စစ်ကောင်စီတပ်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း အထိနာနေလင့်ကစား အုပ်စုနှစ်စုခွဲကာ ကျေးရွာများကို ၅ ရက်ကြာ ဆက်လက် စစ်ကြောင်းထိုးနေသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲ ပြင်းထန်နေသည်။
မန္တလေးမြို့မှ လာသည့် အင်အား ၇၀ ဝန်းကျင်ပါ စစ်ကြောင်းသည် မတ္တရာမြို့နယ် အနောက်ခြမ်းရှိ တော်လှန်ရေးတပ်ဖွဲ့များအထိုင်ချထားသည့် ဧရာဝတီမြစ်ကမ်းဘေးရှိ သဖန်းဒေါက် ကျေးရွာနှင့် ဆောက်ခြုံပေါက်ကျေးရွာတို့ကို စီးနင်းခဲ့သည်။
တစ်ပြိုင်တည်းမှာပင် မတ္တရာမြို့ပေါ်မှ ထွက်လာသည့် အင်အား ၁၅၀ ကျော်ခန့် ပါဝင်သော စစ်ကြောင်းက မတ္တရာအနောက်မြောက်ဘက် တော်လှန်ရေးတပ်ဖွဲ့များအခြေပြုသည့် မြွေတလှိုင်း၊ ဥဒိန်၊ သူဌေးကုန်း၊ ရှင်လှ၊ ပိုဝ စသော ကျေးရွာတို့ကို စီးနင်းတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
“သဖန်းဒေါက်နဲ့ဆောက်ခြုံပေါက်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိုင်ထားတာ။ အဲဒီဆောက်ခြုံပေါက်နဲ့ ရွှေ ချောင်းရွာဆိုတာကတော့ လယ်ကွက်တွေပဲခြားပြီး (ရွှေချောင်းရွာက) စစ်ကောင်စီအခြေတည်တဲ့ရွာ ဆိုတော့ မန္တလေး ဘက်က လာတဲ့စစ်ကြောင်းက ရွှေချောင်းက သူတို့လူတွေနဲ့ပေါင်းပြီး သဖန်းဒေါက်တို့၊ ဆောက်ခြုံပေါက် တို့ကို ဝင်တိုက်တာ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်း မြစ်တစ်ဦးက ပြောသည်။
မန္တလေးမြို့မြောက်ဘက် ၅ မိုင်ခန့်သာ ကွာဝေးသည့် သဖန်းဒေါင့်၊ ငယ်တိုး၊ ဆောက်ခြုံပေါက်၊ အောက်တောင်ကိုင်း စသည့် မြစ်ရိုးတလျှောက် ရွာများတွင် နိုဝင်ဘာ ၁၇ ရက်နေ့ နံနက် ၃ နာရီခန့်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။
ထိုနေ့က မန္တလေးမှ စစ်သင်္ဘောနှစ်စီး စစ်ကိုင်းဘက်အခြမ်း မင်းကွန်းမြို့အနီး ဆိုက်ကပ်ကာ မြစ်တစ်ဖက် ကမ်း မတ္တရာဘက် အထက်ပါကျေးရွာများကို ပစ်ခတ်ခဲ့သည်။ ညနေပိုင်းတွင်လည်း လေကြောင်းမှ ပစ်ကူ ခဲ့သေးသည်။
ထိုနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၂ ဦး သေဆုံးကြောင်း PDF က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
ဗိုလ်မှူးကျော်ဇေယျ ဦးစီးသည့် အင်အား ၇၀ ကျော်ပါ စစ်ကြောင်းကို သဖန်း ဒေါက်ရွာနှင့် ကပ်လျက် ဆောက်ခြုံပေါက်ရွာအနီး တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
သေနတ် ၉ လက်၊ RPG ၈ လုံး၊ ၆၀မမ ဗုံးသီး ၅ လုံး၊ အီနာဂါ ဗုံးသီး ၅ လုံး၊ ကျည် ၃၅၁ တောင့် သိမ်းဆည်းရခဲ့ကြောင်း ဖော်ပြထားသည်။
ထိခိုက်မှုပမာဏကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်တပ်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်တပ်၏ ပြီးခဲ့သည့် ၇ ရက် တရားဝင်ထုတ်ပြန်ချက်များတွင်လည်း မတ္တရာမြို့ စစ်ရေးအခြေအနေကို ဖော်ပြထားခြင်း မရှိပေ။
မတ္တရာဘက်မှထွက်လာသည့် စစ်ကြောင်းကလည်း မတ္တရာမြို့အနောက်မြောက်ပိုင်း မြစ်ရိုးတလျှောက် ကျေးရွာများကို နေ့စဉ် ဝင်ရောက် အကြမ်းဖက်နေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ယနေ့ (နိုဝင်ဘာ ၂၂) နေ့လယ်ပိုင်းတွင် ပြောသည်။
“မတ္တရာဘက်က လာတဲ့ စစ်ကြောင်းက ၅ ရက်ဆက်ပြီး ဒီနေ့မနက်အထိ ရွာတွေကို ဝင်နေတယ်။ မြွေ တလှိုင်းနဲ့ ဥဒိန်ရွာကတော့ ပေးလိုက်ရပြီ။ လက်ရှိ ဥဒိန်ရွာကို စစ်ကောင်စီ ထိုင်ထားပြီး စက်လှေတွေ သိမ်းတယ်။ အိမ်တွေ မီးရှို့တယ်။ လူတွေ ဖမ်းသတ်တယ်”ဟု ၎င်းက ဆိုသည်။
”ဒီနေ့မနက်တော့ ဥဒိန်ရွာဘေးက သူဌေးကုန်းရွာကို ဝင်နေတယ် ပြောတယ်။ ရိက္ခာအတွက် ပစ္စည်းတွေ ယူတယ်။ အဲဒီဘက်က အခြေအနေတော့ မကောင်းဘူး။ (တော်လှန်ရေးတပ်များအခြေပြုတဲ့) ရွာတွေ ထပ်ပြီးပေးရဦးမယ် ထင်တယ်”
တိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး အသေးစိတ်အခြေအနေသိရှိရန် မတ္တရာမြို့နယ်ပကဖအပါအဝင် တော်လှန်ရေးအဖွဲ့များထံ Myanmar Now က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF) သတင်းတာဝန်ခံ ကိုအော်စမွန်က မတ္တရာမြို့နယ် အနောက်ပိုင်းတိုက်ပွဲများဖြစ်ပွားလျက်ရှိနေပြီး အခြေအနေအသေးစိတ်မသိရသေးကြောင်း ပြီးခဲ့သည့် ရက်များက ပြောထားသည်။
မန္တလေးဒေသမြေပြင်အခြေအနေများကို စုံစမ်းဖော်ပြနေသည့် Voice Of Mandalay (Vomdy) ကင်းထောက် အဖွဲ့ ကလည်း မတ္တရာမြို့နယ်အနောက်ပိုင်းအတွင်း စစ်ကောင်စီစစ်ကြောင်းထိုးမှုများကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ပြောသည်။
“PDF တွေက မန္တလေးနဲ့မတ္တရာကြားကို ဖြတ်ထိုင်ထားတာပေါ့။ စစ်ကောင်စီက နည်းနည်းချင်း ပြန်တိုက် ယူနေတာ။ လေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုလုပ်လာတယ်။ အခု မနက်ပိုင်းတင် ၄ကြိမ်ရှိပြီ”ဟု ကင်းထောက်အဖွဲ့က တစ်ဦးက ဆိုသည်။
ယခုနှစ် ဇွန်၂၅ ရက်မှစတင်ကာ MDY-PDF နှင့်မဟာမိတ်တပ်များက မတ္တရာဒေသအတွင်း ထိုးစစ်ဆင်ခဲ့ပြီး မတ္တရာမြို့နယ်တွင် စစ် စခန်း၃၂ ခု သိမ်းပိုက်ရရှိခဲ့သည်။
အလားတူ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် Alpha ဘိလပ်မြေစက်ရုံရှိကင်းစခန်း၊စစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီး ချုပ်ဟောင်းဦးမောင်ကို ပိုင်ဆိုင်သည့်ရွှေတွင်းတို့ အပါအဝင် စခန်း ၃ ခု ရရှိထား သည်။
လက်ရှိတွင် မတ္တရာမြို့အရှေ့ပိုင်းတွင် တိုက်ပွဲများရပ်တန့်နေပြီး အနောက်ခြမ်းတွင်သာ စစ်ကောင်စီ ထိုးစစ်ကြောင့် တိုက်ပွဲများ ပြင်းထန်နေသည်ဟု ပုသိမ်ကြီးမြို့နယ်နေထိုင်သူ အသက် ၆၀ အရွယ် အမျိုးသား တစ်ဦးက ပြောသည်။
“မတ္တရာအရှေ့ပိုင်းမှာတော့ ခုတလောအတော်ငြိမ်နေတယ်။ လေကြောင်းလည်းမလာဘူး။ အနောက်ပိုင်း သဖန်းဒေါက်ဖက်မှာတော့ တဂျိမ်းဂျိမ်းပဲ၊ ချနေသံတွေကြားရတယ်”ဟု ယင်းက ဆိုသည်။
မတ္တရာထိုးစစ်ကို စက်တင်ဘာလအတွင်း သုံးဆယ်ပေးကျေးရွာကို တိုက်ခိုက်သိမ်းပိုက်ပြီး ထိုရွာ အထက် ဘက်သို့ စစ်ကောင်စီက တိုက်ခိုက်လာသည်။
မတ္တရာမြို့မြောက်ဘက်ရှိ စဉ့်ကူးမြို့ပေါ်နှင့် တစ်မြို့နယ်လုံး၊ သပိတ်ကျင်းမြို့ပေါ်၊ တကောင်းမြို့တို့ကို MDY-PDF နှင့် အမှတ် (၁) စစ်ဒေသတို့က သိမ်းယူထားရာ စစ်ကောင်စီသည် မတ္တရာနယ်ဘက် ကျေးရွာများ မှတဆင့် ထိုးဖောက်ဝင်ရောက်ရောက်လာသည်ဟု ယူဆရသည်။
တော်လှန်ရေးအင်အားစုက သပိတ်ကျင်းမြို့နယ်တွင် မြို့ပေါ်ကို သိမ်းနိုင်သော်လည်း ၇ မိုင်ကျေးရွာ စစ်စခန်း၊ အမှတ် (၁၃) လေ့ကျင့် ရေးတပ်၊ လျှပ်စစ်အင်ဂျင်နီယာတပ် ၃ ခု ကျန်ရှိနေရာ တိုက်ပွဲများ ဆက်ရှိနေသေးသည်။
ထိုနေရာများကို တော်လှန်ရေးတပ်များက ဆက်လက်ပိတ်ဆို့တိုက်ခိုက်နေသည်ဟု ပြည်သူ့လွတ်မြောက် ရေးတပ်မတော်(PLA) ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို နိုဝင်ဘာ ၁၉ ရက်နေ့က ပြောထားသည်။
“ကျွန်မတို့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝိုင်းဝန်းပိတ်ဆို့ထားတာ ၃လရှိပါပြီ။ သူတို့ဘက်က လေယာဉ် နဲ့ ရိက္ခာပို့တာတွေ၊ လူတွေ၊ လက်နက်တွေ ဖြည့်တင်းတာတွေ လုပ်တာရှိပါတယ်” ဟု PLA ပြန်ကြားရေး တာဝန်ခံ အမျိုးသမီးက ဆိုသည်။
သပိတ်ကျင်းမြို့နယ်တွင် PLA တိုက်ခိုက်သိမ်းပိုက်ထားသည်မှာ ၃ လကြာ ရှိပြီဖြစ်သည့် တွင်းငယ်ကျေးရွာကို နိုဝင်ဘာ ၁၆ ရက် နံနက် ၃ နာရီက စစ်ကြောင်းထိုးခဲ့သည်၊ နံနက် ၈ နာရီခန့်တွင် စစ်လေယာဉ် လာရောက် ဗုံးကြဲမှုကြောင့် ကပ်လျက်ကျေးရွာမှ အသက် ၆ နှစ်သမီး နှင့် ၃၀ အရွယ် မိခင် တို့ သေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။
မန္တလေးတိုင်းအတွင်း တိုက်ပွဲများမှာ မန္တလေးမြို့ဝန်းကျင်တွင် ဖြစ်ပွားနေခြင်းဖြစ်သည်၊ သို့သော်လည်း မြို့သိမ်းရေးစီမံချက်ဖြင့် ထိုးစစ်ဆင်ခဲ့သော ရှမ်းမြောက်ဒေသ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုကို တရုတ်အစိုးရက ဖိအားပေးကာ ထိုးစစ်ရပ်ရန် တောင်းဆိုထားသဖြင့် တိုက်ပွဲများ မန္တလေးမြို့သို့ ကူးစက်ရန် အလားအလာ နည်းပါးနေသည်။