ylliX - Online Advertising Network
ကန့်ဘလူတွင် ခရီးသည်များ ဗုံးကြဲခံရ၊ သေဆုံးသူများထဲတွင် ရဟန်းတစ်ပါး ပါဝင် - Myanmar Now

ကန့်ဘလူတွင် ခရီးသည်များ ဗုံးကြဲခံရ၊ သေဆုံးသူများထဲတွင် ရဟန်းတစ်ပါး ပါဝင် – Myanmar Now


ယနေ့(နိုဝင်ဘာ ၁၈)နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကျီကျင်းရွာအနီး ခရီးသည်တင်ယာဉ်တန်း  ဒရုန်းဖြင့်‌ဗုံးကြဲချတိုက်ခိုက်ခံရသဖြင့်  ခရီးသည်လေးဦးထက်မနည်း သေဆုံး၊ ရှစ်ဦးခန့်ဒဏ်ရာရခဲ့သည်၊ စစ်ကောင်စီတပ်၏ လက်ချက်ဖြစ်နိုင်သည်ဟု ဒေသတွင်းလက်နက်ကိုင်အဖွဲ့များက ပြောသည်။

ကန့်ဘလူတောင်ပိုင်း၊ ရွှေဘို – မြစ်ကြီးနားလမ်းပေါ် တိုက်ခိုက်မှုအတွင်း သေဆုံးသူများထဲတွင် ရဟန်းတစ်ပါး ပါဝင်သလို ဒဏ်ရာရသူများအနက် နှစ်ဦးမှာစိုးရိမ်ရကြောင်း၊ ခရီးသည်တင်ယာဉ်နှစ်စီး  ထိမှန်ခဲ့ပြီး ငွေတိုးမန်းယာဉ်လိုင်းမှ မော်တော်ယာဉ် ဆိုးဆိုးရွားရွား ပျက်စီးသည်အထိ တိုက်ခိုက်နမှု ပြင်းထန်ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းအရင်းအမြစ်က ဆိုသည်။ 

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ရာလမ်းဖြစ်သည့် ရွှေဘို – မြစ်ကြီးနား လမ်းပိုင်းသည် ဆက်သွယ်ရေးအရ အချက်အချာကျပြီး ကန့်ဘလူမြို့နယ်အတွင်း ဖြတ်သန်းသွားသည့် ထိုလမ်းပိုင်း အချို့နေရာများတွင် တော်လှန်ရေးအင်အားစုက နယ်မြေစိုးမိုးထားသည်။

ထိုတိုက်ခိုက်မှုသည် ကျီကျင်းရွာ အနောက်မြောက်ဘက် ခြောက်မိုင်ခန့်အကွာ ဇီးကုန်းမြို့ သကြားစက်အနီး ထန်းတပင်ရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြစ်နိုင်ကြောင်း တော်လှန်ရေးအင်အားစုက ဆိုသည်။ 

 ပန်ကာခြောက်လက် တပ်ဆင်ထားသည့် ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု မြို့နယ် ပကဖ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“ခြောက်လက်ဒရုန်းတွေ ဖြစ်တယ်။ အမျိုးအစားအားဖြင့်လည်း ကြီးမားတဲ့ အနေထားမှာရှိတယ်။ ပျံသန်းတဲ့ အနေထားကလည်း ခြောက်မိုင်၊ ခုနှစ်မိုင်လောက်ထိ ပျံသန်းတဲ့အနေအထားရှိတယ်”ဟု ၎င်းက ပြောသည်။ 

ပထမအကြိမ် ဗုံးသီးချတိုက်ခိုက်မှုအတွင်း ထိခိုက်သူ များပြားခဲ့သော်လည်း နာရီဝက်ခန့် အကြာ ထပ်မံတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူမရှိကြောင်း အထက်ပါ ပကဖ အဖွဲ့ဝင်က ဆိုသည်။

စစ်တပ်က စစ်မှုထမ်း ဥပဒေအရ စုဆောင်းထားသည့် စစ်မှုထမ်းသင်တန်းသားများကို ဒရုန်းသင်တန်းပေးနေစဉ် (ဓာတ်ပုံ –   ဝါဒဖြန့်တယ်လီဂရန်ချန်နယ်)

ကန့်ဘလူတွင် စစ်ကောင်စီလက်နက်ကိုင်တို့၏ တိုက်ခိုက်မှုကြောင့် သေဆုံး၊ ထိခိုက်မှု များပြားသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်တပ်ထံမှ တုံ့ပြန်ချက် ရယူ ဖော်ပြနိုင်ခြင်း မရှိသေးသလို စစ်တပ်၏ ထုတ်ပြန်ချက်များတွင်လည်း ယနေ့ ကန့်ဘလူတိုက်ခိုက်မှုသတင်း မပါဝင်သေးပေ။

နိုဝင်ဘာလ ၁၄ ရက်နေ့ ရက်စွဲတပ် စစ်တပ် ထုတ်ပြန်ချက်တစ်ခုတွင်မူ ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတို့က နေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့သည်ဟူသော သတင်းဖော်ပြချက်များမှာ  သတင်းအမှားသာ ဖြစ်ကြောင်း ရေးသားထားသည်။

စစ်တပ်သည်  ဒေသခံပြည်သူများနှင့်ပူးပေါင်း၍  “ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမှတ် ၆၀၀၆တင့်ကားတပ်ရင်း အခြေစိုက်ရာ ကန့်ဘလူမြို့နယ်သည် တော်လှန်ရေးအင်အားစု နယ်မြေစိုးမိုးမှု အားကောင်းသလို စစ်တပ် ဘက်တော်သား ဘုန်းကြီး ဦးဝါသဝ လက်အောက်ခံ ပျူစောထီး ခေါ် ပြည်သူစစ်များလည်း အခိုင်အမာ ခြေကုပ်ယူတပ်စွဲထားပြီး စစ်ကိုင်းတိုင်းအတွင်း ပျူစောထီးအား အကောင်းဆုံး နေရာတစ်ခုလည်း ဖြစ်သည်။

ကန့်ဘလူမြို့နယ်အတွင်း ယခုနှစ်ဆန်းပိုင်းမှစတင်ကာ စစ်တပ်က ဒရုန်းသုံးပြီး တိုက်ခိုက်မှုပိုမိုကျယ် ပြန့်လာပြီး အရပ်သား ထိခိုက်သေဆုံးမှုများပြားလာကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုထံက သိရသည်။ 



အောက်တိုဘာလလယ်က ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုကြောင့် အသက် လေးနှစ်အရွယ် မသိမ့်သိမ့်ဖြူ၊ အသက် ၁၀ နှစ်အရွယ် မငြိမ်းအိစံနှင့် မိခင်ဖြစ်သူ အသက် ၃၀ အရွယ် မဖြူဝင်းတို့သေဆုံးခဲ့သည်။ 

စက်တင်ဘာလကုန်ပိုင်းကလည်း မှန်နီပင်ရွာကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုကြောင့်  ငါးနှစ် သမီး အပါအဝင် အမျိုးသမီး‌လေးဦးသေဆုံးခဲ့သည်။

စစ်ခေါင်းဆောင်၏ ပထမအကြိမ် တရုတ်ခရီးစဉ်တွင် ဒရုန်းစက်ရုံများကို သွားရောက်ကြည့်ရှုစဉ် (ဓာတ်ပုံ –   MOI)

ဒရုန်းအသုံးပြုမှုကျယ်ပြန့်လာသည့် ကန့်ဘလူမြို့နယ်အတွင်း ဒေသခံများမှာ ဒရုန်းရန် ကာကွယ်ရေး အတွက် တော်လှန်ရေးအင်အားစုများ ဖြန့်ဝေသည့် သတင်းအချက်အလက်ကို နားစွင့်ခြင်းနှင့် ပုန်းခို ကျင်း ကြိုတင်တူးခြင်းသာ ပြုလုပ်နိုင်ကြောင်း မြို့နယ် ပကဖ အဖွဲ့ဝင် နောက်တစ်ဦးကပြောသည်။

“သူတို့ဒရုန်းတပ်ခွဲအလိုက် လိုက်ချတဲ့သဘောမျိုးပေါ့။ ကားတွေနဲ့ဟိုနားချလိုက်၊ ဒီနားချလိုက်။ သူတို့ ရောက်ပြီဆိုရင် အဲ့ဒီနား ပတ်ချာလည်ရွာတွေကတော့ အကုန်ထပြေးရတာပဲ။ ပတ်ချာလည်က ဒရုန်းမီနိုင်တဲ့ နေရာတွေက အကုန်ပြေးရတယ်။ ပုန်းခိုကျင်းမတူးမနေရ စီမံချက်ချပြီးလုပ်နေရတယ်” ဟု မြို့နယ် ပကဖ တာဝန်ရှိသူ တစ်ဦးကပြောသည်။ 

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်တိုက်ခိုက်နေရသည့် စစ်တပ်သည်‌ လေကြောင်းကို တိုက်ခိုက်ရေး၊ သယ်ယူ ပို့ ဆောင်ရေးတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသည့်အပြင် ယခုနှစ်ဆန်းပိုင်းမှ စပြီး ဒရုန်းများကိုလည်း တွင်တွင်ကျယ်ကျယ် သုံးစွဲလာသည်။ 

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတွင် ဒရုန်းကြောင့် စစ်တပ် ဘက်မှအထိနာခဲ့ပြီးနောက် ၎င်း၏ အားနည်းချက်ကို ပြင်ဆင်ရန် စစ်တပ်က ကြိုးပမ်းလာသည်။ 

ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံများမှ ဒရုန်း ဗုံးသီးများ အကြီးအကျယ်ထုတ်လုပ်နေသလို  အဓမ္မ စုဆောင်းထားသည့် စစ်သားသစ်များ ဒရုန်းအသုံးပြုနည်း သင်ကြားနေ သည်ကို ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များက ခပ်စိတ်စိတ် ထုတ်ပြန်လာသည်။ 

ယခုလဆန်းပိုင်းက အာဏာသိမ်းစစ်ခေါင်းဆောင်၏ ပထမဆုံးအကြိမ် တရုတ်ပြည်ခရီးစဉ်တွင်လည်း  ဒရုန်းထုတ်လုပ်သည့် စက်ရုံများကို သွားရောက်ကြည့်ရှုခဲ့သည်။ 

ဧရာဝတီမြစ်နှင့် မူးမြစ်ကြားရှိ ကန့်ဘလူမြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် တန့်ဆည်၊ ရေဦး၊ တို့တွင်လည်း စစ်တပ်က ယခုရက်ပိုင်းအတွင်း တကျော့ပြန်စစ်ကြောင်းထိုးပြီး ဆက်တိုက်မီးရှို့နေသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *