စမတ်ဖုန်းထဲမှ တုန်ခါမှုကို အသုံးပြုပြီး နွားနို့ ချဉ်နေပြီလား၊ ကောင်းသေးလားဆိုတာကို အဖုံးမဖွင့်ဘဲ စစ်ဆေးနိုင်မယ့် နည်းလမ်းသစ်တစ်မျိုးကို သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်တက္ကသိုလ် သိပ္ပံပညာရှင်တွေက တီထွင်ခဲ့ကြပါတယ်။ နယူးဆောက်ဝေးလ်ပြည်နယ် ကွန်ပျူတာသိပ္ပံနဲ့ အင်ဂျင်နီယာဌာနမှ သုတေသီတွေဟာ ဖုန်းတိုင်းမှာ ပါဝင်တဲ့ တုန်ခါစေသော မော်တာနဲ့ အင်နားရှားတိုင်းတာမှုယူနစ်(IMU) တို့ကို အသုံးပြုပြီး VibMilk ဆိုတဲ့ စမတ်ဖုန်းဆင်ဆာကို တီထွင်ခဲ့တာပါ။ အဖုံးဖွင့်စရာမလိုဘဲ နွားနို့ လတ်ဆတ်မှု ရှိ၊ မရှိ စစ်ဆေးနိုင်မယ့် အဲဒီနည်းလမ်းသစ်ကြောင့် (လက်ရှိကာလ နို့ထွက်ပစ္စည်း ၂၀ ရာခိုင်နှုန်းအထိ လေလွင့်ဆုံးရှုံးရမှုကို) လျှော့ချပေးနိုင်လိမ့်မယ်လို့ ယူဆထားကြပါတယ်။

” နွားနို့ဘူးကို ဖွင့်လိုက်ရင်တော့ အနံ့၊ အရသာ သိနိုင်တာပေါ့။ ဒါပေမဲ့ အဲ့လိုဆို ဘက်တီးရီးယားတွေနဲ့ ထိတွေ့မှုဖြစ်ပြီး ချဉ်လွယ်၊ သိုးလွယ်တယ်။ VibMilk ကတော့ ဘူးဖွင့်စရာမလိုဘူး။ တံဆိပ်ခွာစရာမလိုဘဲ နွားနို့ လတ်၊ မလတ် သိနိုင်ပါတယ်” လို့ ပါမောက္ခဝမ်ဟူက ဆိုပါတယ်။ VibMilk ဟာ ဘူးဖွင့်စရာမလိုဘဲ နွားနို့ လတ်၊ မလတ် စစ်ဆေးနိုင်မယ့် ကမ္ဘာ့ပထမဆုံး နည်းလမ်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ယခင် ထွက်ပေါ်ခဲ့တဲ့နည်းလမ်းတွေဟာ ကုန်ကျစရိတ် ကြီးသလို အသုံးပြုဖို့လည်း မလွယ်ဘူး။ ဘူးခွံ အကြည်တွေသုံးမှပဲ အဆင်ပြေတာပါ။

သိပ္ပံပညာရှင်တွေဟာ နွားနို့ ဘာကြောင့် အချဉ်ဖောက်ရသလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာပြီးနောက်မှာ ဒီနည်းလမ်းကို တီထွင်ခဲ့တာပါ။ ဘက်တီးရီးယားတွေ ပိုများလာရင် လက်တစ်အက်ဆစ် ပိုများလာပြီး ဂလူးကို့စ်ပမာဏ ကျဆင်းလာစေတာပါ။ နွားနို့ ချဉ်သွားတာအခါ သိပ်သည်းမှု၊ မျက်နှာပြင်တင်းအား၊ စေးပျစ်မှု ပြောင်းသွားပြီး တုန်ခါမှုဒဏ်ကို တန်ပြန်ရာမှာလည်း ပုံစံမမှန်တော့ပါဘူး။ VibMilk ဟာ စမတ်ဖုန်းရဲ့မော်တာက ထုတ်လုပ်တဲ့ တုန်ခါမှုအပေါ် နွားနို့က ဘယ်လိုတုံ့ပြန်သလဲဆိုတာကို မှတ်ဉာဏ်တုအယ်ဂိုရစ်သမ်နဲ့ ခွဲခြမ်းစိတ်ဖြာမှုလုပ်ပြီး pH level ၂၃ မျိုးကို ခွဲခြားဖော်ထုတ်တာ ဖြစ်ပါတယ်။ VibMilk ဟာ နွားနို့ရဲ့ pH level ကို ၉၈.၃၅ ရာခိုင်နှုန်းအထိ မှန်ကန်စွာ ခွဲခြားနိုင်ပြီး နွားနို့ လတ်ဆတ်မှု ရှိ၊ မရှိဆိုတာကို ရာနှုန်းပြည့် မှန်ကန်အောင် ပိုင်းခြားနိုင်တယ်လို့ ဆိုပါတယ်။

Ref: Researchers Develop Way to Detect Spoiled Milk with a Smartphone
NZ ( ရိုးရာလေး)


Post Views: 83