ylliX - Online Advertising Network
နောင်ချိုမြို့တောင်ဘက်သို့ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းကို TNLA နှင့် MDY-PDF ပူးပေါင်းခုခံနေ - Myanmar Now

နောင်ချိုမြို့တောင်ဘက်သို့ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းကို TNLA နှင့် MDY-PDF ပူးပေါင်းခုခံနေ – Myanmar Now


စစ်ဗိုလ်ချုပ်ကြီးအချို့နေထိုင်ရာနှင့် စစ်တက္ကသိုလ်ရှိရာ ပြင်ဦးလွင်မြို့နှင့် ၂၁ မိုင်သာဝေးသည့် ရှမ်းပြည်မြောက်ပိုင် နောင်ချိုမြို့နယ်အတွင်း တအာင်းလွတ်မြောက်ရေးတပ် (TNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့( နိုဝင်ဘာ ၁၉ ရက်) တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

နောင်ချိုမြို့နယ်၏တောင်ဘက် ရေဝင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ရာသို့ ပြင်ဦးလွင်မြို့ပြင်တွင် တပ်စွဲထားသည့် စစ်ကောင်စီပတ်၏ ဝက်ဝံဂိတ်မှ လက်နက်ကြီးများ ပစ်ကူပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။

“သူတို့(စစ်ကောင်စီ) ထိုးတက်လာလို့ ရေဝင်မှာ တိုက်ပွဲဖြစ်နေတာရှိတယ်။ မနေ့က အချိန်တော်တော်ကြာကြာ တိုက်ပွဲဖြစ်တယ်။ အသေးစိတ်အခြေအနေတော့ မသိရသေးဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။

နိုဝင်ဘာ၁၈ ရက်နှင့် ၁၉ရက် များတွင်လည်း နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာ အင်းဝိုင်းအမှတ်(၃) ဆင်းရွှေလီသကြားစက်ရုံအနီးသို့ စစ်ကောင်စီတပ်က နှစ်ရက်ဆက် ဗုံးကြဲသဖြင့် ရွာခံအမျိုးသားတစ်ဦး ထိမှန်သေဆုံးကာ စက်ရုံဂိုဒေါင်နှင့် အဆောက်အဦး အချို့ ပျက်စီးသွားသည်။

နိုဝင်ဘာ ၁၆နေ့တွင်လည်း နောင်ချိုမြို့နယ် လုံးစံကျေးရွာကို စစ်ကောင်စီက ဗုံးကြဲရာ အသက် ၁၂နှစ် အရွယ် ကလေးတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်။ နိုဝင်ဘာ ၁၂ ရက်ကလည်း နောင်ချိုမြို့မဈေးရပ်ကွက် ဗုံးကြဲခံရပြီး ဒေသခံ ၁၁ ဦး သေဆုံးသွားသည်ဟု TNLA က ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားရာ နောင်ချိုမြို့နယ် ရေဝင်ကျေးရွာအနီး၂မိုင်ကျော်အကွာ ဘန့်ဘွေးကျေးရွာသို့ စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၂၀) နေ့လယ်ပိုင်းတွင် အင်အား၇၀ ခန့်ပါဝင်သည့် ကားသုံးစီးဖြင့် သွားရောက်အင်အားဖြည့်ပြီး မန္တလေး−ပြင်ဦးလွင် လမ်းပိုင်းကိုလည်း လုံခြုံရေးတင်းကြပ်ထားသည်ဟု ဒေသခံများကဆိုသည်။

နောင်ချိုမြို့မှ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့သို့ သွားရာလမ်းနှင့် နောင်ချိုမြို့မှ ပြင်ဦးလွင်မြို့သို့ သွားရာလမ်းတွင်ရှိသည့် ကျေးရွာများတွင်လည်း စစ်ကောင်စီတပ်နှင့် TNLA တို့ စစ်ရေးတင်းမာနေသည်ဟု TNLAနှင့်နီးစပ်သူ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

“ရက်ပိုင်းအတွင်း စစ်ကောင်စီအနေနဲ့ ထိုးစစ်အကြီးအကျယ် စမယ်လို့တော့ကြားတယ်။ အခုသူတို့ မန္တလေးတိုင်းနဲ့နေပြည်တော်မှာ ဒရုန်းလေ့ကျင့်ပျံသန်းမှုတွေ လုပ်နေတာကြားရတယ်။ ဒါ့ကြောင့်သူတို့က ပြင်ဦးလွင်နယ်တကြောရယ် တောင်ခမ်းတကြောရယ်ကို ထွက်ထွက်ပြီး ရန်စနေတဲ့အနေအထားမှာရှိတယ်”ဟု ၎င်းကဆိုသည်။

တိုက်ပွဲဖြစ်ရာနေရာများနှင့် နီးကပ်လာသည့် စစ်ဗိုလ်ချုပ်ကြီးများနေထိုင်ရာ၊ စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့ကိုလည်း စစ်ကောင်စီကပြီးခဲ့သည့်လများမှစ၍ လုံခြုံရေးပြင်ဆင်မှုများပိုမိုပြုလုပ်လာပြီး မြို့အတွင်း၊မြို့အပြင် စစ်ဆေးရေးဂိတ်များတွင် တပ်သားအင်အားတိုးချဲ့ထားသည်ဟု သိရသည်။

တိုက်ပွဲများကြောင့် မန္တလေး၊ပြင်ဦးလွင် မြို့တို့ဘက်မှ ရှမ်းမြောက်ဘက်သို့ သွားမည့် ကုန်တင်ကားများနှင့် ခရီးသွားယာဉ်လိုင်းများ၊ အိမ်စီးကားများ၊ ဆိုင်ကယ်ဈေးသည်များကို ပြင်ဦးလွင်မြို့အထွက် ဝက်ဝံစစ်ဆေးရေးဂိတ်တွင် အစစ်အဆေး တင်းကျပ်ထားသည်ဟုလည်း သိရသည်။

နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ် ထိစပ်နေသည့်နေရာအချို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်မြေပြင်စစ်ကြောင်းအပြင် လေကြောင်းတိုက်ခိုက်မှုများပါ လုပ်ဆောင်သဖြင့် လူနေအိမ်များဆုံးရှုံးကာ အရပ်သားအချို့ သေဆုံးဒဏ်ရာရရှိခဲ့သည်ဟု MDY-PDF သတင်းတာဝန်ခံ ကိုအော်စမွန်က Myanmar Now ကို ယခု နိုဝင်ဘာလ ပထမပတ်အတွင်း ပြောဆိုထားသည်။







Source link

Leave a Reply

Your email address will not be published. Required fields are marked *