ylliX - Online Advertising Network
တရုတ်နယ်စပ် ကုန်သွယ်ဂိတ်စီမံခန့်ခွဲအုပ်ချုပ်မှု စစ်ကောင်စီကို တရုတ်အားပေးဟု စစ်ခေါင်းဆောင်ပြော - သျှမ်းသံတော်ဆင့်

တရုတ်နယ်စပ် ကုန်သွယ်ဂိတ်စီမံခန့်ခွဲအုပ်ချုပ်မှု စစ်ကောင်စီကို တရုတ်အားပေးဟု စစ်ခေါင်းဆောင်ပြော – သျှမ်းသံတော်ဆင့်


တရုတ်-မြန်မာနယ်စပ်တလျှောက် ကုန်သွယ်ရေးဂိတ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ စီမံခန့်ခွဲအုပ်ချုပ်မှုကို တရုတ်နိုင်ငံအနေဖြင့် အားပေးကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ယမန်နေ့ (နိုဝင်ဘာလ ၁၉ ရက်) နေပြည်တော်တွင် ပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလဆန်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် Mr. Li Qiang နှင့် သီးခြားတွေ့ဆုံခဲ့စဉ် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေနှင့် ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးပြောကြားခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ချက်များကို တရုတ်နိုင်ငံဘက်က အမြဲထောက်ခံ အားပေးနေကြောင်း၊ တရုတ်-မြန်မာနယ်စပ်ဒေသ ကုန်သွယ်ရေးဂိတ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီမှ စီမံခန့်ခွဲအုပ်ချုပ်မှုများကို တရုတ်နိုင်ငံအနေဖြင့် အားပေးကြောင်း ပြောဆိုခဲ့ခြင်းသည် တရုတ်နိုင်ငံက စစ်ကောင်စီ၏ ဆောင်ရွက်ချက်များအပေါ် ပြတ်ပြတ်သားသား ရပ်တည်သည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

ထို့အပြင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ တရုတ်နိုင်ငံမှ လိုအပ်သည့် ကူညီမှုများ ထောက်ပံ့ပေးမည့်အပြင် သန်းခေါင်စာရင်း ကောက်ယူမှုတွင်လည်း ကူညီဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထပ်လောင်းပြောသည်။

လက်ရှိတွင် ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုအဖြစ် သန်းခေါင်စာရင်း ကောက်ယူခြင်းကို နိုင်ငံလူဦးရေ (၆၃) ရာခိုင်နှုန်းကျော်သာ ကောက်ယူနိုင်ခဲ့ပြီး ကျန်ရှိနေသည့် နေရာများ၌ ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် ကောက်ယူနိုင်မည်ဟု ခန့်မှန်းထားကြောင်း ဆိုသည်။

ထို့အပြင် လွှတ်တော်အတွင်း တိုင်းရင်းသားနှင့် လူတန်းစား အလွှာများကို ကိုယ်စားပြုသူ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာရန် အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို အမျိုးသားလွှတ်တော်အပြင် ပြည်နယ်နှင့် တိုင်းများတွင်လည်း ဖော်ဆောင်နိုင်ရန် ဆောင်ရွက်နေကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။

The post တရုတ်နယ်စပ် ကုန်သွယ်ဂိတ်စီမံခန့်ခွဲအုပ်ချုပ်မှု စစ်ကောင်စီကို တရုတ်အားပေးဟု စစ်ခေါင်းဆောင်ပြော appeared first on သျှမ်းသံတော်ဆင့်.



Source link

Leave a Reply

Your email address will not be published. Required fields are marked *