နိုဝင်ဘာ ၁၅၊ တန်ဆောင်မုန်းလပြည့်နေ့ညပိုင်းက လမ်းပေါ်ထွက်မိသည့် နေပြည်တော်ဒေသခံ လူငယ်အချို့ နောက်ပိုင်းတွင် ဖမ်းဆီးခံရပြီး စစ်သားသစ်အဖြစ် စုဆောင်းခံနေရသည်ဟု ထိုလူငယ်တို့၏မိသားစုများနှင့် နီးစပ်သူတို့က ပြောသည်။
တန်ဆောင်မုန်း လပြည့်ညက ပံ့သကူပစ်ထားသည်များကို ကောက်ယူရန်၊ သူခိုးကြီးညအဖြစ် နောက်ပြောင် ပြုမူရန် အပြင်ထွက်ကြရာမှ အဖမ်းခံရခြင်း ဖြစ်သည်ဟု သိရသည်။
နေပြည်တော် ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေးအနီး သူဌေးကုန်းရွာနေ လူငယ် ၅ ဦးမှာ နေအိမ်တစ်အိမ်မှ ကြက်နှင့် အစားသောက်အချို့ကို ယူဆောင်သွားပုံကို အိမ်ရှင်က လုံခြုံရေးကင်မရာမှတစ်ဆင့် တွေ့ရှိတိုင်ကြားရာမှ အဖမ်းခံရသည်ဟု ဖမ်းဆီးခံမိသားစုဝင်များနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
“နောက်မလုပ်အောင် သတိပေးဆုံးမပေးပါဆိုပြီး အုပ်ချုပ်ရေးမှူးကို သွားတိုင်တာ၊ နောက်နေ့ကျတော့ စစ်ကားတွေနဲ့လာဖမ်းပြီး တပ်ထဲပို့လိုက်တယ်” ဟု သူက ပြောသည်။
အသက် ၂၀မှ ၂၅နှစ်အရွယ် အဆိုပါအမျိုးသားများကို ပုဗ္ဗသီရိမြို့နယ် နေပြည်တော်တိုင်းစစ်ဌာနချုပ်အနီး ရွာပါရွာတော်ရွာရှိ စစ်သားစုဆောင်းရေးသို့ ပို့ဆောင်ထားပြီး ပြစ်ဒဏ်အဖြစ် စစ်မှုထမ်းခိုင်းမည်ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က အသိပေးထားကြောင်း ၎င်းက ဆက်ပြောသည်။
အလားတူ ဇဗ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်းမကြီးပေါ်တွင်
ကားတစ်စီးကို ပံ့သကူပစ်ရန် တောင်းဆိုသည့် လူငယ်နှစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း ယင်းဖြစ်စဉ်ကို မြင်တွေ့ခဲ့သူက ဆိုသည်။
“အိမ်စီးကားပဲ၊ အဲဒါကို ရပ်ခိုင်းပြီး ပံ့သကူပစ်ခိုင်းတာ၊ ဖြစ်ချင်တော့ အဲကားပေါ်မှာ ပါလာတဲ့သူတွေက ရဲတွေဖြစ်နေတာ၊ လူငယ်တွေကလည်း မူးနေတော့ ‘လာ’ ဆိုပြီး လက်ထိပ်ခတ်ခေါ်သွားတာပဲ” ဟု မြင်တွေ့ခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။
မိသားစုက ထိုလူငယ်နှင့် အဆက်သွယ်မရရှိသေးဟု သိရသည်။
ထိုသို့ဖမ်းဆီးခံရသူများ စစ်တပ်ထဲသို့ ဝင်မည်ဟု သဘောတူပါက အမှုမဖွင့်၊ ထောင်မချဘဲ စစ်သားစုဆောင်းရေးတပ်သို့ ရောက်ရှိလာတတ်သည်ဟုလည်း အသက် ၆၀ကျော်အရွယ် စစ်မှုထမ်းဟောင်းတစ်ဦးက ဆိုသည်။
စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းပြီးနောက် လူငယ်များသည် ပြည်ပသို့ သွားရောက်ခြင်း၊တော်လှန်ရေးတပ်ဖွဲ့များနှင့် လွတ်မြောက်နယ်မြေများသို့ ထွက်ပြေးခြင်း နည်းအမျိုးမျိုးဖြင့် တိမ်းရှောင်နေကြရသည်။
စစ်ခေါင်းဆောင် အတည်ပြုထားသည့် စစ်မှုထမ်းဥပဒေတွင် အရပ်သားများအတွက် စစ်မှုထမ်းကာလသည် အများဆုံးနှစ်နှစ်ဖြစ်သည်။ အရေးပေါ်အခြေနေဟု သတ်မှတ်ပါက အမြင့်ဆုံး ငါးနှစ်အထိ တိုးနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
စစ်မှုထမ်းရန် အသက် ၁၈နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ အကျုံးဝင်ပြီး ငြင်းဆိုပါက ထောင်ဒဏ် ၃ နှစ်အထိ ချနိုင်သည်ဟု အာဏာရှင်ဟောင်း ဦးသန်းရွှေ ရေးဆွဲ အတည်ပြုထားသည့် ထိုဥပဒေက ဆိုသည်။
ထိုဥပဒေအရ စစ်သင်တန်းများ ဆက်တိုက် ပြုလုပ်နေရာ လတ်တလောတွင် စစ်မှုထမ်းအပတ်စဉ် ၇ သင်တန်းပေးရန် စစ်ကောင်စီက ပြင်ဆင်နေသည်။ သင်တန်းအပတ်စဉ်တစ်ခုလျှင် သင်တန်းသားဦးရေ ၅,၀၀၀စုဆောင်းရန် စစ်ကောင်စီ၏ စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ညွှန်ကြားထားပြီး ထိုအရေအတွက် ရရန် လက်အောက်ခံ စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့အသီးသီးကို ဖိအားပေးထားသည်။ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက လူသစ်စုဆောင်းရန် အောက်ခြေအဆင့်တွင် ကြိုးစားပေးရသူများ ဖြစ်နေသည်။
လိုအပ်သည့် အရေအတွက် မရရှိသည့် စစ်တပ်သည် ရပ်ကွက်ကျေးရွာအတွင်း ဧည့်စာရင်း အကြောင်းပြ ဝင်ရောက်ဖမ်းဆီးခြင်း၊ လမ်းတွင် တွေ့သူများကို ဖမ်းဆီးခြင်းစသည့် နည်းလမ်းများဖြင့် လူသစ်စုလာနေသည်ကို တွေ့ရသည်။
ထိုသို့ဖမ်းဆီးခြင်းများကို သတင်းဌာနများက ထုတ်ဖော်ရေးသားကြပြီး စစ်တပ်ထောက်ခံသူ ပျူစောတီးပေါက်ကိုယ်တော်ကိုယ်တိုင်ဝန်ခံထားသော်လည်း စစ်တပ်က အမြဲတစေငြင်းဆိုလေ့ရှိသည်။