-တရုတ်နယ်စပ် အခြေပြု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပါ ကုန်သွယ်ခဲ့သည့် အထောက်အထားများဖြစ်သည်။
ဇယားတွင် ဖော်ပြသော ကိန်းဂဏန်းများသည် နိုင်ငံတကာကုန်သွယ်မှုတွင် အသုံးပြုသော ကုန်ပစ္စည်း အမျိုး အစားလိုက် သတ်မှတ်ထားသည့် HS-Code တစ်ခုချင်းကိုသာ ကိုယ်စားပြုပြီး၊ နှစ်နိုင်ငံ ကုန်သွယ်မှု တစ်ခုလုံး၏ အစိတ်အပိုင်းမျှသာ ဖြစ်သော်လည်း၊ တရုတ်နိုင်ငံ ၏ ကိုယ်ကျိုး စီးပွားကြည့် မြန်မာမူဝါဒကို ကောင်းစွာပုံဖော် ကြည့်မြင်သုံးသပ်နိုင်မည် ဖြစ်သည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ကာလအတွင်း မြန်မာ-တရုတ် တွင်းထွက်သယံဇာတ ကုန်သွယ်ရေးတွင် အဓိက သယံဇာတ ၁၃မျိုး နှင့် သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှု ကုန်သွယ်မှု စုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၁၉.၅၇ ဘီလီယံ ရှိကြောင်း တွေ့ရှိရသည်။
လွန်ခဲ့သော ၃နှစ်ခွဲကျော် ကာလအတွင်း ထိုမျှများပြားသော သယံဇာတကုန်သွယ်မှု ပမာဏမှ စစ်ကောင်စီ အတွက် မည်၍မည်မျှ အကျိုးဖြစ်ထွန်းခဲ့သည်ကိုမူ အတိအကျ တွက်ချက်ရန် ခက်ခဲပါသည်။ သို့ရာတွင် စစ်ကောင်စီသည် ထိုသယံဇာတကုန်သွယ်ရေးမှ ၎င်းတို့လိုအပ်နေသော စစ်ရေးအသုံးစရိတ် အလုံအလောက် ရရှိနေသည်ကိုမူ သံသယဖြစ်စရာမလိုကြောင်း လေ့လာတွေ့ရှိရသည်။
တဖန် တရုတ်နိုင်ငံက တန်ဖိုးအများဆုံး တင်သွင်းခဲ့သော ထိပ်တန်းတွင်းထွက်သယံဇာတ ၄မျိုး ကို လေ့လာ ရာတွင် ကချင်ပြည်နယ် ဖားကန့်နှင့် မိုင်းရှုးဒေသများတွင် အထွက်အများဆုံး ဖြစ်သော အဖိုးတန် ကျောက်မျက် (Precious Stones) များဖြစ်သည့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ စသည့် တွင်းထွက် ကျောက်မျက်ရတနာများ ဖြစ်ပြီး၊ ဒေါ်လာ ၆.၀၄ ဘီလီယံ (သွင်းကုန်တန်ဖိုး စုစုပေါင်း ၏ ၃၀.၈၆ ရာခိုင်နှုန်း) ကျော် အများဆုံး တင်သွင်းခဲ့သည်။
မြန်မာ့ ကျောက်စိမ်း၊ ပတ္တမြားနှင့် နီလာ ကျောက်မျက်များ တင်သွင်းသော ပြည်နယ်များကို လေ့လာပြီး၊ တင်သွင်းခဲ့သော တန်ဖိုးနဲ့တကွ အောက်ပါဇယားတွင် ဖော်ပြထားပါသည်။
ကျောက်မျက် တင်သွင်းသော ပြည်နယ်များနှင့် တန်ဖိုးများ
နှစ်အလိုက် ကျောက်မျက်တင်သွင်းမှုကို လေ့လာရာတွင် ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၄ ဘီလီယံကျော် အများဆုံး တင်သွင်းခဲ့ရာမှ၊ ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၈၄၀ သန်း နှင့် ၂၀၂၄ ခုနှစ်တွင် စက်တင်ဘာလအထိ ဒေါ်လာ ၇၄ သန်းကျော်အထိ ထိုး၍ကျဆင်းသွားပြီ ဖြစ်သည်။
ယခုအခါ ထိုကျောက်မျက်များ ထွက်ရှိရာ ဖားကန့်ဒေသသည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်း ချုပ်မှုအောက် တဖြေးဖြေး ရောက်ရှိလာနေပြီး၊ တရုတ်ကုမ္ပဏီများအတွက် စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
ဒုတိယ တန်ဖိုးအများဆုံး တင်သွင်းခဲ့သော သယံဇာတမှာ မြေရှားသတ္တု (Rare Earth) ဖြစ်ပြီး၊ ဒေါ်လာ ၃.၆၀ ဘီလီယံကျော် (သွင်းကုန်တန်ဖိုး စုစုပေါင်း၏ ၁၈.၄၀ ရာခိုင်နှုန်း) တင်သွင်းခဲ့သည်။ မြေရှားသတ္တု အဓိက ထွက်ရှိရာဒေသမှာ ကချင်ပြည်နယ် ချီဗွေခရိုင် ပန်ဝါဒေသ ဖြစ်သည်။ မြေရှားသတ္တုကို ယူနန် ပြည်နယ်က အဓိက တင်သွင်းပြီး၊ ၃နှစ်နှင့် ၉လ အတွင်း ဒေါ်လာ ၃.၃၃ ဘီလီယံကျော် တင်သွင်းခဲ့သည်။
မြန်မာ့ မြေရှားသတ္တုများ တင်သွင်းသော ပြည်နယ်များကို လေ့လာပြီး၊ တင်သွင်းခဲ့သော တန်ဖိုးနဲ့တကွ အောက်ပါဇယားတွင် ဖော်ပြထားပါသည်။
မြေရှားသတ္တု တင်သွင်းသော ပြည်နယ်များနှင့် တန်ဖိုးများ
နှစ်အလိုက် မြေရှားသတ္တုတင်သွင်းမှုကို လေ့လာရာတွင် ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၁.၄ ဘီလီယံကျော် အများဆုံး တင်သွင်းခဲ့ရာ နိုင်ငံ ၃၀ ခန့်မှ တင်သွင်းမှု စုစုပေါင်း၏ ၇၇ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး၊ မြန်မာ့မြေရှား ကုန်ကြမ်းကို တရုတ်နိုင်ငံက အကြီးအကျယ်မှီခိုနေရသည်မှာ သိသာထင်ရှားသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာ လအထိ ၇၂၄ သန်းကျော်သာ တင်သွင်းခဲ့ပြီး လွန်ခဲ့သောနှစ် တင်သွင်းမှု၏ တစ်ဝက်ခန့်သာရှိသဖြင့် သိသိ သာသာ ကျဆင်းသွားခဲ့သည်။
ထိုဒေသတစ်ခုလုံးကို ဆယ်စုနှစ်နှင့်ချီပြီး KIA ခွဲထွက် ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K ခေါင်းဆောင် စခုံတိန့်ယိန်း ဦးဆောင်သော စစ်ကောင်စီသစ္စာခံ ပြည်သူစစ်များက စိုးမိုးထိန်းချုပ်ထား ခဲ့သည်။ သို့သော် မကြာသေးခင်က KIA နှင့် PDF ပူးပေါင်း တပ်ဖွဲ့များက ထိုဒေသကို ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့ရာ မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်း တစ်ခုလုံးကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။ ထိုလုပ်ငန်း တစ်ခုလုံးကို တရုတ်ကုမ္ပဏီများက လက် ဝါးကြီးအုပ် ထိန်းချုပ်လုပ်ကိုင်လျက်ရှိရာ ယခုအခါ ထိုဒေသမှ တရုတ်ကုမ္ပဏီများ ပိတ်သိမ်းထွက်ပြေးခဲ့ရပြီး၊ လုပ်ငန်းတစ်ခုလုံး ရပ်ဆိုင်းသွားပြီဖြစ်သည်။
တတိယ တန်ဖိုးအများဆုံး တင်သွင်းခဲ့သော သယံဇာတမှာ ခဲမဖြူသတ္တုရိုင်း (Tin Ore) ဖြစ်ပြီး၊ ဒေါ်လာ ၃ ဘီလီယံနီးပါး (သွင်းကုန်တန်ဖိုး စုစုပေါင်း၏ ၁၅.၃၃ ရာခိုင်နှုန်း) ကျော် တင်သွင်းခဲ့သည်။ ခဲမဖြူသတ္တုရိုင်း ကို သံဖြူ ဟုလည်းခေါ်ပြီး “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်စိုးမိုးသော နယ်မြေများတွင် အများဆုံး ထွက်ရှိပြီး၊ တရုတ်နိုင်ငံသို့ အဓိကတင်ပို့သည်။
မြန်မာ့ ခဲမဖြူသတ္တုရိုင်းများ တင်သွင်းသော ပြည်နယ်များကို လေ့လာပြီး၊ တင်သွင်းခဲ့သော တန်ဖိုးနဲ့တကွ အောက်ပါဇယားတွင် ဖော်ပြထားပါသည်။
ခဲမဖြူသတ္တုရိုင်း တင်သွင်းသော ပြည်နယ်များနှင့် တန်ဖိုးများ
နှစ်အလိုက် ခဲမဖြူသတ္တုရိုင်း တင်သွင်းမှုကို လေ့လာရာတွင် ၂၀၂၂ ခုနှစ်တွင် ခဲမဖြူတင်သွင်းမှု ဒေါ်လာ ၁.၁ ဘီလီယံကျော်ဖြင့် အမြင်ဆုံးရောက်ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၃၈၀ သန်းအထိ ထိုး၍ကျဆင်းသွား ခဲ့ပြီ ဖြစ်သည်။
UWSA သည် ၎င်း၏နယ်မြေအတွင်း ခဲမဖြူ ထုတ်လုပ်မှုကို သိသိသာသာ လျော့ချခဲ့ခြင်းကြောင့် ကမ္ဘာ့ ခဲမဖြူဈေးကွက်ကိုပါ လှုပ်ခပ်ခဲ့ဖူးသည်။
ယခုအခါ တရုတ်အစိုးရသည် စစ်ရှုံးခေါင်းဆောင် မင်းအောင်လှိုင်ကို ထောက်ခံကူညီနေပြီး၊ ညီနောင် မဟာမိတ် ၃ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” ကို ရပ်တန့်ရန် ၎င်းတို့၏ နောက်ကွယ်မှ အဓိက အကူအညီပေး နေသော UWSA ကိုပါ အတင်းအကျပ် ဖိအားပေးလာပြီး၊ “ဝ” ပြည်နှင့်ထိစပ်နေသော တရုတ်နယ်စပ်ကု န်သွယ်ရေးဂိတ်များကို တစ်ဖက်သတ်ပိတ်ပစ်ခဲ့သည်။ ထို့ကြောင့် ခဲမဖြူတင်သွင်းမှုလည်း သိသိသာသာ ထပ်၍ လျော့ကျရပ်ဆိုင်းသွားနိုင်ပါသည်။
စတုတ္ထ တန်ဖိုးအများဆုံး တင်သွင်းခဲ့သော သယံဇာတမှာ သန့်စင်ကြေးနီ (Refined Copper) ဖြစ်ပြီး၊ ဒေါ်လာ ၆၂၇.၉၅ သန်းကျော် (သွင်းကုန်တန်ဖိုး စုစုပေါင်း၏ ၃.၂၁ ရာခိုင်နှုန်း) တင်သွင်းခဲ့သည်။ တရုတ် အစိုးရသည် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းအတွင်းရှိ လက်ပံတောင်းတောင် ကြေးနီသတ္တု တူးဖော်ရေးစီမံကိန်းကို ဒေါ်လာဘီလီယံနှင့်ချီ ရင်းနှီးမြုပ်နှံလုပ်ကိုင်လျက်ရှိပြီး၊ ထိုဒေသမှ ထွက်ရှိသော ကြေးနီသတ္တုရိုင်းကို သန့်စင် ပြီး တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည်။
မြန်မာ့ သန့်စင်ကြေးနီများ တင်သွင်းသော ပြည်နယ်များကို လေ့လာပြီး၊ တင်သွင်းခဲ့သော တန်ဖိုးနဲ့တကွ အောက်ပါဇယားတွင် ဖော်ပြထားပါသည်။
သန့်စင်ကြေးနီ တင်သွင်းသော ပြည်နယ်များနှင့် တန်ဖိုးများ
နှစ်အလိုက် သန့်စင်ကြေးနီ တင်သွင်းမှုကို လေ့လာရာတွင် ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ ၄၈၀ သန်းကျော် တင်သွင်းခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် စက်တင်ဘာလအထိ ဒေါ်လာ ၉၆ သန်းကျော်သာ တင်သွင်းနိုင်တော့သည် အထိ ကျဆင်းခဲ့ပြီ ဖြစ်သည်။
ထိုဒေသသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းစွာ လှုပ်ရှား ဒေသ ဖြစ်လာပြီး၊ စစ်ရှုံးခေါင်းဆောင် မင်းအောင်လှိုင်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို စစ်တပ် အင်အားသုံး အကာအကွယ်ပေးထားရသော အခြေအနေတွင် ရှိနေသည်။ လက်ပံတောင်းတောင် စီမံကိန်းမှ သန့်စင်ကြေးနီများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရာတွင် လမ်းတစ်လျှောက် စစ်တပ်က လုံခြုံရေးပေးနေရပြီး၊ တော်လှန်ရေးအင်အားစုများ၏ စစ်တပ်ကို ပစ်မှတ်ထား မိုင်းခွဲတိုက်ခိုက်မှုများ၊ ခြုံခိုတိုက်ခိုက်မှုများနှင့် ရင်ဆိုင် ကြုံတွေ့နေရသည်။
ကျန်တွင်းထွက်သယံဇာတ ၉မျိုး တင်သွင်းမှု စုစုပေါင်းတန်ဖိုးမှာ ဒေါ်လာ ၀.၉၄၀ ဘီလီယံ (သွင်းကုန်တန်ဖိုး စုစုပေါင်း ၏ ၄.၈၀ ရာခိုင်နှုန်းခန့်) ရှိသည်။ ထိုသတ္တုအမျိုးအစားများမှာ သံသတ္တုရိုင်း (Iron Ore) ၊ ခဲသတ္တုရိုင်း (Lead Ore) ၊ ဇင့်သတ္တုရိုင်း (Zinc Ore) ၊ သန့်စင်ကြေးနီချပ်များကို ဖြတ်တောက်ရာမှ ထွက်ရှိသော အပိုင်းအစ များ ပါဝင်သော စွန့်ပစ်ကြေးနီ (Copper Waste and Scrap) ၊ အဖိုးတန် သတ္တုများ (Precious Metals) ၊ အင်တီ မိုနီ သတ္တုရိုင်း (Antimony Ore) ၊ ကြေးနီသတ္တုရိုင်း (Copper Ore) ၊ အဖြိုက်နက်သတ္တုရိုင်း (Tungsten Ore) နှင့် Molybdenum သတ္တုရိုင်း တို့ဖြစ်သည်။
ထို့အပြင် ရခိုင်ကမ်းလွန် ရွှေသဘာဝဓာတ်ငွေ့သိုက်မှ သဘာဝဓာတ်ငွေ့ကို မြန်မာ-တရုတ် ဓာတ်ငွေ့ ပိုက်လိုင်း ဖြင့် ယူနန်ပြည်နယ်သို့ ဒေါ်လာ (၅.၃၅) ဘီလီယံကျော် (စုစုပေါင်းသွင်းကုန်တန်ဖိုး၏ ၂၇.၃၄ ရာခိုင်နှုန်းကျော်) တင်သွင်းခဲ့သည်။ သဘာဝဓာတ်ငွေ့ တင်ပို့မှုသည် ယနေ့အချိန်ထိ အနှောက်အယှက် ကင်းလျက်ရှိပြီး၊ နှစ်စဥ် တင်ပို့မှုတန်ဖိုးမှာ ပျှမ်းမျှ ဒေါ်လာ ၁.၄ ဘီလီယံကျော် ရှိနေသည်။
ယခုအခါ မြန်မာ-တရုတ် ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းများ ဖြတ်သန်းရာ ရခိုင်ပြည်နယ် အမ်းမြို့ကို သိမ်းပိုက်နိုင် ရန် အာရက္ခတပ်တော် (AA) သည် အကြီးအကျယ် ထိုးစစ်ဆင်နေပြီး၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) သည် စစ်တပ်၏ ဒုတိယမြောက် လက်လွှတ်ဆုံးရှုံးရမည့် တိုင်းစစ်ဌာနချုပ် ဖြစ်လာဖွယ် ရှိနေသည်။
မြန်မာ-တရုတ် ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းများကို တရုတ်အစိုးရသည် ထိပ်တန်းမဟာဗျူဟာမြောက် စီမံကိန်း အဖြစ် သတ်မှတ်ထားသောကြောင့် စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများ နှစ်ဖက်စလုံးမှ ယနေ့အချိန်ထိ ထိခိုက်အောင် မလုပ်ဆောင်ကြပါ။
သို့သော် ရခိုင်ပြည်နယ် မဒေးကျွန်းမှ ရှမ်းပြည်နယ်မြောက်ပိုင်း နမ်ခမ်းမြို့အထိ ကီလိုမီတာ ၇၀၀ ကျော် ရှည်လျားသော အဆိုပါ ပိုက်လိုင်းများ လုံခြုံရေးသည် ယခုအခါ အကြီးအကျယ် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ ပြီ ဖြစ်သည်။
ထိုအချက်ကို တရုတ်ဝန်ကြီးချုပ် လီချန်းနှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ မင်းအောင်လှိုင်နှင့် တွေ့ဆုံသည့် အခါ မြန်မာပြည်တွင်းရှိ တရုတ်ရင်းနှီးမြုပ်နှံမှု စီမံကိန်းများနှင့် ဝန်ထမ်းများ လုံခြုံရေးကိုအာမခံရန် ဖိအားပေး ခဲ့ခြင်း၊ အထူးသဖြင့် မြန်မာ-တရုတ် ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းများ လုံခြုံရေး အလေးထား ပြောဆိုခဲ့ခြင်းက သက်သေပြနေပါသည်။ အလားတူ တရုတ်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်းရေးအဖွဲ့များ ကိုလည်း ဖိအားပေးလိမ့်မည်ဟု ယုံကြည်ယူဆရသည်။
ပုံမှန်ကုန်သွယ်ရေး နှင့် နယ်စပ်ကုန်သွယ်ရေး ခွဲခြားလေ့လာခြင်း
မြန်မာ့တွင်းထွက်သယံဇာတ ၁၃မျိုးကို ပုံမှန် နှင့် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းနှစ်သွယ်ဖြင့် တရုတ်နိုင်ငံ သို့ တင်သွင်းခဲ့သည့် ကိန်းဂဏန်းများအား ခွဲခြား လေ့လာထားခြင်း ဖြစ်သည်။ အောက်တွင်ဖော်ပြထားသော ဂရပ်ဖ်တွင် ပုံမှန်ကုန်သွယ်ရေးသည် အမေရိကန်ဒေါ်လာ ၈.၈၄ ဘီလီယံ (သွင်းကုန်တန်ဖိုး စုစုပေါင်း၏ ၆၂ ရာခိုင်နှုန်း) ရှိပြီး၊ နယ်စပ်ကုန်သွယ်ရေးသည် ၅.၃၄ ဘီလီယံ (သွင်းကုန်တန်ဖိုး စုစုပေါင်း၏ ၃၈ ရာခိုင်နှုန်း) ရှိကြောင်း လေ့လာတွေ့ရှိရသည်။
တဖန် နှစ်အလိုက် သွင်းကုန်တန်းဖိုးများကို ခွဲခြားလေ့လာခဲ့ရာ ပုံမှန်ကုန်သွယ်ရေး တွင် ၂၀၂၁ ခုနှစ်၌ ဒေါ်လာ ၂.၁ ဘီလီယံ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၄.၇ ဘီလီယံကျော်အထိ နှစ်ဆကျော် မြင့်မားခဲ့သည်။ သို့ရာတွင် ၂၀၂၃ ခုနှစ်၌ ဒေါ်လာ ၁.၉ ဘီလီယံ ကျော်အထိ ထိုး၍ကျဆင်းခဲ့ပြီး၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ဒေါ်လာ ၆၃၁ သန်းအထိ ဆက်လက် ထိုး၍ကျဆင်းခဲ့သည်ကို လေ့လာတွေ့ရှိရသည်။
နယ်စပ်ကုန်သွယ်ရေးကို မြန်မာနှင့် နယ်စပ်တစ်လျှောက်ထိစပ်နေသော ယူနန်ပြည်နယ်နှင့် ဆောင်ရွက်လျက် ရှိရာ ၂၀၂၁ ခုနှစ် နှင့် ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၁.၂ ဘီလီယံ နှင့် ၁.၃ ဘီလီယံ အသီးသီးရှိခဲ့ရာမှ၊ ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၁.၉၄ ဘီလီယံအထိ မြင့်တတ်ခဲ့သည်။ သို့သော် ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ဒေါ်လာ ၉၂၃ သန်းအထိသာ ကုန်သွယ်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုတန်ဖိုး ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့သည်။
အထက်တွင်ဖော်ပြခဲ့သော တွင်းထွက်သယံဇာတများ အဓိကထွက်ရှိသော နယ်မြေများသည် ယခုအခါ စစ်တပ် ထိန်းချုပ်မှုအောက်မှ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်မှုအောက်သို့ ပြောင်းလဲ ရောက်ရှိသွားခြင်း၊ သို့မဟုတ် စစ်တပ်ထိန်းချုပ်မှုအောက်တွင် ရှိနေသေးသော်လည်း၊ သယံဇာတ တူးဖော် ထုတ်လုပ်သော နယ်မြေများသည် လုံခြုံရေးအားနည်းလာခြင်း စသည့် အကြောင်းတရားများကြောင့် ပုံမှန် နှင့် နယ်စပ်ကုန်သွယ်ရေး နှစ်မျိုးလုံးသည် ၂၀၂၄ ခုနှစ်တွင် သိသိသာသာ ကျဆင်းနေသည့် ကိန်းဂဏန်းများကို လေ့လာတွေ့ရှိရသည်။
ထိုကြောင့် တရုတ်အစိုးရသည် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့မူဝါဒကို ပထမဆုံးအကြိမ် နက်နက်ရှိုင်းရှိုင်း ပြန်လည်သုံးသပ်ခဲ့ပုံရပြီး၊ မြန်မာနိုင်ငံအတွင်းမှ တရုတ်စီမံကိန်းများသည် နိုင်ငံတော်အချင်းချင်း (State-to-State) ချုပ်ဆိုထားသော စာချုပ်များ ဖြစ်နေခြင်း၊ ထိုစာချုပ်များကို စစ်ရှုံးခေါင်းဆောင် မင်းအောင်လှိုင်၏ လက်ထဲတွင် ထိန်းချုပ်ထားခြင်း၊ တရုတ်၏ မြန်မာနိုင်ငံဆိုင်ရာ မူလ မူဝါဒရေးရာ ရှေ့ရှု့မှုတွင် မြန်မာစစ်တပ် ကို အစဥ်အလာအရ ၎င်း၏လောင်းရိပ်အောက်တွင် ထားရှိရန်လိုအပ်ခြင်း စသည်အကြောင်းချင်းရာများ အရ မြန်မာပြည်သူများ၏ဆန္ဒကို ဆန့်ကျင်ပြီး စစ်ရှုံးနေသော မင်းအောင်လှိုင်ကို ထောက်ခံရပ်တည်လိုက်ခြင်း ဖြစ် သည်။
ပြိုကျပျက်ဆီးလုနီး မြန်မာမူဝါဒ တစ်စုံကို ကယ်တင်ရန် တရုတ်၏ကြိုးပမ်းမှု
တရုတ်ခေါင်းဆောင်များသည် မြန်မာနိုင်ငံနှင့်စပ်လျဥ်းသော မူဝါဒများကို သီးသန့်ထုတ်ပြန်ခြင်းမျိုး၊ ပြုလုပ် လေ့မရှိကြဘဲ၊ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲများ၏ ထုတ်ပြန်ချက်များ အဖြစ်သာ တွေ့ရှိရတတ်သည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာ-တရုတ်ဆက်ဆံရေးကို ပြန်ကြည့်လျှင် တရုတ်ခေါင်းဆောင်အဆက်ဆက်၏ ထိပ်တန်းဦးစားပေး မြန်မာမူဝါဒမှာ “နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေး” နှင့် တရုတ်နိုင်ငံ၏ အခြားပြည်နယ် များနှင့်နှိုင်းယှဥ်လျှင် ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့သော ယူနန်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် “နှစ် နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး” ဆိုသည့် အပြန်အလှန်အားပြုထားသော မူဝါဒတစ်စုံ ကျင့်သုံး လျက်ရှိသည်ကို တွေ့ရမည် ဖြစ်သည်။
ထို့ကြောင့် မြန်မာ-တရုတ် နယ်စပ်ဒေသအခြေပြု လူမျိုးစု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ စစ်အစိုးရအကြား အပစ်အခက်ရပ်ဆဲရေးကို တရုတ်ခေါင်းဆောင်များက အစဥ်တစိုက် အားပြုကြိုးပမ်းနေခြင်း ဖြစ်ပြီး၊ ကြားဝင်စေ့စပ်ညှိနှိုင်းခြင်းတွင် ထဲထဲဝင်ဝင် ပြုလုပ်လေ့ ရှိသည်။ သို့မှသာ တရုတ်တို့အလိုရှိသော မြန်မာတွင်းထွက်သယံဇာတ ကုန်ကြမ်းများအပါအဝင် နယ်စပ်ဒေသစီးပွားရေးနှင့် ယခုနောက်ဆုံး ပိုးလမ်းမ စီမံကိန်း (Belt and Road Initiative – BRI) ကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။
သို့သော် ယခုအခါ တရုတ်ခေါင်းဆောင်အဆက်ဆက် အလေးထားဖော်ဆောင်ခဲ့သော မြန်မာမူဝါဒ တစ်စုံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းခဲ့မှုနှင့်အတူ ပေါ်ပေါက်လာသော မြန်မာပြည်သူတစ်ရပ် လုံး၏ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ငြိမ်းချမ်းစွာဆန္ဒပြပွဲများနှင့် နောက်ဆက်တွဲ လက်နက်ကိုင်တော်လှန် ရေးကြောင့် စိန်ခေါ်မှုများ ရှိလာခဲ့ရာမှ၊ ယခုအခါ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ တရုတ်နယ်စပ်မှ စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” ကြောင့် အလုံးစုံ ပြိုကျပျက်ဆီးသွားတော့မည့် အခြေအနေသို့ ဆိုက်ရောက် နေပြီ ဖြစ်သည်။
မျှခြေပျက်ယွင်းလာသော တရုတ်၏ နှစ်ဖက်ခွ ဆက်ဆံရေး
အထက်ပါ မြန်မာမူဝါဒ တစ်စုံကို အကောင်အထည်ဖော်ရာတွင် နှစ်ဖက်ခွ ချည်းကပ်နည်း (Two-pronged Approach) ကို တရုတ်ခေါင်းဆောင် အဆက်ဆက် ကျင့်သုံးခဲ့သည်။
ဆိုလိုရင်းမှာ နှစ်နိုင်ငံ သဘောတူညီမှုစာချုပ်များအရ ရေကြောင်းလမ်း နှင့် လေကြောင်းလမ်းများမှတစ်ဆင့် “ပုံမှန်ကုန်သွယ်ရေး” (Ordinary Trade) ဆောင်ရွက်သလို၊ နှစ်နိုင်ငံနယ်စပ် မျဥ်းတစ်လျှောက်ရှိ နယ်စပ်မြို့ များတွင် တရားဝင် “နယ်စပ်ကုန်သွယ်ရေး” (Border Trade) ဂိတ်များ ဖွင့်လှစ်၍ ဆောင်ရွက်ကြသည်။ အဆိုပါ လမ်းနှစ်သွယ် ကုန်သွယ်ရေးမှ မြန်မာအစိုးရအဆက်ဆက်သည် ကုန်သွယ်ခွန်များ ရရှိကြသည်။
သို့ရာတွင် မြန်မာအစိုးရ အုပ်ချုပ်ရေးမရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် နယ်စပ်ဒေသများတွင်လည်း တရုတ်အစိုးရသည် နှစ်ဖက် နယ်စပ်ဝင်/ထွက်ပေါက်များ ထားရှိပြီး သယံဇာတ ကုန်သွယ်ရေးကို လုပ်ဆောင်လျက်ရှိသည်။
အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်မှုအောက်ရှိ မြေရှား၊ ခဲမဖြူနှင့် အခြားသတ္တု သယံ ဇာတ ထွက်ရှိသော နယ်စပ်ဒေသများတွင် တရုတ်ကုမ္ပဏီများသည် အဆိုပါ တွင်းထွက်သယံဇာတများကို တိုက်ရိုက်ထုတ်ယူပြီး၊ နှစ်စဥ် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ယူနန်ပြည်နယ်သို့ တင်ပို့နေမှုသော နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများလည်း လုပ်ကိုင်ကြသည်။
အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထိန်းချုပ်ထားသည့် နယ်မြေတွင် တရုတ်ကုမ္ပဏီများ ဝင်ရောက် ရင်းနှီးမြုပ်နှံလုပ်ကိုင်နေသော နယ်စပ်စီးပွားရေးမှ မြန်မာအစိုးရအဆက်ဆက် မည်သည့်အခွန်ငွေမှ မရရှိဘဲ၊ ထိုစီးပွားရေးကို “တရားမဝင် ကုန်သွယ်ရေး” (Informal Trade) ဟု သတ်မှတ်ထားပြီး၊ အစိုးရ၏ နှစ်စဥ် ကုန်သွယ်ရေးမှ ရရှိသော အခွန်ဘဏ္ဍာ ကိန်းဂဏန်းများတွင် ထည့်သွင်းဖော်ပြခြင်း မရှိပါ။
သို့သော် တရုတ်အစိုးရကမူ မြန်မာဖက်မှ နယ်စပ်ဖြတ်ကျော် တင်သွင်းလာသော ကုန်ပစ္စည်းတိုင်းအတွက် အကောက်ခွန် ကောက်ခံရရှိခြင်းကြောင့်၊ တရုတ်ကုမ္ပဏီများ၏ မြန်မာအစိုးရနှင့် သဘောတူလုပ်ဆောင်သည် ဖြစ်စေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် သဘောတူလုပ်ဆောင်သည်ဖြစ်စေ တရုတ်အတွက် တရား ဝင် စီးပွားရေး ဖြစ်သည်။
ယင်းသည် တရုတ်အစိုးရ အစဥ်အဆက်ကျင့်သုံးလာသော “နှစ်ဖက်ခွ” မြန်မာမူဝါဒ ဖြစ်ပြီး၊ ထိုမူဝါဒကြောင့် နိုင်ငံအနှံ့ နယ်စပ်ဒေသပါမကျန် မြန်မာနိုင်ငံအနှံ့ရှိ တွင်းထွက်သယံဇာတများကို အကြားအလပ်မရှိ ထုတ်ယူ အကျိုးအမြတ်ရှာနိုင်သော အခွင့်အလမ်းကို ၁၉၈၈ ခုနှစ်မှ ယနေ့ ထိ နှစ်ပေါင်း ၃၅ နှစ်တိုင်တိုင် ရရှိခဲ့သည်။
ထို့ကြောင့် မြန်မာ-တရုတ်နယ်စပ်အခြေပြု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်ကြသော “ဝ” ပြည် UWSA၊ မိုင်းလား NDAA၊ ကိုးကန့် MNDAA နှင့် ကိုးကန့်ပြည်သူစစ်အဖွဲ့များ၊ တအာင်း TNLA၊ ကချင် KIA နှင့် ကချင်ခွဲထွက် စခုန်တိန့်ယိန်း၏ NDA-K အသွင်ပြောင်း ကချင်ပြည်သူစစ်အဖွဲ့ စသည့် အဖွဲ့များသည် တရုတ် နိုင်ငံနှင့် ကုန်သွယ်ရာမှ စီးပွားရေး နှင့် စစ်ရေးအင်အား တောင့်တင်းလာသည်။
ယင်းကို တရုတ်အစိုးရ၏ သွယ်ဝိုက်သော နည်းလမ်းမျိုးစုံဖြင့် ကူညီထောက်ပံ့မှုများအဖြစ် စစ်ကောင်စီဖက်က ရှု့မြင်သလို၊ နိုင်ငံတကာမှလည်း အဆိုပါအဖွဲ့များသည် တရုတ်ဩဇာလွှမ်းမိုးသောအဖွဲ့များ ဟု ရှု့မြင်သတ်မှတ် ခဲ့ကြသည်။
သို့ရာတွင် တရုတ်ခေါင်းဆောင်များသည် ထိုအဖွဲ့များ အသုံးပြုနေသော တရုတ်လက်နက်ခဲယမ်းများကို ၎င်းတို့ ထောက်ပံကူညီချင်းမဟုတ်ဘဲ မှောင်ခိုဈေးကွက်မှ ရရှိခြင်းသာဖြစ်ကြောင်း အစဥ်အဆက် ငြင်းဆိုခဲ့သည်။ ဥပမာ UWSA ပိုင်ဆိုင်ထားသော အပေါ့စား တရုတ်ထုတ် ရဟပ်ယာဥ်ငယ်များနှင့် ပခုံးထမ်း လေယာဥ်ပစ် ဒုံးကျည်များ ဖြစ်ပြီး၊ တရုတ်အစိုးရ ငြင်းဆိုရန်ခက်ခဲ့သော အထောက်အထားများ ဖြစ်နေသည်။
အခြားတစ်ဖက်တွင်လည်း ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်း အဓိက ရောင်းချခဲ့ သော နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သည်။ ယနေ့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများတွင် နှစ်ဖက်စလုံးမှ အဓိကအသုံးပြုနေသော လက်နက်ခဲယမ်းများမှာ တရုတ်နိုင်ငံထုတ် လက်နက် ခဲယမ်းများ အဓိက ဖြစ်သည်။
ထိုအချက်က သက်သေခံနေသည်မှာ မင်းအောင်လှိုင်၏ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော မြန်မာ ပြည်တွင်းစစ် နောက်ကွယ်တွင် တရုတ်နိုင်ငံသည် ကြီးကြီးမားမား ပါဝင်ပတ်သက်နေခဲ့ပြီး၊ ယခုအခါ ၎င်းတို့၏ နှစ်ဖက်ခွ ဆက်ဆံရေး “မျှခြေပျက်ယွင်းမှု” ကို ဆိုးဆိုးရွားရွား ရင်ဆိုင်လာရပြီး၊ ထိုဆက်ဆံရေးအပေါ် တည် ဆောက်ခဲ့သော တရုတ်၏ မြန်မာနိုင်ငံအတွင်းမှ အကျိုးစီးပွားများပါ ပျက်သုန်းရတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရခြင်းကို တရုတ်ခေါင်းဆောင်များ ခံစားသိမြင်လာခြင်း ဖြစ်သည်။ ထို့ကြောင့် စစ်ရှုံးခေါင်းဆောင် မင်းအောင်လှိုင် ကို အသက်ရှုပေါက်ရစေရန် ကူညီလာခြင်း ဖြစ်သည်။
တရုတ်၏ ပြိုကျပျက်စီးလုနီး မြန်မာမူဝါဒ တစ်စုံ
နှစ်ပေါင်း ၃၅ နှစ်ကြာ ကျင့်သုံးလာခဲ့သော တရုတ်၏ “နှစ်ဖက်ခွ” ဆက်ဆံရေး အကျပ်တည်းဆုံး အချိန်ကာလ ကို ကြုံတွေ့နေရသော တရုတ်ခေါင်းဆောင်များသည် ပြန်လည်ပြင်ဆင်သည့် မူဝါဒအရွေ့ကို ပထမဆုံးအကြိမ် စတင် လုပ်ဆောင်လာရသည်။
အဆိုပါ ပြန်လည်ပြင်ဆင်လာသော မူဝါဒအရွေ့မှာ မြန်မာနယ်စပ်တစ်လျှောက် ကုန်သွယ်ရေးဂိတ်စခန်းများ အားလုံးကို တစ်ဖက်သတ် ပိတ်ခဲ့ရပြီး၊ စစ်တပ်ကို တော်လှန်တိုက်ခိုက်နေသော KIA ၊ TNLA ၊ MNDAA နှင့် ၎င်းတို့၏ ညီနောင်မဟာမိတ်များဖြစ်သော UWSA နှင့် NDAA တို့ကိုပါမကျန် ဖိအားပေးသည့်အနေဖြင့် “ဖြတ် ၅ ဖြတ်” (လျှပ်စစ်မီး၊ ရေ၊ အင်တာနက်ဆက်သွယ်ရေး၊ လူဝင်လူထွက်၊ လောင်စာဆီနှင့် ဆေးဝါးအပါအဝင် လူသုံးကုန်ပစ္စည်းများ) ပိတ်ဆို့အရေးယူမှု ပြုလုပ်နေသည်။
စင်စစ် ရှမ်းမြောက်က စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” နှင့် ကချင်ပြည်နယ်တွင် ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့က စတင်ခဲ့သော “၀၃၀၇ စစ်ဆင်ရေး” များကြောင့် ကချင်နှင့် ရှမ်းမြောက် မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေးဂိတ်များအားလုံးနီးပါးနှင့် နယ်စပ်ဒေသတစ်လျှောက်မှ စစ်တပ်အခြေစိုက်စခန်းများအားလုံးကို တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များက ချေမှုန်းတိုက်ထုတ်လိုက်ပြီးနောက် တရုတ်၏ “ဖြတ် ၅ဖြတ်” ပိတ်ဆို့ မှု စတင်ခဲ့ခြင်း ဖြစ်သည်။
အနောက်နိုင်ငံများ၏ နိုင်ငံတစ်ခုအပေါ် ပစ်မှတ်ထား စီးပွားရေးအရေးယူပိတ်ဆို့မှုများကို အစဥ်အဆက် ဆန့် ကျင်ခဲ့သော တရုတ်ခေါင်းဆောင်များ၏ “ဖြတ် ၅ဖြတ်” က လူသားချင်းစာနာမှု အကင်းမဲ့ဆုံး လုပ်ရပ်ဖြစ်ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းက သာမန်ပြည်သူ သိန်းပေါင်းများစွာ အသက်ရှင်သန်ရပ်တည် ရေးကို ကြီးကြီးမားမား ခြိမ်းခြောက်လျက်ရှိပြီး၊ ယင်းသည် မြန်မာပြည်သူများကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူ မှုပင် ဖြစ်သည်။ ယင်းလုပ်ရပ်သည် နှစ်နိုင်ငံ ပြည်သူများအကြား သမိုင်းဆိုင်ရာ အမှတ်သညာ အဖြစ် ကျန်ရှိနေ ပါလိမ့်မည်။
တရုတ်ခေါင်းဆောင်များ၏ “ဖြတ် ၅ဖြတ်” ပိတ်ဆို့မှုသည် မြန်မာနိုင်ငံရှိ တရုတ်အကျိုးစီးပွားများ လုံခြုံရေး အာမခံချက် ကင်းမဲ့သွားခြင်းနှင့် ဆုံးရှုံးနစ်နာနိုင်ခြေ အမြင့်မားဆုံးအခြေအနေကို ဖော်ပြသော အရိပ်လက္ခဏာ ပင် ဖြစ်သည်။ အကယ်၍ မြန်မာ-တရုတ် နယ်စပ်အခြေပြု တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့ များ ညီညွတ်စွာဖြင့် တရုတ်၏ “ဖြတ် ၅ဖြတ်” ကို ခုခံရင်ဆိုင်များဆိုလျှင် အချိန်ကာလ ကြာမြင့်လာသည်နှင့် အမျှ တရုတ်ဖက်က ဆုံးရှုံးနစ်နာမှုသည် မခန့်မှန်းနိုင်လောက်အောင် ကြီးမာလိမ့်မည် ဖြစ်သည်။
တစ်နည်းအားဖြင့် “ဖြတ် ၅ဖြတ်” သည် မြန်မာ-တရုတ်နယ်စပ်အခြေပြု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကို ဖိအားပေးရန် ရည်ရွယ်သော်လည်း၊ ယင်းသည် “နှစ်ဖက်သွား ဓါး” ပမာ၊ တရုတ်ကိုပါ ထိရှ စေပါလိမ့်မည်။
ထိုအချက်ကို မြန်မာ-တရုတ်နယ်စပ်ဒေသတွင် တရုတ်ကုမ္ပဏီများ အဓိက ရင်းနှီးမြုပ်နှံလုပ်ကိုင်နေသော တွင်း ထွက်သယံဇာတ တူးဖော်ထုတ်ယူရေးအကျိုးစီးပွား မည်မျှကြီးမားကြောင့် သယံဇာတကုန်သွယ်မှု ကိန်းဂဏန်း အချက်အလက်များကို လေ့လာဖော်ထုတ်ပြီး သုံးသပ်တင်ပြလိုက်ရပါသည်။