ဖိုးဝ
မြန်မာဟာ မြေအရင်းအမြစ်၊ ရေအရင်းအမြစ်ပေါတဲ့ နိုင်ငံတစ်ခုပါ။ ရှေးကဘိုးတော်အနော်ရထာမင်းကြီး လက်ထက်ကစလို့ နိုင်ငံတည်ဆောက်ရေးတည်ငြိမ်အေးချမ်းရေးအဖို့ရာမှာ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာဖူလုံရေး အလေးအနက်ထားလုပ်ခဲ့တာပါပဲ။ ငတ်ရင်၊ စားနပ်ရိက္ခာ မလုံလောက်ရင် ပြည်ပျက်မယ်။ ရိုးရိုးလေးပဲ။ ခေတ်အဆက်ဆက် စိုက်ပျိုးရေး၊ ဆည်ဆောက်ရေးကို အလေးထားလုပ်ခဲ့ကြတာကြောင့်လည်း မြန်မာဟာသမိုင်းမှာ အငတ်ဘေး ဆိုက်ရောက်တဲ့ဖြစ်ရပ်မျိုး ကြီးကြီးမားမားမကြုံဖူးဘူး။
အခုလက်ရှိ အခြေအနေအထိလည်း မြန်မာဟာ စားနပ်ရိက္ခာမှာ မိမိကိုယ်ကိုဖူလုံမှု အချိုး ၁၄၀ ရာခိုင်နှုန်းရှိနေတယ်။ အဲဒါဘာကိုပြောတာလဲ ဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ စားနပ်ရိက္ခာ မိမိကိုယ်ကိုဖူလုံမှုအချိုး Food self sufficiency ratio ဆိုတာက ဥပမာ တိုင်းပြည်တစ်ပြည်မှာ လူသန်း ၁၀၀ နေထိုင်တယ်။ အဲဒီတိုင်းပြည်တွင်းက တစ်နှစ်အတွင်း စိုက်ပျိုးထုတ်လုပ်လို့ ရတဲ့စားနပ်ရိက္ခာ ထုတ်ကုန်ဟာ သူ့လူ သန်း ၁၀၀ ကို တစ်နှစ်အတွင်း ဝအောင်ကျွေးနိုင်ရင် မိမိကိုယ်ကို ဖူလုံမှုအချိုး ၁၀၀ ရာခိုင်နှုန်းရှိတယ်ခေါ်တယ်။ နည်း ရင် ရာခိုင်နှုန်းလျော့မယ်များရင် ရာခိုင်နှုန်းတိုးမယ်။ မြန်မာကအဲဒီအချိုး ၁၄၀ ရာခိုင်နှုန်းရှိတယ်ဆိုတာက လက်ရှိမြန်မာ့ လူဦးရေ ၅၅ သန်းရှိရာမှာ နှစ်စဉ်ပြည်တွင်းက စိုက်ပျိုးထုတ်ကုန်က လူ ၇၇ သန်း ကျွေးလောက်အောင် ထွက်နေသေးတယ်ဆိုတဲ့သဘော။ ဒါ့ကြောင့်လည်း အခုခေတ် မြန်မာပြည်ကနေ အခြားနိုင်ငံတွေကို ဆန်၊ ပဲ တင်ပို့နေနိုင်သေးတယ်။ ဒါကလည်း အမြော်အမြင်၊ လုံ့လ၊ ပညာတွေနဲ့ လုပ်ခဲ့ကြလို့ပါ။
လက်ရှိမှာ မြန်မာ့စိုက်ပျိုးမြေဧက ၃၃ သန်းရှိတယ်။ မြန်မာ့မြစ်ချောင်းတွေပေါ်မှာ တမံကြီးပေါင်း ၂၄၆ ခု တည် ဆောက်ထားပြီး စိုက်ဧက ၃၃ သန်းအနက် ဆည်မြောင်းနည်းပညာတွေဖြစ်တဲ့ တမံပိတ်တာအပြင် ရေလွှဲဆည်ဆောက်၊ ချောင်းပိတ်မြောင်းပိတ်စတဲ့ ရေရရှိရေး နည်းလမ်းပေါင်းစုံနဲ့ ရေပေးတာ စုစုပေါင်း စိုက်ဧကရဲ့ ၁၉ ရာခိုင်နှုန်းရှိတယ်။
အခုလက်ရှိမြန်မာက စားနပ်ရိက္ခာတော့ဟုတ်ပါပြီ။ လူတွေတိုးလာရင်ဘယ်လိုလုပ်မလဲ မေးစရာပါ။ ၁၉၈၈ ခုနှစ်ထက်ကနေ့လူဦးရေ ၂၂ သန်း တိုးခဲ့ပါပြီ။ ၃၆ နှစ်တာ ကာလအတွင်း တိုးခဲ့တာပါ။ တိုင်းပြည်အငယ်တစ်ပြည်စာလောက်ပေါ့။ နောက်အနှစ် ၄၀ စာလောက်အတွက် လှမ်းမျှော်ကြည့်ပြီး တစ်ဧကအပေါ်က အထွက်တိုးဖို့၊ စိုက်ဧကချဲ့ဖို့၊ အဲဒီအတွက်ဆည်တွေ ထပ်ဆောက်ဖို့လိုလာမှာပါ။ တိုင်းပြည်တစ်ပြည်အတွက် အနှစ် ၄၀ ဆိုတာ ခဏလေးပါ။ မြန်မာ့နာမည်ကြီး ဘောဂဗေဒပညာရှင်ကြီးတွေ အဆိုအရ မြန်မာ့မိသားစုစီးပွားရေး (family busi-nesses) ဟာ စိုက်ပျိုးထုတ်ကုန်ထုတ်ရောင်း၊ ရေအားလျှပ်စစ်ထုတ်ရောင်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုပ်၊ ဆိပ်ကမ်းမြို့ကြီးတွေဆောက်၊ တရုတ်နဲ့အိန္ဒိယကြား ကုန်သွယ်ခွန်ကောက်စားဒါလုပ်ရမှာပါ။ (ထိုင်းက ကမ္ဘာလှည့်ခရီးသွားစိုက်ပျိုးရေး၊ ဂျပန်က လျှပ်စစ်ပစ္စည်းထုတ်ကား ထုတ်တာမျိုးနဲ့ အထာဆင်တူ)။ မြန်မာတွေဆိုင်ကယ်၊ ကား၊ တီဗွီ၊ ဖုန်း၊ လေယာဉ်ပျံလုပ်ဖို့ ဘေးနိုင်ငံတွေကို မမီနိုင်တော့ပါ။
ဆည်အပါအဝင် အခြေခံအဆောက်အဦတွေ ခင်းထားဖို့လို
မြန်မာတွေလုပ်ရမယ့် မြန်မာ့မိသားစုလုပ်ငန်းတွေအတွက်လည်း ဆည်အပါအဝင်အခြေခံအဆောက်အဦတွေ ခင်းထားဖို့လိုတယ်။ မော်လမြိုင်ကို ဘန်ကောက်လို အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမြို့ကြီး လုပ်မယ်ဆိုပါစို့။ အခြေခံရေဖောဖောသုံးဖို့ ဆည်တွေ၊ ကန်တွေ အရင်ဝိုင်းထားရမှာပေါ့။ တရုတ်နဲ့ အိန္ဒိယကုန်သွယ်လမ်း မြန်မာကို ဖြတ်ဖောက်မယ်။ အဲဒီလမ်းကြီးတစ်လျှောက် ကုန်လှောင်ရုံတွေအခွန်ကောက်စခန်းတွေ အပန်းဖြေဖျော်ဖြေရေးစခန်းတွေ အရေးပေါ်ဆေးရုံဆေးခန်းတွေကို ရေပေးဝေရေးဆည်ကန်တွေ ကြိုဆောက်ထားမှရမှာပေါ့။ ဒါမျိုးတွေက လိုလာမှ လုပ်လို့မရဘူး။ ဥပမာမနှစ်ကထိုင်းကို ကမ္ဘာလှည့်ခရီးသွား ၃၆ သန်းလာလည်တယ်။ မြန်မာ့လူဦးရေ ၅၅ သန်းရဲ့ တစ်ဝက်ကျော် အရေအတွက်ပါ။ အခုနောက်ပိုင်းနှစ်တွေမှာ ထိုင်းကို ပုံမှန်အဲဒီလို ဧည့်လာနေတာပါ။ ဧည့်သည်ကျမှ ဟိုတယ်တွေထဆောက်၊ ခရီးသွားတွေ သွားချင်တဲ့နေရာတွေကို လမ်းတွေထဖောက်တာမဟုတ်ပါ။ ကိုယ်က ဘာနဲ့လုပ်စားမယ်၊ ဘယ်လမ်းလျှောက်မယ်၊ ဘယ်ကိုသွားမယ် ရောက်မယ်ဆိုတာအတွက် တွက်ချက်ကြိုလုပ်ပြုထားရတယ်။
ဘေးကထိုင်းမှာ ဆည်ပေါင်း ၆၈၂ ခုရှိပြီး ခုခေတ်စိုက်ပျိုးရေးမှာ တစ်ဟုန်ထိုးတက်လာတဲ့ ဗီယက်နမ်မှာ ဆည်ပေါင်း ၇၀၀၀ လောက်ရှိပါတယ်။ ကမ္ဘာမှာ ဆည်အများဆုံး အမေရိက ၉၁၈၄၀၊ တရုတ် ၈၇၀၀၀ ပြီးရင် ဗီယက်နမ်က တတိယဆည်အများဆုံးပါ။ အမေရိကနဲ့ တရုတ်ဟာ မြန်မာ့အကျယ် အဝန်းထက် ၁၅ ဆ ပိုကြီးပြီး ထိုင်းက မြန်မာထက် ယောင်ယောင်သေးတယ်။ ဗီယက်နမ်က မြန်မာ့အကျယ်အဝန်းရဲ့ တစ်ဝက်ပဲရှိတယ်။ ဒါပေမယ့် သူတို့ဘာ့ကြောင့် ဆည်တွေတွန်းဆောက်ခဲ့ကြတာလည်း။ လေ့လာကြည့်ကြရအောင်ပါ။ အနီးစပ်ဆုံး ထိုင်းရယ်၊ ဗီယက်နမ်ရယ်နဲ့ နှိုင်းကြည့်ကြမယ်။ ကမ္ဘာမှာအခြေခံအဆောက်အဦ အပြည့်စုံဆုံး အမေရိကတို့၊ တရုတ်တို့က ကိုယ်နဲ့ဝေးတယ်။ ဘေးကထိုင်းတို့၊ ဗီယက်နမ်တို့နဲ့ အဓိကနှိုင်းကြည့်မယ်။
လူတစ်ကိုယ်စာရေအသုံး
လူတစ်ယောက် မနက်မျက်နှာသစ်အိမ်သာတက်တာကနေစလို့ ညအိပ်ရာ ဝင်သွားတိုက်တဲ့အထိ နေ့စဉ်ရေဂါလန် ၈၀ အနည်းဆုံး လိုအပ်တယ်။ ထိုင်းနဲ့ ဗီယက်နမ်မှာ ရေအရင်းအမြစ် မြန်မာနိုင်ငံလောက်မရှိပေမယ့် ဆည်တွေပိုများ၊ လျှပ်စစ်ပိုသုံးနိုင်၊ ပိုချမ်းသာတော့ လူတစ်ကိုယ်စာ နေ့စဉ် ရေအသုံးတစ်ပြည်လုံးဖူလုံအောင်ပေးနိုင်တယ်။ လျှပ်စစ်ဟာအရာရာပဲ။ အခြားရေအရင်း မြစ်မရှိရင် ဘေးကချောင်း၊ မြစ်ဆီကနေ ရေစုပ်တင်ကန်နဲ့လှောင်ပြီး သူတို့ဆီမှာ မြို့ရွာတွေကို ရေပေးနိုင်တယ်။ ဒါကလည်း ဆည်မြောင်းလုပ်ငန်း အနွယ်ထဲကတစ်ခုပဲ။
ဧရာဝတီမြစ်ဘေးတင်နေပြီး စိုက်ဖို့၊ ပျိုးဖို့၊ သုံးဖို့ ရေရှားခဲ့ကြသူတွေ
မြန်မာပြည်မှာ ဧရာဝတီမြစ်ဘေးက မြို့အချို့နွေရာသီဆို ရေပြတ်တယ်။ မြစ်ချောင်းတွေဆီရေသွားသယ်ယူ၊ ရေချိုးကြရရှာတယ်။ မြန်မာပြည်အထက်ပိုင်း ကန့်ဘလူကနေ မြန်မာ့အညာက ချောက်မြို့အထိ ဧရာဝတီမြစ်ဘေးတစ်လျှောက် မြို့ရွာတွေ၊ နယ်တွေကို ပညာရှင်တွေက အပူပိုင်းဇုန်လို့ သတ်မှတ်တယ်။ အဲဒီဇုန်အတွင်း လူဦးရေ သန်း ၂၀ နေတယ်။ စိုက်ရေ၊ ပျိုးရေသောက်သုံးရေရှားပါးခဲ့တယ်။ ဧရာဝတီမြစ်ဘေးတင်နေပြီး စိုက်ဖို့၊ ပျိုးဖို့၊ သုံးဖို့ ရေရှားခဲ့ကြသူတွေပါ။ အပူပိုင်းဇုန်ရဲ့ ရောဂါပေါင်းစုံနဲ့ လူမှုစီးပွားဘဝနိမ့်ကျမှုခံစားခဲ့ကြရရှာ သူတွေပေါ့။
၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ဆည်ဆောက်တာအပါအဝင် ဖွံ့ဖြိုးရေးတွေလုပ်ပေးခဲ့ပေမယ့် အဲဒီအပူပိုင်းဇုန်က လူသန်း ၂၀ အတွက် အခြေခံအကျဆုံးလျှပ်စစ်နဲ့ စိုက်ပျိုးရေ၊ သောက်သုံးရေလုပ်ပေးဖို့ အများကြီးလိုသေးတယ်။ အခုလက်ရှိ လုပ်ပေးထားတာနဲ့ မလုံလောက်သေးဘူး။ အဲဒီမှာလျှပ်စစ်စိုက်ပျိုးရေ သောက်သုံးရေအတွက် ဈေးအပေါဆုံးအဖြစ်နိုင်ဆုံး လုပ်နိုင်တာက ဆည်၊ ကန်ဆောက်ပေးတာပဲ။ အဲဒီ လူ သန်း ၂၀ အတွက် တစ်အိမ်ချင်း ရေတွင်းလိုက်တူးပေးဖို့ခက်တယ်။ မြန်မာပြည်အချို့ အရပ်တွေမှာ မသန့်စင်တဲ့ တွေ့ကရာ အိုင်ထဲကရေကို သောက်သုံးရေလုပ်နေရသူတွေ ရှိသေးတယ်။ အပူပိုင်းဇုန်အပြင်ဘက်က လူတွေမှာလည်း ရေကဖူလုံ လှချည်ရဲ့ မဟုတ်သေးဘူး။ ဥပမာ ဂျပန်မှာ တစ်ပြည်လုံး လမ်းဘေးက ဘယ်ရေခေါင်းဖွင့်ဖွင့်ကျလာတဲ့ရေက ph 7 ရေသန့်ပဲ။ ရေဖူလုံတာအပြင် အရည်အသွေးပါကောင်းတယ်။
ဟုတ်ပြီ။ ဆည်ဆောက်တာ၊ ကန်တူးတာ ကိုက်ရောကိုက်ရဲ့လားမေးကြမယ်။ ဖိုးဝ ဂျပန်ရောက်ခဲ့တဲ့ ၂၀၁၀ မှာ ဂျပန်မှာ နေ့စားတစ်ယောက်လုပ်အားခဟာ (တစ်ပြည်လုံး ဘယ်နေရာဖြစ်ဖြစ်) တစ်ရက်လုပ်ခ မြန်မာငွေနဲ့ကျပ် နှစ်သိန်းရှိတယ်။ ကျောက်သယ်တဲ့သူဖြစ်ဖြစ်၊ မြေတူးတဲ့လူဖြစ်ဖြစ်၊ အမှိုက်လှည်းတဲ့ လူဖြစ်ဖြစ်၊ စားပွဲထိုးတဲ့လူဖြစ်ဖြစ် အဲ့ဒီနှုန်းအတိုင်းရတယ်။ အဲဒီအချိန်မှာ မြန်မာပြည်မှာ နေ့စားခလူတစ်ယောက်တစ်ရက် ၈၀၀ ကျပ်ရှိတယ်။ ဂျပန်ဟာ မြေရှားလို့ သူ့ဆည်တွေကို ကျောက်တွေ ကွန်ကရစ်တွေနဲ့ ဆောက်တယ်။ မြန်မာက မြေသိပ်ပေါတယ်။ ဆည်တစ်လုံးချင်းတူရင် မြန်မာမှာ ဆည်တစ်လုံးဆောက်တာဟာ ဂျပန်မှာ တစ်လုံးဆောက်တာထက် အဆပေါင်းများစွာ သက်သာတယ်။ ပြန်ရတဲ့အမြတ်က ဒေသစိုက်ရေ၊ သုံးရေဖူလုံတာ၊ စားနပ်ရိက္ခာထွက်တာ၊ ဝင်ငွေရတာ၊ လူမှုစီးပွားဘဝတိုးတက်တာ ပြောမကုန်ဘူး။
ဂျပန်တွေက မြို့ရွာတွေရေပေးဖို့ စိုက်ခင်းတွေကိုရေပေးဖို့ farm pond “လယ်တောကန်” ဆိုတဲ့ ကွန်ကရစ်ကန်ကြီးတွေကိုလည်း သုံးတယ်။ မြစ်ထဲကရေကိုလျှပ်စစ်နဲ့ အိမ်လောက်ရှိတဲ့ ကွန်ကရစ်ကန်ကြီးတွေဆီ စုပ်တင်၊ အဲဒီကနေပိုက်နဲ့ စိုက်ခင်းမြို့ရွာတွေ ဆီရေပေး။ ဒီလို။ အဲလိုလုပ်ဖို့မြန်မာမှာ လျှပ်စစ်မရှိ။ ဆည်ဆောက်ဖို့လိုလာ ပြန်ရော။ နယူးကလီးယားတို့၊ ကျောက်မီးသွေးလျှပ်စစ်စက်ရုံတို့က မြန်မာအတွက် ဝေးနေဆဲ။ ဆည်နဲ့လျှပ်စစ်ထုတ်တာက လောပိတ၊ ဆည်တော်ကြီး၊ ပေါင်းလောင်း၊ မုန်း၊ ရဲရွာ စသည်ဖြင့် လမ်းကဖုံနေပြီ။ လောက်အောင်သာ မထုတ်နိုင်သေးလို့ စီမံကိန်းသစ်တွေ ဖော်ဆောင်နေရတာ။
ဂျပန်မှာက Farm pond ကွန်ကရစ်ကန်တွေဆီ မြစ်ရေမရောက်မီကြားထဲမှာ ရေသန့်စင်စက်ရုံတွေလည်း ရှိသေးတယ်။ ဂျပန်က စိုက်ပျိုးရေပေးတာ အများစုက မြေကြီးထဲမြှုပ်ထားတဲ့ ပိုက်ကြီးတွေကနေရေပေးတယ်။ မြန်မာ့ကျေးရွာတွေအများစု ရွာထိပ်မှာ ရွာဦး မြေသားကန်ကြီးတွေ ရှိတတ်ကြတယ်။ မိုးရေခံချင်ခံမယ်၊ နီးရာချောင်းကနေ ရေလွှဲယူချင်ယူမယ်။ အဲဒီကန်ရေက သူတို့သောက်သုံးရေအရင်းအမြစ်ပဲ။ အဲဒီမယ် ရေယူပုံစနစ်မကျတာ၊ ရေသွင်းရေထုတ်ပုံစနစ်မကျတာ၊ ရေမသန့်နိုင်တာ၊ ရေက ကန်အောက်ကစိမ့်ထွက်ကန်ပေါ်က အငွေ့ပျံထွက်တာ စတဲ့ဇာတ်လမ်းမျိုးစုံနဲ့ ရေရှည်ကြုံ လုံးထွေးနေကြရရှာတယ်။ ဆည်မြောင်းမှာ အဲဒီပြဿနာရှင်းနိုင်တဲ့ ပညာတွေရှိတယ်။ ဥပမာ ဖိုးဝဆို ဂျပန်သင်တန်းငါးလမှာ မြေသားကန်တွေ အထူးပြုလေ့လာခဲ့တယ်။ ကန်ရေကို အများဆုံးလေလွင့်စေတဲ့ ကန်ခြေကရေစိမ့်ထွက်မှု အတွက် ကန်ခြေတစ်ခုလုံးက မြေတစ်ပြင်လုံးကို ခြောက်ပေ အနက်တူးထုတ်မြေဖယောင်း သုံးပေဖြန့်ဖို့ကြိတ်၊ သူ့အပေါ်က မြေကောင်းတာသယ်ပြီး သုံးပေဖြန့်ဖို့ကြိတ်။ ဒီလို။ ကန်အခြေက ရေစိမ့်ထွက်တာ percolation ကင်းရော။ နောက်…ကန်ရေသန့်စင်နည်းအမျိုးမျိုး။ ကားနဲ့ရထားနဲ့ ခရီးသွားရင် ရွာထိပ်တွေမှာ ကန်တွေတွေ့မှာပေါ့။ အချို့ကရွှံ့ရေတွေ။ နီရဲလို့။ အချို့ကစိမ်းနေတယ်။ ကန်မမြင်ရဘူး။ မှော်တွေ။ ဆည်မြောင်းက အဲ့ဒီပြဿနာတွေကိုလည်း ရှင်းပေးတယ်။
“စိုက်ပျိုးရေ”
မြန်မာမှာ လက်ရှိစိုက်ဧက ၃၃ သန်း ရှိတယ်။ ထိုင်းက ဧက ၄၂ သန်းရှိတယ်။ စပါးအဓိကအပြင် သီးနှံအစုံစိုက်ကြတယ်။ မြန်မာ့စိုက်ဧကရဲ့၁၉ ရာခိုင်နှုန်းကို ရေသွင်းစိုက်ပျိုးနိုင်တယ်။ ထိုင်းက စိုက်ဧကရဲ့ ၂၈ ရာခိုင်နှုန်း စိုက်ဧက ၁၂ သန်းကို ဆည်ရေပေးဝေနိုင်တယ်။ ဆည်ရေမသောက်ရတဲ့ စပါးခင်းက အထွက်မကောင်းပါ။ အခြားသီးနှံ ထို့အတူ။ စိုက်ပျိုးရေးကဏ္ဍဟာ မြန်မာ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကို အလုပ်ပေးထားပြီး ထိုင်းလူဦးရေရဲ့ ၃၉ ရာခိုင်နှုန်းကို အလုပ်ပေးထားတယ်။ မြန်မာကလူဦးရေ ၅၅ သန်းရှိပြီး ထိုင်းက လူဦးရေ ၇၁ သန်းရှိတယ်။ ဒီနားကနိုင်ငံတွေမှာ ဗမာက ပျမ်းမျှစပါး တစ်ဟက်တာ ၂ ဒသမ ၄၇ ဧက စိုက်ရင် ဆန် ၂ ဒသမ ၇ မက်ထရစ်တန် (မက်ထရစ် တစ်တန် ကို ၂၂၀၅ ပေါင်) ထိုင်းက ၂ ဒသမ ၈ မက်ထရစ်တန်၊ ကမ္ဘောဒီးယားက ၃ ဒသမ ၅ မက်ထရစ်တန်၊ ဖိလစ်ပိုင်က ၄ ဒသမ ၂ မက်ထရစ်တန်ထွက်တယ်။ စိတ်ကူးနဲ့ ဆန်ပေါင်ထုပ်ကလေးတွေ ထုပ်ကြည့်ပါ။ (ကမ္ဘာမှာက ဟက်တာတွေ တန်တွေ သုံးနှုန်းတယ်။ )
ထိုင်းမှာက မြန်မာလို ဧကကွက် မရှိတော့ဘူး။ ဟက်တာကွက်တွေ ချည်းပဲ။ ၂၀၂၃ မှာ ထိုင်းက ဆန် မက်ထရစ်တန် ၂၂ သန်း ထုတ်လုပ်တယ်။ မက်ထရစ်တန် ၇ ဒသမ ၇ သန်းကို (အမေရိက၊ တောင်အာဖရိက၊ ဟောင်ကောင်ကိုတင်ပို့တယ်။) ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံရတယ်။ (တစ်ဘီလီယံဆိုတာ ဒေါ်လာသန်း ၁၀၀၀ ပါ။) မြန်မာက၂၀၂၃ မှာ ဆန်တန်ချိန် ၁၂ သန်းထွက်တယ်။ တန်ချိန် ၂ ဒသမ ၃ သန်း နိုင်ငံခြားကို တင်ပို့တယ်။ ဒေါ်လာ ၈၅၄ သန်းရတယ်။ အဲ့ဒီနှစ်မှာပဲ စပါးအပါအဝင် သီးနှံပေါင်းစုံ ကမ္ဘာကိုတင်ပို့တာကနေ ထိုင်းတွေ အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ (တစ်ဘီလီယံ ဒေါ်လာသန်းတစ်ထောင်) ရတယ်။ မြန်မာက အမေရိကန်ဒေါ်လာ ၄ ဘီလီယံလောက် စပါးအပါအဝင် ကောက်ပဲသီးနှံတင်ပို့တာကနေရတယ်။ မြန်မာနဲ့ထိုင်းမှာ ထိုင်းတွေဟာ မြန်မာထက် စိုက်ဧကပိုပြီး ရေရတဲ့ဧကလည်းပိုတယ်။ နှစ်စဉ်ကောက်ပဲသီးနှံတင်ပို့တဲ့ ငွေပမာဏမှာ ထိုင်းက မြန်မာထက်လေးဆနီးနီးသာနေတယ်။
ထိုင်းဟာ မြန်မာထက်ပိုကျဉ်းတယ်။ သူတို့ပြည်တွင်းဖူလုံတာအပြင် ထိုင်းတွေ နှစ်စဉ်စိုက်ပျိုးထုတ်ကုန်ကနေ မြန်မာထက်ပိုရနေတဲ့ (မြန်မာထက် ၁၁ ဘီလီယံပို) အမေရိကန်ဒေါ်လာ ဘီလီယံတွေဆိုတာ ဆေးရုံတွေ၊ လမ်းတွေ၊ ကျောင်းတွေ အများကြီးဆောက် လျှပ်စစ်တွေ အများကြီးထုတ်လို့ရတဲ့ ပမာဏပါ။ သူတို့ပိုမိုတင်ပို့နိုင်တဲ့ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းတစ်ထောင် ၁၁ ကြိမ်ကို မြန်မာငွေဖြစ်အောင် ကာလပေါက်ဈေးနဲ့မြှောက်ကြည့်ပါ။ မျက်လုံးပြူးသွားမယ်။ ဗီယက်နမ်က မနှစ်က ဒေါ်လာ ၆ ဘီလီယံဖိုးနီးပါး စိုက်ပျိုးသီးနှံထွက်ကုန်တင်ပို့တယ်။ မြန်မာ့အကျယ်အဝန်းရဲ့ တစ်ဝက်လောက်ပဲရှိတဲ့ ဗီယက်နမ်ဟာ မြန်မာထက်တော့ သာသေးတာပဲ။ မြန်မာက စိုက်ဧကတွေ ထပ်ဖော်ဖို့ ဆည်တွေထပ်ဆောက်ဖို့ လိုနေတယ်။ မဟုတ်ရင်ကိုယ့်မှာ မြေရေရှိလျက်နဲ့ အရှေ့တောင်အာရှမှာ အင်ဒိုပြီးရင် ဒုတိယမြေဧရိယာအကျယ်ဆုံး မြန်မာဟာ စိုက်ဧကဆည်အရေအတွက် ရေပေးနိုင်မှုရေသုံးနိုင်မှု တစ်ဧကအထွက်နဲ့စိုက်ပျိုးရေးကနေ ဝင်ငွေမှာပါ အာဆီယံညီအစ်ကိုတွေကြား အငယ်တွေအောက်ကဖြစ်နေမယ်။ အကျိုးဆက်အဖြစ် တောင်သူမျိုးဆက်သစ်တွေ ထိုင်း၊ မလေးရှားမှာ အလုပ်ကြမ်းသွားလုပ်နေကြရတာ ရပ်လို့ရမှာမဟုတ်ပါ။
ကန်ထရိုက်လယ်ယာ
၂၀၂၄ မှာ တရုတ်ဟာ အမေရိက ကနေ ပဲပိစပ်တန်ချိန် ၁၃၂၀၀၀ အမှာစာ ပို့ထားတယ်။ တစ်တန်ကို ထွက်တဲ့နေရာ တင် ၄၉၀ ဒေါ်လာနဲ့ စာချုပ်တယ်။ (တရုတ်နိုင်ငံကို သယ်ခတရုတ်တွေ ကျခံမယ်။) အမေရိကအိုင်အိုးဝါး ပြည်နယ်က တောင်သူတွေကစိုက်ပေးမယ်။ သူတို့ဆီမှာစိုက်ရင် ပဲပိစပ်တစ်တန် ထွက်ဖို့အပြီးအစီးဒေါ်လာ ၂၈၀ ကျမယ်။ စိုက်နိုင်တာမို့ တရုတ်ကုန်သည်တွေနဲ့ အမေရိကန် အိုင်အိုးဝါးက စိုက်ပေးမယ့်တောင်သူအသင်းစာချုပ်တယ်။
အမေရိကန် တောင်သူတွေက အလုပ်ရပြီဆိုတာနဲ့ စာချုပ်ပြပြီး အမေရိကန်ဘဏ်တစ်ခုခုကနေ စိုက်စရိတ် ချေးယူတယ်။ စိုက်လို့ထွက်ပြီ၊ အမေရိကကနေ သယ်သွားတဲ့ပဲပိစပ်တန်ချိန် ၁၃၂၀၀၀ တရုတ်ပြည်ဆိပ်ကမ်းတစ်ခုခုကို ရောက်ပြီဆိုတာနဲ့ တရုတ်ကုန်သည်တွေက စာချုပ်ထားတဲ့ငွေပမာဏကို အမေရိကန်ဘဏ် (အမေရိကန်လယ် သမားတွေ ငွေချေးထားတဲ့ဘဏ်) ကို လှမ်းလွှဲပေးမယ်။ ဘဏ်က သူချေးပေးထားတဲ့ငွေရင်း ဘဏ်ကြေးတောင်သူတွေရဲ့ ရေဖိုးစတာတွေနုတ်ပြီး အမေရိကန်တောင်သူတွေကို တစ်ယောက်ချင်းအထွက် တန်အလိုက် အမြတ်ခွဲပေးလိုက်မယ်။ (ရေဖိုးကို ဆည်ရေပေးတဲ့ ကုမ္ပဏီကိုပေးလိုက်မယ်။) ဒါက ကန်ထရိုက်လယ်ယာပဲ။ ဒါမျိုးလုပ်ဖို့ ဟက်တာကွက်တွေဖြစ်ရမယ်။ (ဒါမှ စက်မှုလယ်ယာလုပ်ဖို့အဆင်ပြေမယ်။ စက်တွေလှုပ်ရှားနိုင်မယ်။ အထွက်တိုးမယ်။ အချိန်နဲ့အချိန် ကုန်ထွက်ကုန် အပ်နိုင်မယ်။ )
ဆည်တွေလည်းရှိရမယ်။ ဒါမှ ရေသေချာမယ်။ ဘဏ်စနစ်ကောင်းရမယ်။ ကမ္ဘာထွက်ဈေးကွက်ရှာနိုင်ရမယ်။ ဒီလိုလုပ်ဖို့လည်း ဆည်တွေလိုတာပဲ။ မြန်မာ့ခုလက်ရှိအနေအထားက အစိတ်စိတ်အမြွှာမြွှာဧကကွက်တွေ၊ ဆည်မပြည့်စုံတာတွေ၊ ဘဏ်စနစ် မကောင်းတာတွေ၊ ဈေးကွက်မရှာနိုင်တာတွေနဲ့ အဲဒီစခန်းမရောက်ပါ။ ဒါ့ကြောင့်လည်း ကိုယ့်ထက် အရွယ်သေးတဲ့ ဘေးကထိုင်းရဲ့ လေးပုံတစ်ပုံလောက်ပဲ ကမ္ဘာကို ကောက်ပဲသီးနှံ တင်ပို့နိုင်တယ်။ တရုတ်က သမုဒ္ဒရာကြီးကျော်ပြီး အမေရိကကနေ ပဲပိစပ်မဝယ်တော့ဘူး။ မြန်မာကနေဝယ်မယ်။ မြန်မာတွေ စိုက်ပေးဆိုရင် မြန်မာတွေမလုပ်နိုင်ပါ။
လျှပ်စစ်
ထိုင်းတွေဟာ နှစ်စဉ်တစ်ပြည်လုံး လျှပ်စစ်မဂ္ဂါဝပ် ၃၄၄၄၀ သုံးရာမှာ လျှပ်စစ်ထုတ်တဲ့ဆည် ၂၆ ခုကနေ မဂ္ဂါဝပ် ၇၀၀၀ ထုတ်တယ်။ ကျန်တာကို သူတို့က သဘာဝဓာတ်ငွေ့တို့ ကျောက်မီးသွေးတို့ကနေထုတ်တယ်။ မြန်မာဟာ လက်ရှိနှစ်စဉ်လျှပ်စစ် ၃၁၈၉ မဂ္ဂါဝပ် သုံးနိုင်တယ်။ အဲ့ဒီလျှပ်စစ်ရဲ့ ၇၄ ရာခိုင်နှုန်းက ဆည်တွေကနေထုတ်တယ်။ တစ်ပြည်လုံးအမြဲလင်းဖို့အတွက် ၄၅၃၁ မဂ္ဂါဝပ်လိုတယ်။ အဲ့ဒီအတွက် မြန်မာမှာ ရေအားလျှပ်စစ်ထုတ်မယ့်ဆည်တွေ ဆက်ဆောက်နေကြတယ်။ (ထိုင်းဆည် ၂၆ လုံးကထုတ်တဲ့ လျှပ်စစ်ဟာ မြန်မာတစ်ပြည်လုံး မီးလင်းဖို့ လိုအပ်တာထက် မဂ္ဂါဝပ် ၂၅၀၀ လောက် ပိုနေသေးတာတွေ့ရမယ်။) ထိုင်းတွေ မဂ္ဂါဝပ်သုံးသောင်းခွဲလောက်သုံးတယ်ဆိုတာ စက်မှုကုန်ထုတ်လုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ ထွန်းကားလို့ပါ။ မြန်မာလည်း တိုးတက်လာရင် လိုလာမှာပေါ့။ လျှပ်စစ်မရှိရင်တော့ ဘာမှစလို့မရပါ။
လျှပ်စစ်မရှိ၊ ဟိုတယ်မပြည့်စုံရင် ကမ္ဘာလှည့်ခရီးသွားလည်းမလာပါ။ ပညာရှင်တွေ စူးစမ်းတိုင်းထွာထားချက်အရ မြန်မာ့မြစ်ချောင်းတွေကနေ ရေအားလျှပ်စစ်မဂ္ဂါဝပ် ၃၇၀၀၀ ထုတ်လို့ရမယ် ခန့်မှန်းကြတယ်။ အခုလက်ရှိ ထိုင်းတွေသုံးနေတဲ့ လျှပ်စစ်ပမာဏ သာသာပေါ့။ ဗီယက်နမ်မှာ ဆည် ၇၀၀၀ ရှိတယ်လို့ စာရင်းပေါက်တယ်။ ဆောက်ပြီး၊ ဆောက်ဆဲ လျှပ်စစ်ထုတ်တဲ့ဆည် ပေါင်း ၁၁၀၀ ရှိတယ်။ ၃၇၈ ခုက လည်ပတ်နေပြီဖြစ်ပြီး လျှပ်စစ် ၂၂၆၃၉ မဂ္ဂါဝပ်ထုတ်လုပ်နေပြီဖြစ်ပါတယ်။
ဆည်ဒုက္ခ
အပေါ်မှာ ဆည်တွေလိုအပ်ပုံအကျိုး ပြောခဲ့တယ်။ အချို့က ဆည်ကြောင့် သစ်တောပြုန်းတယ်၊ ရေကြီးတယ်ဒုက္ခတွေပြောကြတယ်။ မြန်မာ့ဆည် ၂၄၆ ခုရဲ့ရေဝပ်ဧရိယာဟာ မြန်မာပြည်အကျယ်ရဲ့ လွန်ရောကျွံရော ၁ ရာခိုင် နှုန်းပဲရှိတယ်။ မြန်မာပြည်အကျယ်က စတုရန်းမိုင် ၂၆၁၂၂၈ ရှိတယ်။ ဆည် တစ်ခုစီရဲ့ ရေဝပ်ဧရိယာက ၁၀ မိုင် ပတ်လည်ပဲထားပါ (တကယ်က အဲဒီလောက်မရှိပါ)။ ဆည် ရေဝပ်ဧရိယာက မြန်မာပြည်အကျယ်အဝန်းရဲ့ တစ်ရာပုံ တစ်ပုံနီးနီးပဲရှိတယ်။ မိုင်တစ်ရာ ပတ်လည်ရှိတိုင်း ဆည်ရေဝပ်ဧရိယာတစ်မိုင်ပတ်လည်နှုန်းပဲထားပါ။ ပမာဏ အမှုန်အမွှားလေးပါ။ ဆည်ဆောက်လို့ တောပြုန်းတယ်ဆိုကြတယ်။ ရေဝပ်ဧရိယာဟာ မြန်မာ့အကျယ်အဝန်းရဲ့ တစ်ရာပုံတစ်ပုံပဲရှိတယ်။ အချက်အလက်တွေအရ မူလမြန်မာပြည် တောဖုံးဧရိယာ ၁၉၅၀ ပြည့်နှစ်မှာဟာ မြန်မာနိုင်ငံ အကျယ်အဝန်းရဲ့ ၇၀ ရာခိုင်နှုန်း (မလေးရှားနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံပေါင်း အကျယ်လောက်) ရှိခဲ့ပြီး ၂၀၁၄ မှာ မြန်မာပြည်အကျယ်အဝန်းရဲ့ ၄၈ ရာခိုင်နှုန်းပဲ တောဖုံးဧရိယာ ကျန်တော့တာ ဖြစ်ပါတယ်။
မြန်မာ့ဧရိယာအကျယ်ရဲ့ တစ်ရာပုံတစ်ပုံပဲ ဆည်ရေဝပ်ဧရိယာရှိတာ ဂရုပြုကြပါ။ ဆည်ဆိုတာ ရေတားရေထိန်းရေလှောင်ပေးတာဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့အညီ အသစ်ဆောက်မယ့်ဆည်တွေရဲ့ဒီဇိုင်း၊ ဆည်ရေထိန်းပုံ ရေလွှတ်ပုံရေလျော့ပုံတွေကို စဉ်းစားပုံအသစ်တွေ လုပ်ကြရမှာတော့မှန်ပါတယ်။
သိသလောက် လေ့လာဖတ်မှတ် မိသလောက်ထဲက လူတွေမြင်သာအောင် ထုတ်နုတ်တင်ပြပြီးပြီ။ ကျန်တာဖြည့်စွက်ဆွေးနွေး သုံးသပ်ဆုံးဖြတ်ကြဖို့ပါပဲ။
ကိုးကား – online websites.