(မိုးမခ) နိုဝင်ဘာ ၁၉ ၊ ၂၀၂၄
ဗိုလ်နဂါးရဲ့ သူ့ပို့စ်အောက်မှာ သူ ရေးတဲ့ကွန့်မန့်ထဲက စကားတချို့ဟာ အတော်စိတ်ဝင်စားစရာကောင်းပါတယ်။
“ကျနော်တို့ BNRA ဟာ အားလုံးနဲ့ ပေါင်းစည်းဖို့ နည်းမျိုးစုံကြိုးစားခဲ့ပါတယ်။ လိုကယ်တွေတင်မက ကာကွယ်ရေးဝန်ကြီးနဲ့ပါ ၂၀၂၃ အစောပိုင်းက သွားရောက်တွေ့ဆုံညှိနှိုင်း သဘောတူခဲ့ပါတယ်။သို့ပေမဲ့ ကတိအတိုင်းပူးပေါင်းဆောင်ရွက်မှုအစား အခြားအခြေအနေတွေသာ ကျနော်တို့ ရရှိခဲ့ပါတယ်။ လိုကယ်တွေပဲ စုစည်းနိုင်ခဲ့ပါတယ်”
“ကျနော်တို့ အရင်က တကြိမ် မြို့သိမ်းကိစ္စအတွက် မြို့နယ်အဆင့်ထိ အသေးစိတ်တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။ မြို့နယ်မှ ပကဖတာဝန်ခံတွေထဲက ဦးသိန်းအောင်၊ ဒေါက်တာနန်းဝင်းဆီအထိ ကိုယ်တိုင်သွားရောက်တွေ့ဆုံဖူးပါတယ်။ ၂၀၂၃ ကပါပဲ။
အဲဒီမှာလည်း သဘောတူညီမှုတွေ ရခဲ့ပေမယ့် အထက်အဆင့်ဆင့်က ပူးပေါင်းလုပ်ဆောင်ခွင့် မပြုလို့ဆိုကာ မပူးပေါင်းခဲ့ပါဘူး။ အဲဒီတော့ မပူးပေါင်းလို့ အပြစ်တင်မယ်ဆို ဉာဏ်ကိုလည်း နည်းနည်းတော့ထည့်ပေးဖို့ တိုက်တွန်းလိုပါတယ်။ (ဒီစစ်ဆင်ရေးမှာတော့ ဒဏ်ရာရ ရဲဘော်တွေကျန်းမာရေးကိစ္စ ဒေါက်တာနန်းဝင်းတို့ လာကူညီကြောင်းသိရလို့ ကျေးဇူးအထူးတင်ပါတယ် )”
အဲဒီအထက်က စကားတွေထက် ပိုစိတ်ဝင်စားစရာကောင်းတာက အောက်က စကားပါ။
“အပြီးသတ်စတင်ဖို့ အင်အားတွေ ထပ်နုတ်စုချိန်မှာ နောက်တန်းရဲဘော်တွေ အဖမ်းဆီးခံရပါတယ်။ ရဲဘော်တွေ ခဲယမ်းတိုက်တခုဆီ ပစ္စည်းထုတ်ရန် အသွားလမ်းမှာ ချောင်မြောင်းပစ်ခတ်ခံရပါတယ်၊ မတိုင်ခင်ရက်ပိုင်းအတွင်း ခဲယမ်းတိုက်တွေထဲက အရေးပါတဲ့အကြီးဆုံးတခု မီအရှို့ခံရပါတယ်။ ရဲဘော်တွေ အသက်နဲ့မို့ ပြန်လည်လွတ်မြောက်ရေးအတွက် မြေပြင်ရော Public ကနေပါ ထုတ်ဖော်ကြိုးစားခဲ့ပေမယ့်၊ ချောင်းမြောင်းပစ်ခတ်ံရတဲ့ကိစ္စနဲ့ ခဲယမ်းတိုက်အကြီးတခု မီးရှို့ခံရသည့်ကိစ္စအား အခြားသူ အားတက်စရာ၊ ပြည်သူ စိတ်အားငယ် ဆုတ်ယုတ်စရာတွေ ဖြစ်လာနိုင်၍ Public မှာ မထုတ်ဖော်ဖြစ်ခဲ့ပါ” တဲ့။ ဘယ်လောက် အံ့ဩစရာကောင်းလဲ။ တော်လှန်နေတာမှ ဟုတ်သေးရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါ။
အဲသလို အညာမှာ ဖြစ်နေသလိုမျိုး ဖြစ်နေတာက ချင်းမှာပါ။
“ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ကို ချင်းပြည်ကောင်စီတပ်ဖွဲ့များက နှောင့်ယှက်မှုရှိနေကြောင်း ချင်းညီနောင် ထုတ်ပြန်” ဆိုတဲ့သတင်းပါ။
ချင်းညီနောင်က လက်ရှိဖော်ဆောင်လျက်ရှိတဲ့ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အပေါ် CNF/CNA ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ (Chinland Council) ပူးပေါင်းတပ်ဖွဲ့များက နှောင့်ယှက်မှုဖြစ်စဉ်များ ရှိနေတယ်တဲ့။
အဲဒီထုတ်ပြန်ချက်ထဲမှာ ချင်းညီနောင်တပ်ဖွဲ့ဝင်များကို ရန်ရှာထိုးကြိတ်တာ၊ ဖမ်းဆီးခြိမ်းခြောက်တာ၊ အများပြည်သူ အလန့်တကြားဖြစ်စေရန် သေနတ်များ ပစ်ဖောက်တာတွေ ပါပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၉ နာရီခွဲခန့်နဲ့ ၁၀ နာရီခွဲခန့်မှာ ချင်းပြည်ကောင်စီ တပ်ဖွဲ့ဝင်များဟာ သေနတ်အချက်ပေါင်းများစွာ ပစ်ဖောက်ခဲ့ပြီး ကန်ပက်လက်မြို့အနောက်ဘက်မှာ လုံခြုံရေးယူနေကြတဲ့ CDF-Kanpetlet ရဲဘော်များကို အဝေးတနေရာမှ ပစ်ခတ်ခြိမ်းခြောက်ခဲ့တယ်၊ CDF-Matupi လှုပ်ရှားနယ်မြေမှာလည်း ခွင့်ပြုချက်မရှိဘဲ ချင်းပြည်ကောင်စီတပ်ဖွဲ့ဝင်များက ခြေကုပ်ယူတယ်၊ တပ်အင်အားဖြည့်တယ်၊ တပ်မဟာ (၁) ရှေ့တန်းကင်းနားမှာ Drone နဲ့ အကြိမ်ကြိမ် ထောက်လှမ်းနှောင့်ယှက်၊ စိန်ခေါ်၊ သေနတ်ဖောက် ခြိမ်းခြောက်မှုတွေ အဆက်မပြတ်ပြုလုပ်နေတုန်းတဲ့။
မရာနယ်မြေအတွင်းမှာလဲ ချင်းပြည်ကောင်စီတပ်ဖွဲ့ဝင်များက ပင်တီယာကျေးရွာအထိ ကျူးကျော်နေရာချထားပြီး ပြည်သူလူထု ထိခိုက်စေရန် ရည်ရွယ်ပြီး လမ်းများပိတ်ဆို့ကာ MTC/MDF ထိန်းချုပ်နယ်မြေဆီ စားနပ်ရိက္ခာကုန်စည်စီးဆင်းမှု ဖြတ်တောက်သတဲ့။
အဲဒါအပြင် ပင်တီယာ ၉ မိုင်ရွာသား ၂)ဦးကို Maraland Defense Force နဲ့ ဆက်နွှယ်လို့ဆိုပြီး အပူပေးထားတဲ့ သံလုံးနဲ့ ရိုက်နှက်၊ MDF တပ်ဖွဲ့ အခြေစိုက်စခန်းကိုလဲ Drone နဲ့ ထောက်လှမ်းပြီး ချောင်းမြောင်းပစ်ခတ်တာ ၂ ကြိမ်ထက်မနည်းလုပ်လို့ နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းမှာတော့ ၂ နာရီခန့်အကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသတဲ့။
မောင်ဆောင်းခ တပ်ကို မကြိုဆိုနိုင်တာတွေ ကြားနေရတဲ့ ဒီလိုအခြေအနေမျိုးမှာ မြိုင် ပကဖက စာထုတ်တယ်။ လက်နက်နဲ့ ပဋိပက္ခ မဖြစ်စေရန်တဲ့။ ဒါပေမဲ့ စာထဲမှာတော့ စစ်ဆေးလို့ မချေငံရင် လက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်ရန်လို့ ဆိုပါတယ်။ အဲဒီလိုဆိုပေမယ့် ရှေ့စာပိုဒ်မှာ အစစ်ခံရမယ့်သူတွေဟာ လက်နက်မကိုင်ရ ဆိုတာ ပါထားပါတယ်။ မြိုင်နဲ့တတွဲတည်း ပေါက်ကလည်း အမိန့်စာထွက်လာပြန်တယ်။ ပေါက်ပေါက်ဖောက်သံ အဆင့်တော့ မဟုတ်ပါ။ ဘယ်မိတ်ဖက်အဖွဲ့အစည်းကိုမဆို ပြင်းပြင်းထန်ထန် ကိုင်မယ်၊ မောင်းထုတ်မယ်ထိ ပါပါတယ်။
ဒါတွေက တော်လှန်ရေးလမ်းကြောင်း ပြောင်းသွားစေနိုင်သလား။ ဒါမှမဟုတ် အချိန်သိပ်ကြာသွားစေနိုင်သလား။ ဝန်းရံ ဒဏ်ခံပြည်သူတွေ အားပျက်သွားရင်ရော တော်လှန်ရေးက ဘယ်သောင်ဘယ်ကမ်းဆိုက်သွားမလဲ။ ခုကို စစ်ကောင်စီက တရုတ်ကို လုံခြုံရေးဆိုပြီး တိုင်းပြည်လိုက် ထိုးအပ်နေပြီ။
တရုတ်က သူ လိုချင်တဲ့အခြေအနေရတော့ ဖိအားအမျိုးမျိုးနဲ့ ရှမ်းမြောက်အဖွဲ့တွေကို စစ်ရပ်ပေးထားခိုင်းရင်း စစ်အုပ်စုအလိုကျ စားသောက်ကုန်၊ ဆေးဝါး၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း၊ လျှပ်စစ်မီး စက်ကိရိယာ အကုန်ဖြတ်ပေးနေချိန်မှာ မအလက လူသားဒိုင်းနဲ့ စစ်ကြောင်းအမျိုးမျိုးထိုး ဇောင်းကြွ။ ကိုယ့်ဘက်က အကြောင်းမလှ ဖောင်းပွ။ သူ့ဘက်က တွေ့သမျှလူဝင်ဆွဲ။ နေ့စဉ် လူငယ်ရာကျော် စစ်ထဲသွင်း။ ကိုယ့်ဘက်က အရစ်အပြဲနဲ့ အဖြစ်သဲဗျင်း။
အင်း ခု တော်လှန်ရေးက တရုတ်ကြီးဗိုက်အောက်က ကလေးမလေးလို။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar