ကန့်ဘလူ၊ ရေဦး၊ တန့်ဆည် မြို့နယ်တို့ဆုံရာ စစ်ကိုင်းတိုင်း မူးမြစ်ကမ်းဝန်းကျင်တွင် အင်အားအများအပြားဖြင့် လှုပ်ရှားနေသည့် စစ်ကောင်စီတပ်က အရပ်သားသုံးဦးကို သတ်ဖြတ်ပြီး နေအိမ် ၁၇၃ လုံး မီးရှို့လိုက်သည်ဟု တော်လှန်ရေးအင်အားစုများထံက သိရသည်။
ကန့်ဘလူမြို့နယ်၊ အမှတ် ၆၀၀၆ တင့်ကား တပ်ရင်းမှ ထွက်လာသည့် အင်အား ၁၇၀ ကျော် ပါဝင်သည့် စစ်ကြောင်း၊ တန့်ဆည်မြို့နယ်မှထွက်လာသည့် အင်အား ၅၀ ကျော်ပါ စစ်ကြောင်းတို့က နိုဝင်ဘာ ၁၆ ရက်နေ့က စပြီး ရွာများကို စီးနင်းနေခြင်းဖြစ်သည်။
ရေဦးမြို့နယ် ရွာပုကြီးရွာမှ အမျိုးသားနှစ်ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး၊ ဗိုလ်ရုံရွာတွင်လည်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန် ရှိသူတစ်ဦးက ပြောသည်။
ရွာပုကြီးရွာခံအများစု စစ်ဘေးရှောင်သော်လည်း ရွာထဲတွင် ကျန်ရစ်သည့် စိတ်ကျန်းမာရေး မကောင်းသူအပါအဝင် အမျိုးသားနှစ်ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ကာ နေအိမ်ထဲထည့် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် ပကဖမှ သိရသည်။
“(အမျိုးသားတစ်ဦး ရုပ်အလောင်းက) သိပ်မလောင်ဘဲကျန်တာ။ စိတ်ကျန်းမာရေးမကောင်းတဲ့ တစ်ယောက်က တော်တော်ကြီးလောင်သွားတယ်။ တော်တော်ကျွမ်းတဲ့ အနေအထား။ ပြာတော့ မကျသေးပေမယ့် လူ့အသားအရေတွေ အကုန်လောင်သွားတာ။ အလောင်းကို အိမ်ထဲထည့်ရှို့ ထား ခဲ့တာ”ဟု မြို့နယ် ပကဖ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထို့ပြင် နိုဝင်ဘာ ၁၇ ရက်နေ့တွင် မူးဘောင်လမ်းဆုံအနီးရှိ ဗိုလ်ရုံရွာမှ ရွာထိပ် တိုက်တန်းလျား၊ ရွာဘောလုံးကွင်းနှင့် ထိုအနီးဝန်းကျင်ကို ဒရုန်းဖြင့် ဗုံးသီး သုံးကြိမ်ကြဲချတိုက်ခိုက်သဖြင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်ဟု ၎င်းကဆိုသည်။
ထိုစစ်ကြောင်းသည် စီးနင်းဝင်ရောက်ရာ ကျေးရွာများကို မီးရှို့ခဲ့ရာ ရေဦးနယ်မှ ရွာပုကြီး၊ ကုလားစင်၊ ပေကုန်း၊ ဆီဆုံ၊ မုံတိုင်ပင်၊ ရှမ်းဆိပ်၊ တန့်ဆည်နယ် ကြို့တွင်း ၊ သီးမ စသည့်ကျေးရွာတို့မှ အိမ်များ မီးလောင် ပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။
ထိုရွာများမှာ လက်နက်ကိုင်တော်လှန်ရေးအစောပိုင်းကာလ ၂၀၂၁၊ ၂၀၂၂ ဝန်းကျင်ကပင် မီးရှို့ဖျက်ဆီးခံထားရသည့် ကျေးရွာများဖြစ်သည်။
“(အရင်က မီးလောင်လို့) ထပ်ဆောက်ထားတဲ့နေအိမ်တွေရော၊ တခါမှ မရှို့ခံထားရတဲ့အိမ်တွေရော ရှို့သွားတယ်” ဟု ဒေသတွင်း တော်လှန်ရေးအင်အားစုတစ်ခုဖြစ်သည့် People’s Defense Comrade အဖွဲ့မှ ကိုထူးခန့်ဇော်က ပြောသည်။
နယ်မြေရှင်းလင်းရေးဝင်သည့် ထိုစစ်ကြောင်းကို တော်လှန်ရေးအင်အားစုက နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာ ၁၇ ရက်နေ့ တိုက်ပွဲတွင် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ် ပကဖ တာဝန်ရှိသူက ပြောသည်။
ထိုစစ်ကြောင်းနှစ်ခုသည် ကန့်ဘလူနှင့် တန့်ဆည်နယ်ရှိ ၎င်းတို့အခြေချ သည့်စခန်းများသို့ နိုဝင်ဘာ ၁၈ ရက်နေ့တွင်ပြန်လည်ဆုတ်ခွာသွားသည်ဟု ဒေသခံများကဆိုသည်။
စစ်ကိုင်းတိုင်း ဧရာဝတီမြစ်နှင့် မူးမြစ်ကမ်းကြားရှိ ကန့်ဘလူမြို့နယ်သည် မန္တလေးတိုင်း၊ သပိတ်ကျင်း နှင့်နယ်နိမိတ်ချင်းထိစပ်နေပြီး စစ်ကောင်စီတပ်သာမက တော်လှန်ရေးအင်အားစုများလည်း အခိုင်အမာလှုပ်ရှားရာ ဒေသဖြစ်သည်။
ကန့်ဘလူမြို့နယ်သည် အမှတ် ၆၀၀၆ တင့်ကား တပ်ရင်းအခြေစိုက်သည့်အပြင် စစ်တပ်ထောက်ခံသော ဘုန်းကြီး ဦးဝါသဝ ဦးစီးသည့် ပြည်သူ့စစ် (ပျူစောထီး)များ လှုပ်ရှားမှုအားကောင်းပြီး ကျေးရွာများတွင် အခိုင်အမာခြေကုပ်ယူထားသည်။
စစ်တပ်နှင့် ပြည်သူ့စစ်များပူးပေါင်းပြီး နိုဝင်ဘာလဆန်းမှစပြီး ကန့်ဘလူနယ် တောင်ဘက်ပိုင်းတွင် စစ်ကြောင်းထိုးစီးနင်းကာ နေအိမ် ရာနှင့်ချီ မီးရှို့ဖျက်ဆီးပြီး ဒေသခံ ၂၀၀ နီးပါးကိုလည်း ဖမ်းဆီးခဲ့ သည်။ ထို့နောက် နိုဝင်ဘာ တတိယပတ်တွင် ကန့်ဘလူမြို့နှင့် နယ်နိမိတ်ချင်း ဆက်စပ် နေသည့် မူးမြစ်အနီးဝန်းကျင်ကျေးများကိုပါ စစ်ကြောင်းထိုးစီးနင်းမှုများ ဆက်တိုက်လုပ်လာခြင်းဖြစ်သည်။
ကန့်ဘလူနယ်တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှု ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနေပြီး အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း တော်လှန်ရေးအင်အားစုက ဆိုသည်။
အာဏာသိမ်းပြီး ၄ နှစ်အတွင်း စစ်တပ်နှင့်လက်အောက်ခံအဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် တစ်သိန်းကျော် ပျက်စီး ခဲ့ရသည်ဟု မီးရှို့ဖျက်ဆီးခံရသည့် အချက်အလက် ကောက်ယူ စာရင်းပြုစု နေသည့် Data for Myanmar အဖွဲ့၏ ယခုနှစ် ဩဂုတ်လထုတ် အစီရင်ခံစာတွင်ဖော်ပြထားသည်။
ဖျက်ဆီးမှုများအနက် စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပြီး အိမ်ခြေ ၇၃၀၀၀ ကျော် ပျက်စီးခဲ့ရသည်ဟု ဆိုသည်။
စစ်ကောင်စီက ထိုအစီရင်ခံစာနှင့် ပတ်သက်ပြီး တုံ့ပြန်ခြင်း မရှိသေးသော်လည်း ၎င်းတို့၏စစ်သားများက ပြည်သူများကို အကာအကွယ်ပေးနေပြီး ထိုအမှုများ ကျူးလွန်ခြင်းမရှိဟု ရံဖန်ရံခါ သတင်းထုတ်ပြန်တတ်သည်။