ရခိုင်ပြည် တောင်ကုတ်မြို့ထဲတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး တောင်ကုတ်တက္ကသိုလ်ကို AA ထိန်းချုပ်ပြီးနောက် တိုက်ပွဲ ပိုမိုပြင်းထန်လာကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လလယ်ကစပြီး တောင်ကုတ်မြို့နယ် နေပူတောင်တိုက်ပွဲ၊ တောင်ကုတ်-သံတွဲကား လမ်းပိုင်းအချို့တွင် တိုက်ပွဲဖြစ်ပွားခြင်းနှင့် တောင်ကုတ်မြို့အား AA က ဝိုင်းရံပိတ်ဆို့ထားခြင်းကြောင့် စစ်ကောင်စီတပ်သည် တောင်ကုတ်တက္ကသိုလ်ထဲ နေရာယူတပ်စွဲခဲ့သည်။
သို့သော်လည်း အောက်တိုဘာလ နောက်ဆုံးအပတ် AA ထိုးစစ်အရှိန်မြှင့်တင် တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ ပထမအပတ်အတွင်းမှာ တောင်ကုတ်တက္ကသိုလ်ထဲက စစ်ကောင်စီတပ်ရင်းမှာ ဆုတ်ခွာပေးလိုက်ရပြီး လက်ရှိတွင် တောင်ကုတ်တက္ကသိုလ်က AA ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း မြို့ခံသတင်းရင်းမြစ်က ပြောသည်။
“တောင်ကုတ်တက္ကသိုလ်ကို သိမ်းလိုက်တာက ရက်ပိုင်းလောက်ရှိနေပါပြီ။ တိုက်ပွဲက အခု ကိုင်းရှည်ရပ်ကွက်ကျော်ပြီး မြို့လယ်ကို ရောက်သွားပြီ။ တောင်ကုတ်တက္ကသိုလ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီတပ်စွဲခဲ့တာ။ လက်နက်ကြီးတွေ တပ်ဆင်ထားတဲ့အထိ အထိုင်ချခဲ့တာဖြစ်ပါတယ်။ အခုတော့ AA က ထိန်းချုပ်လိုက်ပြီပေါ့” ဟု ပြောသည်။
လက်ရှိ အာရက္ခတပ်တော် AA ၏ ထိုးစစ်မှာ တောင်ကုတ်တပ်မ စကခ ၅ ကို အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အခြားသော ထောက်ပို့တပ်၊ ခမရ ၅၄၄ တပ်ရင်းနှင့် ခမရ ၃၄၆ တပ်ရင်းတို့ကိုလည်း ကြားညှပ် တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“အနေ့ကတောင် တောင်ကုတ်မြို့ထဲ ၅ နေရာလောက်မှာ တိုက်ပွဲဖြစ်ကြတယ်။ အခု AA က တောင်ကုတ်တပ်မ စကခ ၅ ကို ထိုးစစ် ပြင်းပြင်းထန်ထန် ဆင်နေပါတယ်။ တပ်မအနီး၊ သံတွဲလမ်းခွဆုံ၊ KBZ ဘဏ်အနီး အမ်းလမ်းမ၊ သိမ်တောင်ရပ်ကွက် အောင်ချမ်းလမ်း၊ ရဲစခန်းအနီးမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ မြို့တစ်ဝက်လောက်ကို AA က သိမ်းပိုက်လိုက်ပြီလို့လည်း ပြောလို့ရပါတယ်။ စစ်ကောင်စီ လေယာဉ်ကတော့ တောက်လျှောက် ဗုံးကြဲနေတာပဲ” ဟု ပြောသည်။
နှစ်ဖက်တိုက်ပွဲများကြောင့် တောင်ကုတ်မြို့ထဲ ပိတ်မနေသော အရပ်သားပြည်သူ ၆ သောင်းကျော်မှာ နိုဝင်ဘာလ ၅ ရက်နေ့အထိ မြို့ထဲက ထွက်မရောက်ကြဘဲရှိနေကြ၍ ယခုရက်ပိုင်းအတွင်း AA က ထိုးစစ်ရပ်နားကာ ပိတ်မိနေသူများအား မြို့ပြင်ထွက်ခွာခွင့်ပေးခဲ့ကြောင်း သိရသည်။
သို့သော်လည်း ယမန်နေ့ နိုဝင်ဘာလ ၁၉ နေ့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့၍ အနည်းစုသာ မြို့ပြင်ထွက်ခွာခွင့်ရရှိခဲ့ပြီး အရေအတွက် အတိအကျမသိရသော်လည်း ၄ သောင်းထက်မနည်း မြို့ထဲတွင် ကျန်ရှိနေအုံးမည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“တိုက်ပွဲက ပြန်စလာတော့ ထွက်ခွာမရဘဲ ဆက်လက် ပိတ်မိနေကြပါတယ်။ လုံခြုံမှုမရှိတာကတော့ ၁၀၀ ရာခိုင်နှုန်း အပြည့်ပါပဲ၊ ကံကောင်းရင် အသက်ရှင်ပါမယ်။ မနေ့ကတောင် KBZ ဘဏ် အနီး တိုက်ပွဲကြောင့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက သေဆုံးသွားတယ်။ ပြီးတော့ အစားအသောက်က အရေးကြီးတယ်။ ငတ်တဲ့သူကငတ် အစာအခြောက် သိမ်းထားတဲ့သူကတော့ စားရမယ်ပေါ့။ အကုန်လုံးက တစ်စုတည်း ပုန်းခိုနေကြတာမဟုတ်ဘူး။ အကုန်လုံးက ဘေးကင်းမယ်ထင်တဲ့ နေရာတွေမှာ ပြန့်ကြဲပြီး ပုန်းခိုနေရပါတယ်” ဟု ပြောသည်။
တောင်ကုတ်မြို့ထဲက လူနေအိမ်အချို့မှာ စစ်ကောင်စီဗုံးကြဲမှုကြောင့် မီးလောင်ပျက်စီးဆုံးရှုံးမှုရှိသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှို့မီးကြောင့်လည်း လူနေအိမ်အများအပြား မီးလောင်ပျက်စီးသွားပြီဟု သိရသည်။
တောင်ကုတ်-သံတွဲကားလမ်းဘေးရှိ ကမ်းဒဲကျေးရွာကိုလည်း စစ်ကောင်စီက ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ်အများအပြား မီးလောင်ပျက်စီးဆုံးရှုံးသွားကြောင်းနှင့် ဒုံကျေးရွာအနီးက သံချေးကိုင်းကျေးရွာကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းရင်းမြစ်များက ပြောဆိုကြသည်။
The post တောင်ကုတ်တက္ကသိုလ်ကို AA ထိန်းချုပ်ပြီးနောက် မြို့တွင်းတိုက်ပွဲ ပိုမိုပြင်းထန်လာပြီး ပိတ်မိအရပ်သား အများအပြား ထွက်မရောက်ဖြစ်နေ appeared first on Western News.