မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေစဉ် စစ်လေယာဉ် လာရောက် ဗုံးကြဲမှုကြောင့် ဒေသခံသားအမိ ၂ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။
နိုဝင်ဘာ ၁၆ နံနက် ၃ နာရီခန့်က စစ်ကောင်စီတပ် တွင်းငယ်ကျေးရွာသို့ စစ်ကြောင်းထိုးလာရာ တော်လှန်ရေးတပ်နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် နံနက် ၈ နာရီခန့်တွင် ထိုဖြစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
သေဆုံးသူများမှာ တွင်းငယ်အနီး ရေညာဦးရွာနေ ၆ နှစ်သမီး နှင့် သူ၏ အသက် ၃၀ အရွယ်မိခင်တို့ဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
“အမျိုးသမီးက ပေါင်လုံးဝပြတ်သွားပြီးတော့ သူ့အသားစတွေက အိမ်နံရံမှာ၊ သွေးတွေလည်း အိုင်ထွန်းလို့ပဲ။ အဲဒီကတည်းက အခြေအနေမကောင်းဘူး။ ဒါပေမဲ့ သူ့သမီးလေးကလည်း ခေါင်းထိပြီး လဲနေတော့ သူ့သမီးလေးဆီကို ပေါင်ပြတ်ကြီးနဲ့ သွေးစက်လက်နဲ့ အရောက်သွားတယ်။ သွေးတွေက တရွတ်တွန်း သွားထားတဲ့အရာကြီး တွေ့ရတယ်” ဟု အထက်ပါ ဒေသခံအမျိုးသမီးက ပြောသည်။
“ဆေးခန်းရှာရင်း လမ်းမှာတင် အမေလုပ်သူက ဆုံးသွားတယ်။ နောက် ကလေးကလည်း ခေါင်းထိထားတော့ ကားပေါ်မှာပဲ ထပ်ဆုံးတယ်”
ဗုံးကြဲတိုက်ခိုက်မှုတွင် ဒဏ်ရာရသွားသူတို့မှာ ကျောက်ဖြူရွာ ဒေသခံ၄ဦးဖြစ်သည်ဟု သိရသည်။
တွင်းငယ်-မိုးမိတ်ကားလမ်းပေါ်မှ ရေညာဦးကျေးရွာသည် တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း (တတက ၁၃)၏ အမြောက်ကုန်း အနီးတွင် တည်ရှိသည်။ ထိုအမြောက်ကုန်းတွင် တပ်စွဲထားသူတို့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရေညာဦးရွာ ဘုန်းကြီးကျောင်းနှင့်စာသင်ကျောင်းတို့ ပျက်စီးခဲ့ဖူးသည်၊ ပစ်ခတ်မှုများကြောင့် ရွာသူရွာသားများ တိမ်းရှောင်နေရသည်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။
“တော်တော်များများက ရွာမှာ မနေရဲကြဘူး။ စစ်ဘေးရှောင်နေကြတာ။ တောထဲမှာပုန်းနေကြပြီးမှ နေ့ခင်းဘက်လေးတွေဆို သူတို့အိမ်ပြန်ပြီး အသီးအနှံလေးတွေ လာခူးတာတို့၊ တိရစ္ဆာန်လေးတွေ အစာလာကျွေးတာတို့လုပ်ကြတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
“သေတဲ့သားအမိက ခဏပြန်ပြီး အိမ်သန့်ရှင်းရေးလုပ်တဲ့အချိန်မှာ ဖြစ်သွားရတာ”
လတ်တလောတွင် သပိတ်ကျင်းမြို့ပေါ်ရှိ နေရာများကို တော်လှန်ရေးအင်အားစု သိမ်းပိုက်ထားနိုင်သည်၊ စစ်တပ်က ၇မိုင်ကျေးရွာစစ်စခန်း၊ ကျောက်ကြီးကျေးရွာ စစ်စခန်း၊ အမှတ် ၁၃ လေ့ကျင့်ရေးတပ်၊ လျှပ်စစ်အင်ဂျင်နီယာတပ်တို့တွင် တပ်စွဲနေသဖြင့် ဆက်လက်ပိတ်ဆို့တိုက်ခိုက်နေသည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ပြန်ကြားရေးတာဝန်ခံက Myanmar Nowကိုပြောသည်။
“ကျွန်မတို့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝိုင်းဝန်းပိတ်ဆို့ထားတာ ၃လရှိပါပြီ။ သူတို့ဘက်က လေယာဉ်နဲ့ရိက္ခာပို့တာတွေ၊ လူတွေ၊ လက်နက်တွေ ဖြည့်တင်းတာတွေ လုပ်တာရှိပါတယ်” ဟု PLA ပြန်ကြားရေးတာဝန်ခံက ပြောသည်။
PLA က သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာကို ဩဂုတ် ၁၇ မှ စတင်တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်ရရှိထားသည်မှာ ၃လကြာမြင့်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၁၂ တွင် ကြေညာထားသည်။
သပိတ်ကျင်းမြို့နယ်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA), တအာင်း လွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY- PDF)တို့ပါဝင်သည့် တော်လှန်ရေးအင်အားစုက +စစ်ရေးလှုပ်ရှားနေသည်။
ကပ်လျက်ရှိသော စဉ့်ကူးမြို့နယ်ကို MDY-PDF က သိမ်းပိုက်ထိန်းချုပ်ထားသည်။