ylliX - Online Advertising Network
ပအိုဝ်းပြည်သူ့စစ်နှင့်စစ်ကောင်စီပေါင်းကာ ကရင်နီဒေသကို ချဉ်းကပ်လာ - Myanmar Now

ပအိုဝ်းပြည်သူ့စစ်နှင့်စစ်ကောင်စီပေါင်းကာ ကရင်နီဒေသကို ချဉ်းကပ်လာ – Myanmar Now


ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်တွင် စစ်ကောင်စီတပ်က ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များကို ရင်ဆိုင်ရန် အင်အားရာချီ ဖြည့်တင်းကာ စစ်ပြင်နေကြောင်း မြေပြင်စစ်ဘက်သတင်းရင်းမြစ်များကပြောသည်။

အင်အား ၇၀၀ ကျော်သည့် စစ်ကောင်စီတပ်သားများ၊  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ ပြည်သူ့စစ်များသည် လွန်ခဲ့သည့် သုံးလဝန်းကျင်မှစတင်ကာ ၎င်းတို့ ထိန်းချုပ်ထားသည့် ပင်လောင်းမြို့မှ ဖယ်ခုံမြို့သို့ ဦးတည်၍ ချီတက်လာနေသည်ဟု သိရသည်။

ဖယ်ခုံမြို့တွင် အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် လက်အောက်ခံတပ်ရင်းနှစ်ရင်းရှိသည်။

ဖယ်ခုံတောင်ဘက်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဦးဆောင် ပြုလုပ်ခဲ့သည့် ၁ လေးလုံးစစ်ဆင်ရေးအတွင်း ကရင်နီတော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ထားသည့် မိုးဗြဲမြို့ရှိသည်။

သို့သော်လည်း မြို့မြောက်ဘက် မိုးဗြဲဆည်အနီးရှိ ခမရ (၄၂၂) တပ်စခန်းကိုမူ တော်လှန်ရေးတပ်များက မသိမ်းနိုင်ခဲ့ပေ။

စစ်ကောင်စီတပ်နှင့် PNO ပူးပေါင်းစစ်ကြောင်းမှ အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းတစ်ခုသည်   ပိတ်ဆို့ထားသည့်ကြားက  ၄၂၂ တပ်နှင့် ပူးပေါင်းနိုင်ရန် ရှေ့တိုးလာနေကြောင်း မြေပြင်အခြေအနေသိသည့် စစ်ဘက်သတင်းရင်းမြစ်က Myanmar Now ကို‌ ပြောသည်။

“ကျွန်တော်တို့နဲ့ ယခုနိုဝင်ဘာ ၁၅၊ ၁၆ မှာ မိုးဗြဲအဝင် ခေါင်းမိုင်းမှာတိုက်ပွဲဖြစ်တယ်။ သူတို့က ခမရ ၄၂၂ နဲ့ပူးပေါင်းဖို့ရည်ရွယ်တာပေါ့။ အခုထိ တပ်ထဲကို အဝင် အထွက်တော့ မတွေ့သေးဘူး။ နှစ်ဖက်လုံးက အခြေအနေကြည့်ပြီး စစ်ဆိုင်ထားပါတယ်” ဟု ၎င်းက  ဆိုသည်။

ခမရ ၄၂၂ စခန်းကလည်း မိုးဗြဲမြို့အတွင်းသို့ လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေသည်ဟု  မြေပြင်အခြေအနေသိသည့် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် မိုးဗြဲဒေသခံအမျိုးသားတစ်ဦးကလည်း စစ်ကောင်စီတပ်သည် မိုးဗြဲအနောက်ဘက်နှင့် တောင်ဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ် ပြုလုပ်နေကြောင်း Myanmar Now ကို ပြောသည်။

“စစ်ကြောင်းကတော့ ပင်လောင်းကနေ ဖယ်ခုံအထိ ရောက်နေပြီ။ ဖယ်ခုံကနေ မိုးဗြဲကို တောက်လျှောက်ထိုးနေတယ်။  မိုးဗြဲကို စစ်ကြောင်းထပ်မရောက်ဖို့ တော်လှန်ရေး အင်အားစုတွေကတော့ တတ်နိုင်သလောက် တောက်လျှောက်ကျားကန်နေတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သည် ၎င်း၏ မဟာမိတ်နိုင်ငံများမှ လက်နက်ဝယ်ယူနိုင်သလို နိုင်ငံအလယ်ပိုင်းရှိ လက်နက်စက်ရုံများကလည်း ဆက်လက် လက်ပတ်နေဆဲ ဖြစ်သောကြောင့် လက်နက်ခဲယမ်းအင်အား ပြည့်စုံနေသည်။

တော်လှန်ရေးအင်အားစုက လက်နက်ကို မှောင်ခိုစျေးမှ ဝယ်ယူရန် ပြည်တွင်းပြည်ပမှ စစ်ကောင်စီဆန့်ကျင်သူများထံမှ  အလှူခံနေသည်။



ရှမ်းပြည်နယ် တောင်ပိုင်း၊ ကယားပြည်နယ် ခေါ် ကရင်နီပြည်နယ်တို့တွင် စစ်ကောင်စီတပ်ကို တိုက်နေသည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကလည်း  ကျည်ဆန်ဝယ်ယူဖြည့်တင်းရေး အလှူခံသည့် လှုပ်ရှားမှုတစ်ခုကို နိုဝင်ဘာ ၁၅ ရက်နေ့တွင် စတင်ခဲ့သည်။

“စုပေါင်းကူညီ ထောက်ပို့ကျည်” ဟု အမည်ပေးထားသော ထိုလှုပ်ရှားမှုသည်  ရှမ်းတောင် မိုးဗြဲမြို့နယ်ရှိ KNDF တပ်ရင်း (၃) နှင့် မိုးဗြဲ PDF တပ်ရင်း (၁၀၀၁) အတွက် ရည်ရွယ်သည်ဟု သိရသည်။

စစ်ကောင်စီက ဒေသတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကူထည့်နေသည်ဟု  KNDF ဒုစစ်ဦးစီးချုပ် မာဝီက  အလှူခံသည့် လှုပ်ရှားမှုအကြောင်း မိတ်ဆက်သည့် ရုပ်သံတွင် ပြောသည်။

“အင်အားအလုံးအရင်းနဲ့ ထည့်နေတဲ့ အခြေအနေရှိတယ်။ ဒီလမ်းပိုင်းတွေကို ပြန်ယူပြီးတော့မှ လွိုင်ကော်ကနေ ဘော်လခဲ – ဖားဆောင်း အထိ ကြိုးစားချင်နေတဲ့အနေအထားတွေရှိတယ်” ဟု ဒုစစ်ဦးစီးချုပ်က ပြောသည်။  

ကယားပြည်နယ်မြို့တော် လွိုင်ကော်နှင့် အခြေချစစ်ဗျူဟာ (စဗခ) ရှိရာ ဘော်လခဲ၊ ဖားဆောင်းမြို့များကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး မြို့ပတ်လည်ကို ကရင်နီပူးပေါင်းတပ်များက ထိန်းချုပ်စိုးမိုးထားသည်။

ကယားပြည်နယ်သည် စစ်ဗိုလ်ချုပ်များ၏ ဌာနချုပ် နေပြည်တော်နှင့် နီးကပ်စွာ တည်ရှိသဖြင့် စစ်ရေးအရ အရေးပါသည့် ဒေသ ဖြစ်သည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ဗိုလ်ကြီး ဇင်ယော်ကလည်း စစ်ကောင်စီတပ်သည်  ထိန်းချုပ်နယ်မြေပိုရရန်၊ လာမည့်နှစ်တွင် ကျင်းပမည်ဟု ကြေညာထားသော ရွေးကောက်ပွဲ အထောက်အကူ ဖြစ်စေရန် ကရင်နီဒေသတွင် ထိန်းချုပ်နယ်မြေ ချဲ့ထွင်လိုဟန်ရှိသည်ဟု သုံးသပ်သည်။

“လွိုင်ကော်ကို အပြည့်အဝ ထိန်းချုပ်ပြီး ဟန်မပျက်တဲ့ ပုံလုပ်ချင်လာတယ်။ လွိုင်ကော်မှာလည်း မဲပေးလို့ရတဲ့ နေရာဖြစ်လာအောင် စစ်နယ်ဝန်းကိုချဲ့လာတဲ့ သဘောပါ” ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

မိုးဗြဲရှိ တော်လှန်ရေးအင်အားစုများ ဂရုစိုက်ရမည့် အခြေအနေရှိကြောင်း ၎င်းက ဆိုသည်။

ကြားကာလကရင်နီပြည်နယ်အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်ကလည်း ရှမ်းတောင်တွင် တိုက်ပွဲဖြစ်နေစဉ် နိုဝင်ဘာ ၁၈ ရက်နေ့က ဖယ်ခုံမြို့နယ် လအိရွာရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီဘက်က စစ်လေယာဉ်ဖြင့်ဗုံးကြဲသွားကြောင်း Myanmar Now ကို ပြောသည်။

ဗုံးဒဏ်ကြောင့်  ၄၆ နှစ်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးကာ ဒဏ်ရာရသူ နှစ်ဦးရှိကြောင်း IEC ထံက သိရသည်။

ထို့အပြင် နေအိမ် ၁၂ လုံးနှင့် ခရစ်ယာန်ဘုရားကျောင်းဆောင်လည်း ပျက်စီးသွားကြောင်း ဦးဗညားခွန်အောင်က ဆိုသည်။ 

လေတပ်က ထိုစစ်ရှောင်စခန်းကို  စက်တင်ဘာလဆန်းတွင်  ဗုံးကြဲစဉ်က ကလေးများအပါအဝင် အရပ်သားကိုးဦးသေဆုံးခဲ့ပြီးဖြစ်သည်။

ရှမ်းတောင်နှင့် ကရင်နီပြည်နယ် နယ်စပ်မျဉ်းအနီးတွင်  စစ်ရေးပိုမိုတင်းမာ လာသည်နှင့်အမျှ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာနိုင်သဖြင့် အရပ်သားများ ပိုမိုသတိထားရမည့် အခြေအနေရှိကြောင်း ဦးဗညားခွန်အောင်က ဆိုသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *